ရာမညဟု ခေါ်သည်

သူငယ်ချင်းများနှင့် နှုတ်ဆက်လမ်းခွဲလိုက်ပြီးတဲ့နောက် ကျွန်တော်တို့ သယ်ရင်းနှစ်ယောက်ပဲ ကျန်ပါတော့တယ်။ သူတို့အားလုံးက ရန်ကုန်ကို ပြန်ကြမှာမို့ ကားနဲ့ဆင်းသွားကြပေမယ့် ကျွန်တော်တို့နှစ်ယောက်ကတော့ ခြေလျင်နဲ့ဆင်းမယ်လို့ ရည်ရွယ်ထားတာနဲ့ အထုပ်အပိုးတွေကို သေချာလွယ်၊ တောင်ဝှေးတစ်ချောင်းစီ အားပြုလို့ ခြေလျင်တောင်ဆင်းလမ်းကတဆင့် ဆင်းခဲ့ပါတော့တယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ဟာ ကျိုက်ထီးရိုးတောင်အဆင်း၊ မွန်ပြည်နယ် ရာမညတိုင်းဒေသကို အလည်အပတ်စတင်မယ့် ကျွန်တော့်ရဲ့ခရီးစဉ် စတင်သောနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။


Hiking မှန်သမျှထဲမှာ ကျိုက်ထီးရိုးကို အနှစ်သက်ဆုံးပါ။ ဘယ်လောက်ပဲ တက်ရပင်ပန်းပန်း၊ ထပ်တလဲလဲ သွားချင်စိတ် အမြဲဖြစ်ပေါ်နေတတ်ပါတယ်။ အခုလည်း အတက်တော့ ဘယ်လိုနေတယ်မသိပေမယ့် အဆင်းတောင် လျှာထွက်မတတ်ပင်ပန်းလှပါတယ်။ ဟိုနားတထောက်နား၊ ဒီနားရေတမုတ်သောက်နဲ့ ခရီးဆက်လာရင်း တောတွင်းသားတွေကို မမြင်ချင်အဆုံး ရောင်းချနေတဲ့ ဆိုင်တွေကိုလည်း ဖြတ်သန်းလာခဲ့ရပါတယ်။ ကျောင်းနေအရွယ် ကလေးတွေ ဖုန်အလူးလူး၊ နှပ်ချေးတွဲလန်းလေးတွေနဲ့ ဆော့ကစားနေတာကို မြင်ရပြန်တော့ မမြင်ချင်ယောင်ဆောင်ရင်း ခရီးဆက်လာရပြန်ပါတယ်။ ကျောင်းစိမ်းဝတ်စုံမ၀တ်ပဲ လွယ်အိတ်ကလေးလွယ်လို့ သွားနေတဲ့ ကလေးတွေကိုကျ စိတ်ဝင်တစားမေးမြန်းမိပြန်ပါတယ်။ သူငယ်တန်းကနေ ဆယ်တန်းအထိသာ သိတဲ့ကိုယ်၊ ငါးစောင်တွဲ၊ ဆယ်စောင်တွဲဆိုတဲ့ ဘုန်းတော်ကြီးသင် အတန်းတွေကို သိရပြန်တော့ တအံတသြဖြစ်ရပြန်တယ်။ ပါဠိတွေကို ကောင်းကောင်းရွတ်နိုင်သလို အင်္ဂလိပ်စာ မီးနင်းတချို့ကိုလည်း ရွတ်ပြပြန်နိုင်တော့ `အင်း.. မစိုးဘူး` ဟုနှလုံးပြုမိပြန်ပါတယ်။ အဆင်းလမ်းမတလျှောက်မှာ လမ်းပေါ်က ကလေးတသိုက်ကို ကြည့်ရင်း ဒီကလေးတွေရဲ့ အနာဂတ်အတွက် ပညာရေးကို ဘယ်လိုများ ထောက်ပံ့ပေးရင် ကောင်းမလဲလို့ အတွေးတွေပိုနေခဲ့မိပေမယ့် ကင်ပွန်းစခန်းရောက်တဲ့အထိ ကျွန်တော်အဖြေမရခဲ့ပါဘူး။

ကင်ပွန်းစခန်းရောက်တော့ နေကလည်း မွန်းတည့်ပြီ၊ လူကလည်း ညောင်းလှပြီ။ ဒီလိုနဲ့ ထမင်းဆိုင်တစ်ဆိုင်ဝင်၊ ၀တ်ထားတဲ့အ၀တ်ကို လက်နဲ့ခါချလိုက်တော့ ထွက်လာတဲ့ ဖုန်က တထောင်းထောင်း၊ မျက်နှာသစ်၊ ခြေဆေးလိုက်မိတော့ နည်းနည်းတော့ လန်းဆန်းသွားပါတယ်။ ဖုန်တွေထူနေတဲ့ ဆံပင်ဖြူဖြူနဲ့ လူလည်း မျောက်အိုတစ်ကောင်လို ဖြစ်နေပေမယ့် အခုတော့ ဒါတွေ ဂရုမစိုက်အားသေးပါဘူး။ သူငယ်ချင်းနှစ်ယောက် ထမင်းဟင်းမှာ၊ သုံးရက်တာလုံး ဆက်တိုက်စားခဲ့ရတဲ့ အသားဟင်းတွေကို ကြိတ်မှိတ်စားရင်းနဲ့ ခရီးဆက်ဖို့ ပြင်ရပြန်ပါတယ်။ ဆိုင်ကထွက်လာတော့ လက်ဆောင်အနေနဲ့ `မိုးမိုးကတွတ်ယို` မှာ ယိုတွေဝယ်။ ပြီးတော့ ကျိုက္ခမှီကိုသွားဖို့ ကားစုံစမ်း..။ ကျိုက္ခမှီမသွားခင် ကျိုက်ထိုကိုလည်း ၀င်ရဦးမှာမို့ ကားချိန်နဲ့ အဆင်မပြေ..။ ကိုင်း.. ဒါဖြင့် ကျိုက်ထိုကို အရင်သွားပြီး ဟိုရောက်မှ မီးစင်ကြည့်ကမယ်လို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ နှစ်ယောက်သား ဆိုင်ကယ်တက်စီ တစ်စီးစီနဲ့ ကျိုက်ထိုမြို့ကို လှိမ့်လာခဲ့ပါတယ်။

ဟိုးငယ်ငယ်ကတော့ ခရီးထွက်ခါနီးဆို အားလုံးအဆင်သင့်ပြင်ဆင်ပြီးမှ သွားတတ်တယ်။ ကားလက်မှတ်ဆိုလည်း ကြိုတင်ဝယ်၊ ထိုင်ခုံဆို ရှေ့နားက နေရာကောင်းရမှ။ ဖြစ်သလိုလည်း မသွားချင်။ ခရီးသွားခါနီးလည်း ကျကျနန၀တ်စားမှ သွားချင်ခဲ့တာ။ အခု နိုင်ငံခြားသား သူငယ်ချင်းတွေနဲ့ ပေါင်းလာတဲ့အခါမှာ သူတို့တွေ ဘယ်လောက်ချမ်းသာပါစေ ခရီးသွားတဲ့အခါ အလွန်ခြွေတာတတ်တာကို သိလာရပါတယ်။ လေယာဉ်ဆို ဈေးအသက်သာဆုံးလိုင်းမှ..။ သွားမယ့် နေရာများရင် Budget Airline နဲ့ပဲသွားတတ်ကြပြန်တယ်။ တည်းမယ်ဆို ဟိုတယ်မဟုတ်၊ တခါတလေ တည်းခိုခန်းသာသာ၊ အဲကွန်းမရှိဘာမရှိတဲ့ အခန်းတွေမှာပဲ ရွေးတည်းတတ်ပြန်တယ်။ မြန်မာပြည်ကို အလည်သွားတဲ့ သူငယ်ချင်းတွေ သူတို့တည်းလာတဲ့ ဟိုတယ်တွေ ရွတ်ပြရင် ကျွန်တော်တစ်ခါမှ မကြားဖူးတဲ့နာမည်တွေချည်းပဲ။ ဆိုတော့ကာ.. သူတို့တွေကို ကြည့်ရင်းနဲ့ ခရီးထွက်တာ ၀ါသနာပါရင် ဒေါင်ကျကျပြားကျကျ သွားတတ်ဖို့ လိုတယ်ဆိုတာ သတိပြုမိလာတယ်။ ပြီးတော့ ငွေကိုလည်း အစွမ်းကုန်ခြွေတာ၊ ရောက်နိုင်သမျှ ရောက်အောင်သွား၊ လည်တဲ့အခါမှာလည်း ရောက်ရင်ပြီးရော ဆိုတာထက် အသေးစိတ်လေ့လာမှတ်တမ်းတင် စတဲ့ အကျင့်စရိုက်တွေ အတုယူနိုင်ခဲ့ပါတယ်။

ဒီတော့အခုလည်း ကျိုက်ထီးရိုးအဆင်း မွန်ပြည်နယ်ကို လည်မယ်လို့သာ တေးလာပေမယ့် ဘာတစ်ခုမှ မစီစဉ်ခဲ့ပါဘူး။ ဘယ်နေရာမှာ ဘာမြို့ရှိလဲဆိုတာလည်း သေချာမလေ့လာခဲ့ပါဘူး။ ဘယ်ကားတွေ ရောက်သလဲလည်း မသိဘူး..။ သွားမယ့်မြို့တွေမှာ မိတ်ဆွေတွေရှိနေတာမို့လည်း ပါမယ်ထင်ပါတယ်။ အခုလည်း ကင်ပွန်းစခန်းကနေ ကျိုက်ထိုမြို့အထိ ဆိုင်ကယ်လေးနဲ့ လေတဖြူးဖြူး၊ လမ်းမတလျှောက် ရှုမျှော်ခင်းတွေငေးရင်း ပျော်ရွှင်မိပေမယ့် နေကပူ၊ လေကတိုက်၊ အသားတွေလည်း မည်း.. ဘ၀ဟာ အတော်ကို ဖြစ်သလိုနိုင်ပါလားလို့ တွေးမိရင်း ပြုံးမိပြန်တယ်။ သြော် အခုနေ ဆိုင်ကယ်ကယ်ရီစီးရင်း ဓါးပြတိုက်ခံရရင် ဘယ်လိုနေမလဲလို့ ရောင်ရမ်းတွေးမိပြန်သေးတယ်။ ဒီလိုနဲ့ ကျိုက်ထိုမြို့တွင်းက ဖက္ကလိပ်ရပ်ကွက်ကို ရောက်လာခဲ့ပါတယ်။

မိတ်ဆွေအိမ်ကို ဟိုနားဒီနားမေးလိုက်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့ပါတယ်။ အဲဒါကတော့ မောင်မျိုးရဲ့ အစ်မအိမ်ပါပဲ။ မြန်မာပြည်မပြန်ခင်ကတည်းက မောင်မျိုးနဲ့ စကားပြောမိရင်း ကျိုက်ထိုကိုရောက်မယ်ပြောမိတော့ မောင်မျိုးက ချက်ချင်းပဲ အိမ်အလည်သွားပါ၊ ငါအခုပဲ ငါ့အစ်မကို ပြောလိုက်မယ် ဘာညာနဲ့ တကယ့်ကို နွေးထွေးစွာ ဖိတ်ခေါ်တာမို့ တလေးတစား အလည်သွားခဲ့တာပါ။ မောင်မျိုးကတော့ သိတဲ့အတိုင်းပဲ..။ ရိုးသားတယ်၊ ပွင့်လင်းတယ်၊ ဟန်ဆောင်မှုမရှိ။ သူ့လို ဘ၀ကို ရိုးရိုးလေးနဲ့ ပွင့်ပွင့်လေး ရေးပြနိုင်သူတွေ အတော်ရှားမယ်လို့ ထင်မိပါတယ်။ သူ့စာထဲက သူ့ရွာကလေးတွေဟာ စာဖတ်သူ ကျွန်တော့်စိတ်ထဲမှာ အတော်ကို နေရာယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရွာလေးကို မလည်မပတ်နိုင်ခဲ့ပေမယ့် သူနေထိုင်ခဲ့တဲ့ အိမ်လေးကိုတော့ အလည်သွားချင်နေခဲ့မိပါတယ်။

နောက်တစ်ဖက်ကနေ ထပ်တွေးကြည့်ရင် မောင်မျိုးနဲ့ ကျွန်တော်က စာပေါ်မှာပဲ ခင်လာတာ။ အပြင်မှာ တွေ့ဖူးလားဆိုတော့လည်း မတွေ့ဖူးဘူး။ အသံနဲ့ စကားပြောဖူးလားဆိုတော့လည်း မပြောဖူးဘူး။ ဒီလို မတွေ့ဖူးမမြင်ဖူးတဲ့သူက အိမ်သွားလည်ဖို့သင့်ပါ့မလားလို့ သူငယ်ချင်းနဲ့ အကြိမ်ကြိမ်တိုင်ပင်ကြည့်ပေမယ့် ရိုးသားပွင့်လင်းပြီး၊ နွေးထွေးစွာဖိတ်ခေါ်နေတဲ့ အစ်မကြီးအသံကို ကြားလိုက်ရတဲ့အခါမှာတော့ ကျွန်တော်တို့အခုလို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်သွားခဲ့ပါတယ်။ အစ်မကြီးရော၊ အစ်မအမျိုးသား အစ်ကိုကြီးရော၊ နောက် မောင်မျိုးရဲ့ တူ ညီလေးနှစ်ယောက်ရော အားလုံး နွေးနွေးထွေးထွေး ဧည့်ခံကြတော့ ပင်ပန်းတာတွေတောင် ပျောက်ချင်ချင်ဖြစ်သွားမိတယ်။ ခဏနားပြီးရင် မော်လမြိုင်ဘက်သွားဖို့ ကားမေးကြည့်မယ်လို့ နှလုံးသွင်းမိပေမယ့် ကလေးနှစ်ယောက်ကို ကျွန်တော်တို့ကို ကျိုက်ထိုအနှံ့လိုက်ပို့ဖို့ ခိုင်းနေတာရယ်၊ ညအိပ်တည်းခိုဖို့ ပြောလာတော့ အတော့်ကို အားနာမိတယ်။ နဂိုက ညအိပ်ဖို့ မရည်ရွယ်ပါဘူး။ မရည်ရွယ်ဆို အားနာလွန်းလှပါတယ်။ အပြင်မှာမတွေ့ဖူးမမြင်ဖူးပဲ အိမ်မှာတည်းမယ်ဆိုတာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်က မသင့်ဘူးလို့ထင်မိတာကြောင့် မောင်မျိုးဆီဖုန်းခေါ်ပြီး စကားပြောမိပါတယ်။

အဲလိုနဲ့ ရေမိုးချိုး၊ အ၀တ်အစားလဲပြီးတော့ ကလေးနှစ်ယောက်နဲ့ ကျိုက်ထိုမြို့က အထင်ကရနေရာတွေကို ဆိုင်ကယ်နှစ်စီးနဲ့ ထွက်လာကြပါတယ်။ မောင်မျိုးရဲ့ စကားပြောသံဟာ မွန်ရည်သလို၊ ကလေးနှစ်ယောက်ကလည်း စကားပြော ဖော်ရွေလှပါတယ်။ အိမ်ကနေထွက်လာပြီးတဲ့နောက် လမ်းဘေးတလျှောက် ပြန့်ပြူးနေတဲ့ မြင်ကွင်းတွေ၊ လယ်တောတွေဟာ အညာနဲ့လည်းမတူ တမူထူးခြားလှပါတယ်။ ဒီမြင်ကွင်းတွေကို ကျိုက်ထီးရိုးသွားတိုင်း မြင်ဖူးတာမို့ ရင်ထဲမှာ အရမ်းကို နှစ်သက်သဘောကျမိပါတယ်။ ကျွန်တော်တခါတခါ တွေးမိတယ်..။ အတိတ်ဘ၀တစ်ခုမှာ ရာမညတိုင်းမှာ လူများဖြစ်ခဲ့သလားလို့ပါ..။ ဘာလို့လည်းဆိုတော့ ဒီဒေသကို ရောက်ရောက်လာတိုင်း ရင်ထဲကို နွေးနွေးသွားလို့ပါ။

ကျိုက်ထိုဆိုတာကို အဓိပ္ပါယ်ဖွင့်ကြည့်ရင်တော့ ကျိုက်ဆိုတာ `ဘုရား`၊ ထို ဆိုတာ `မြို့`၊ ဘုရားပေါသော မြို့ဟု အဓိပ္ပါယ်ရပါတယ်။ နောက်တနည်း မွန်ဘာသာအရပဲ ကျိုက် `ဘုရား`၊ ထော `ရွှေ` ဟူသည့် ကျိုက်ထောဟူသည့် ရွှေဘုရားဟုခေါ်ရာမှ တဖြည်းဖြည်း ကျိုက်ထိုဖြစ်လာသည်ဟုလည်း ဆိုပြန်ပါတယ်။  ကျိုက်ထိုမြို့၏ သမိုင်းဟာ သုဝဏ္ဏဘူမိပြည် သထုံမြို့ဟောင်းနှင့် မရှေ့မနှောင်း စတင်ခဲ့သည်ဟု ဆိုပါတယ်။ မောင်မျိုးတို့အခုနေတဲ့ ဖက္ကလိပ်ရပ်ကွက်ဆိုတာ အရင်က ရွာအနေနဲ့ရှိခဲ့ပြီး ရှေးဟောင်းမြို့ရိုးတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တော့ သွားမကြည့်ခဲ့ပေမယ့် သမိုင်းစာအုပ်အရ ဒီမြို့ရိုးတွေဟာ သုဝဏ္ဏဘူမိမြို့ဟောင်းရဲ့ အပြင်ဘက် မြို့ရိုးတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျိုက်ထိုမြို့ ဖက္ကလိပ်ကအထွက်  ကျိုက်ပိ၊ သိမ်ငူကနေ ယက္ကန်းသည်မရွာကိုရောက်ပါတယ်။ အဲဒီကနေ ကေလာသတောင်တန်းနဲ့ ကေလာသစေတီကို လှမ်းမြင်နေရပါတယ်။ အဲဒီတောင်ခြေတ၀ိုက်ဟာ သုဝဏ္ဏဘူမိမြို့ဟောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကျိုက်ထိုမြို့ဟာ သူဝဏ္ဏဘူမိနဲ့ မရှေးမနှောင်းပေါ်လာပုံကိုတော့ သမိုင်းအထောက်အထားတွေအရ သိနိုင်ပြီး အသေးစိတ်ကိုတော့ အဲဒီစာအုပ်တွေဖတ်ဖို့ ညွှန်းလိုပါတယ်။ 






ပုံ။   ။ ပထမဆုံး သုဝဏ္ဏဘူမိမြို့နှင့် အနီးတ၀ိုက်ပတ်ဝန်းကျင်များ
 
ပထမဆုံး သုဝဏ္ဏဘူမိမြို့တော်ကို ဘီစီ ၇၀၀ လောက်က ကေလာသတောင်ခြေမှာ တည်ထောင်ခဲ့ပြီး ကာဠမိတ္တမင်းဆက်အုပ်စိုးကာ ဘီးလင်းမြို့နယ် ကေလာသတောင်တ၀ိုက်နဲ့ ယက္ကန်းသည်မ၊ ၀င်းကရွာ ၀န်းကျင်တ၀ိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီမြို့တည်ထောင်ပြီး နှစ်ပေါင်းငါးဆယ်ကြာပြီးတဲ့နောက် ယခုလက်ရှိ သထုံရယ်လို့ နာမည်ကြီးနေတဲ့နေရာမှာ သုဘိန္နနဂရမြို့ကိုတည်ထောင်ပါတယ်။  ကာဠမိတ္တမင်းဆက် ပျက်သုဉ်းသွားတဲ့နောက် သထုံဟာ သုဓမ္မ၀တီလို့တွင်လာပြီး ဒီမြို့ဟာလည်း မင်းဆက်ငါးဆက်မြောက်မှာ ဖျက်ဆီးခံရတာကြောင့် ရာဇစောဝေမင်းလက်ထက်မှာ နဂိုကေလာသတောင်ခြေရင်းက သုဝဏ္ဏဘူမိကို ပြန်လည်ပြောင်းရွှေ့စိုးစံပြန်ပါတယ်။ သုဓမ္မ၀တီ၊ သူဝဏ္ဏဘူမိ၊ သူဓမ္မပူရဟု ခေါ်ရာကနေ ကြာလာတဲ့အခါ သုဓမ္မာ၊ သုဓုမ်၊ သထုံရယ်လို့ ဖြစ်လာပါတယ်။  အဲဒီအချိန်က ပင်လယ်ကမ်းစပ်ဖြစ်ခဲ့တာမို့ သုဝဏ္ဏဘူမိမြိုကထက်ဝက်ကျော်လောက် ပင်လယ်ကမ်းပြိုရာ ပါသွားတဲ့နောက် ယခုလက်ရှိ သထုံမြို့နေရာ သုဓမ္မာမြို့ဟောင်းနေရာကို ပြန်လည်ပြောင်းရွှေ့ သွားခဲ့ပါတယ်။

မွန်ပြည်နယ်ဟာ မြန်မာပြည်ကို ဗုဒ္ဓသာသနာမျိုးစေ့ချပေးခဲ့တဲ့ ဒေသပီပီ ဘယ်ကိုကြည့်ကြည့် လက်ညှိုးထိုးမလွှဲ စေတီတွေပေါများလှပါတယ်။ တောင်ထိပ်တိုင်းမှာ စေတီတစ်ဆူတော့ အမြဲရှိပါတယ်။ ကျိုက်ထီးရိုးတောင်ပေါ်တက်တော့ တောကနက်၊ လမ်းကကြမ်းနဲ့ အဲဒီလို အခြေအနေမျိုးမှာ ဟိုးအရင်ကတည်းက စေတီတည်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ခဲ့ပါဘူး။  ဒီလို ခက်ခက်ခဲခဲ သာသနာကို မျိုးစေ့ချပေးနိုင်ခဲ့လို့လည်း အခုအချိန်မှာ မြန်မာပြည်သူပြည်သားတွေဟာ ဗုဒ္ဓသာသနာနဲ့ ထိတွေ့ခွင့်ရခဲ့တာလို့ဆိုရမှာပါ။ လမ်းမတလျှောက် ရှုခင်းတွေလည်းငေး၊ ဆိုင်ကယ်ပေါ်ကနေ ရသလောက် ဓါတ်ပုံရိုက်မှတ်တမ်းတင်နဲ့ ညောင်းညာခဲ့တာမှန်သမျှ ပျောက်သလို ခံစားရပါတယ်။

ဒီလိုနဲ့နောက်ဆုံးမှာ ကျိုက်ထီးဆောင်းစေတီကို ရောက်လာခဲ့ပါတယ်။ ကျိုက်ထီးဆောင်းဆရာတော်က အားလုံးသိတဲ့အတိုင်း ကျိုက်ထီးရိုးစေတီကို ထီးတော်တင်လှူခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။ စေတီမုခ်ဝ ဘေးတဖက်စီမှာ ဘီလူးတစ်ကောင်စီ ရပ်နေတာ မြင်ရပါတယ်။ ကျောက်စရစ်ခဲလေးတွေ ပြန်ကျဲနေတဲ့ လမ်းမှာ ဖိနပ် မစီးရတာကြောင့် ထော့နဲ့ထော့နဲ့သွားရပေမယ့် စေတီကို တည်ထားတဲ့ ဗိသုကာလက်ရာတွေက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဒီနေရာမှာ ဂ၀ံကျောက်တွေပေါများလို့လား မသိပေမယ့် ပရ၀ုဏ်အတွင်း အဆောက်အဦတွေကို ဂ၀ံသုံးပြီး ဆောက်ထားတာတွေ့ရပါတယ်။












 ပုံ။  ။ ကျိုက်ထီးဆောင်းစေတီတော်နှင့် ဂ၀ံလက်ရာများ၊ ကျိုက်ထိုဝန်းကျင် တောင်များနှင့် စေတီများ

စေတီတော်ကို ဓါတ်ပုံမရိုက်ရလို့ ဆိုပေမယ့် ဖုန်းပြောသလိုလိုနဲ့ ရအောင်တော့ ရိုက်ခဲ့ပါသေးတယ်။ စေတီကို ရွှေသင်္ကန်းကပ်ထားပေမယ့် ကျန်တဲ့ အဆောက်အဦတွေကို ဂ၀ံကျောက်နဲ့ ဆောက်၊ ပြီးတော့ နီညိုရောင်သုတ်ထားတာမို့ အကြောင်းတစ်ခုခု ရှိလိမ့်မယ်လို့ တွေးမိပါတယ်။ ပြီးတော့ အရုပ်တွေဟာ အမျိုးအစားမတူ ပေါင်းစပ်ထုထားတာမို့ ဘယ်လိုရည်ရွယ်ချက်နဲ့လည်းလို့ တွေးမိပြန်ပါသေးတယ်။ ဒီလိုလေ့လာနေတုန်း ကားသေးသေးလေး တစ်စီး စေတီထဲကို ပတ်ဝင်လာတာကိုမြင်တော့ အားလုံးက `ဆရာတော်ကြွလာပြီ` လို့ဆိုတာကြောင့် ကျွန်တော်တို့လည်း ဆောင့်ကြောင့်လေးထိုင်စောင့်နေမိပါတယ်။ ကားလေးက စေတီကို တစ်ပတ်ပတ်ပြီး ပြန်ထွက်သွားခဲ့တာမို့ ကျိုက်ထီးဆောင်းဆရာတော်ကို ဖူးလိုက်ရပါသေးတယ်။ ညီလေးတွေက ` အစ်ကိုတို့ အတော်ကံကောင်းတယ်.. ဆရာတော်ကို ဖူးချင်တောင် တော်ရုံမဖူးရဘူး` ဟုဆိုတာကြောင့် ကိုယ်တွေ တကယ်ပဲ ကံကောင်းတာလားလို့ တွေးမိပါတယ်။ ကိုယ်တွေရောက်တဲ့အချိန်နဲ့ ဆရာတော်စေတီကို လာကြည့်တဲ့ အချိန် တစ်ထပ်တည်းကျနေတာကိုတော့ သတိထားလိုက်မိပါတယ်။

ကျိုက်ထီးဆောင်းစေတီကနေ ပြန်လာတော့ ညီလေးတွေက ` အစ်ကိုတို့ ဆင်ရုပ်၊ မြင်းရုပ်တွေ သွားကြည့်ဦးမလား` မေးတော့ စိတ်ဝင်စားသွားပါတယ်။ ဘယ်လိုအရုပ်လည်း မေးပေမယ့် သူတို့က မဖြေတတ်တာကြောင့် `ကဲ.. နီးရင် သွားကြစို့` ဟုပြောရင်း ချီတက်ခဲ့ပါတယ်။ အဲဒီနေရာကိုရောက်တော့ တကယ်ကို မှင်သက်မိသွားပါတယ်။ ကျွန်တော့်အထင်တော့ မြို့ရိုးတစ်ခုလို့ ထင်မိပါတယ်။ နံရံတလျှောက်လုံး ဆင်၊ မြင်း၊ နဂါး၊ မိကျောင်းနဲ့ ဘီလူရုပ်တွေ ထွင်းထုတားပါတယ်။ ဒီတံတိုင်းရိုးကြီး တစ်ခုပဲ ရှိပြီး ဘေးဘက်တစ်ဘက်မှာတော့ ကျင်းနက်နက်တစ်ခုရှိပါတယ်။ ဒါဟာ ဘာလဲလို့ မေးမြန်းစုံစမ်းလို့မရတာနဲ့ ဓါတ်ပုံတွေပဲ ရိုက်ပြီးမှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီဘေးနားကို ဆက်သွားကြည့်တော့ ငါးတွေ၊ လိပ်တွေကို အကြီးကြီးထုလုပ်ထားတာကို တွေ့တာမို့ မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ တစ်ယောက်ယောက်ကများ ဒီအကြောင်းတွေကို သိခဲ့မယ်ဆိုရင် မျှဝေပေးခဲ့ဖို့ တောင်းဆိုပါရစေ။










 ပုံ။   ။ ဆင်၊ မြင်း၊ နဂါး၊ မိကျောင်း၊ ဘီလူးရုပ်များဖြင့် တံတိုင်းရိုး

ကျိုက်ထီးဆောင်းစေတီကနေ ပြန်လာတော့ ကျိုက်ထိုမြို့ထဲဝင် ကားလက်မှတ်စုံစမ်းတော့ ကျိုက္ခမှီသွားမယ့်ကားက မနက် ၁၁ နာရီမှရှိတာမို့ အချိန်ပုပ်ကုန်မှာစိုးတာနဲ့ မော်လမြိုင်ကိုလက်မှတ်ပဲ ၀ယ်ခဲ့ပါတယ်။ ဟိုကျမှ မီးစင်ကြည့်ကစို့လို့ ပြောရင်း ပြုံးမိပြန်ပါတယ်။ မြန်မာပြည်မှာ ဒီလိုကြုံသလို မသွားဖူးသေးတာကြောင့် အတော်ကို ရင်ခုန်ရတဲ့ ခရီးစဉ်လို့ပြောလို့ရပါတယ်။ ကားလက်မှတ်အတွက် စိတ်ချသွားတာနဲ့ ကျိုက်ထိုမြို့ရဲ့ အထင်ကရ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားဖူးဖို့ ဆက်လာခဲ့ပါတယ်။ ဘုရားရောက်တော့ အအေးဆိုင်မှာ ထိုင်အပန်းဖြေ၊ ကြံရည်တစ်ခွက်စီသောက်ပြီး တချိန်က ပင်လယ်ကမ်းစပ်ဖြစ်ခဲ့တဲ့ နေရာလေးကို ငေးမောကြည့်မိရင်း မျက်လုံးထဲမှာ ပင်လယ်လှိုင်းတံပိုးတွေကို ပုံဖော်ကြည့်နေခဲ့မိပါသေးတယ်။

သီဟိုဠ်ပြည့်ရှင် ဒေ၀ါနံပိယတိဿမင်းကြီးဟာ မြတ်စွာဘုရားသာသနာ ငါးထောင်တည်တံ့စေရန်အတွက် မြတ်စွာဘုရားဆင်းတုတော် လေးဆူကို ထုလုပ်ကာ သမုဒ္ဒရာတလျှောက် ရေမျောခဲ့ပါတယ်။ သာသနာသက္ကရာဇ် ၂၃၇ ခုနှစ်မှာ ဆင်းတုတော်လေးဆူကို သင်္ကန်းတုံး၊ ပိန္နဲတုံး၊ ကျွန်းတုံးနဲ့ ကျောက်လှည်းဘီးပေါ် တင်ပြီး မျောခဲ့ပါတယ်။ ကျောက်လှည်းဘီးဖြင့် မျောကြွလာတဲ့ ရုပ်ပွားတော်ဟာ ကျိုက်ထိုမြို့တောင်ဘက် ဇီးကုန်းချောင်းရိုးအတွင်းမှာ ရောက်ရှိစံပယ်ခဲ့ပါတယ်။ စတင်ရောက်ရှိခဲ့စဉ်က မျက်တောင်တဖျတ်ဖျတ်ခတ်နေတာကြောင့် မျက်ရှင်တော်ဘုရား၊ လက်ယာဘက် မျက်ခုံးတော်နားတွင် မှဲ့ရှင်တော်ရှိတာကြောင့် မှဲ့ရှင်တော်ဘုရားရယ်လို့ နာမည်ကြီးခဲ့ပါတယ်။ ဤရုပ်ပွားတော်ဟာ သီဟိုဠ်ကျွန်းကနေ မျောလာတဲ့အတွက် မွန်ဘာသာနဲ့ `ကျာတ်ပလော့` လို့ခေါ်ပါတယ်။ `ကျာတ်` ဆိုတာ ဘုရား၊ `ပလော့` ဆိုတာ အနောက်အရပ်၊ အနောက်အရပ်က ကြွလာတဲ့ဘုရားလို့ အဓိပ္ပါယ်ရပါတယ်။ ကြာလာတဲ့အခါမှာ ကျိုက်ပေါလောရယ်လို့ တွင်လာပြီး မှဲ့ရှင်ဂုဏ်ပုဒ်နဲ့ပေါင်းလို့ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားရယ်လို့ လူသိများလာခဲ့ပါတယ်။

ဘုရားဖူးပြီးတဲ့နောက် ကွေ့တယိုသွားစားဖြစ်ခဲ့ပါတယ်။ ကွေ့တယိုအရည်ကို အမြဲစားဖြစ်ခဲ့ကြောင့် အခုတော့ ကွေ့တယိုအသုပ်ကို မှာစားမိပါတယ်။ ပြီးတော့ ဆိုင်ရှင်ကောင်မလေးက မွန်လားလို့ စပ်စုမိတော့ ဟုတ်ကြောင်း ကြားသိခဲ့ရပါတယ်။ ဒါပေမယ့် စားပွဲထိုးတာရော၊ ပိုက်ဆံသိမ်းတာရော သူ့အဖေကြီးပဲ လာတာမို့ စိတ်ပေါက်ပေါက်နဲ့ အမြန်စားပြီး ထွက်လာခဲ့ကြပါတယ် :P။  အိမ်ရောက်တော့ အစ်မကြီးက `ဟဲ့.. ညစာစား.. အားလုံးပြင်ပြီးပြီ` လို့ဆိုတော့ အခုပဲ ကွေ့တယိုစားလာတာမို့ ဗိုက်ကတင်းနေပေမယ့် အခုမစားရင် မိုးကချုပ်တော့မယ်၊ ပြီးတော့ အိမ်ရှင်တွေလည်း အားနာတာမို့ စားကြစို့ဟု နှလုံးပြုရင်း လွေးကြပါတော့တယ်။ ၀က်သားဟင်း၊ ငါးခြောက်ဟင်း၊ အချဉ်ရည်ဟင်းနဲ့ တို့စရာအစုံချက်ထားတာမို့ ဗိုက်တင်းနေပေမယ့် အတော်ကို စားဝင်ဖြစ်ခဲ့ပြန်ပါတယ်။  စကားပြောသိပ်ကောင်းတဲ့ မောင်မျိုးတူအကြီးကောင်ကလည်း အတူတူဝင်စားတာမို့ ထမင်းအင်မတန် မြိန်လှပါတယ်။




ပုံ။  ။ကျိုက်ထိုက ကွေ့တယိုနဲ့ မောင်မျိုးအစ်မကြီး ချက်ကျွေးလိုက်တဲ့ ဟင်းကောင်းများ
 
ထမင်းစားပြီးတဲ့နောက် အချိုတည်းဖြစ်ပါသေးတယ်။ အဲဒီအခါမှာတော့ ဗိုက်က အတော့်ကို တင်းပြီးကားနေတာမို့ ပေါက်ကွဲထွက်မှာကိုတောင် စိုးရိမ်နေရပါတယ်။ အဲဒီနောက်တော့ ကလေးနှစ်ယောက်နဲ့ လ္ဘက်ရည်ဆိုင်ထွက်လာပြီး ရောက်တတ်ရာရာ စကားတွေပြောဆိုနေမိခဲ့ပါတယ်။ ညဘက်ရောက်တော့ ကျိုက်ထီးရိုးတောင်ပေါ်က ဆင်းလာတာရော တနေကုန်လည်ထားတာတွေပါ ညောင်းညာနေတာမို့ အကြောပြေလိမ်းဆေး လိမ်းရင်းနှိပ်ရင်းနဲ့ အိပ်ရာဝင်ဖြစ်ခဲ့ပါတယ်။ မနက် မော်လမြိုင်ကို ထွက်မယ့်ကားက ၄ နာရီခွဲမို့ ခပ်စောစောလေးထဖို့ လိုပါတယ်။

ဒီလိုနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီးတဲ့နောက် နှိုးစက်အသံကြောင့် လန့်နိုးလာခဲ့ပါတယ်။ အိပ်ရာထချင်စိတ် လုံးဝမရှိသော်လည်း မသွားမဖြစ် သွားရဦးမည်မို့ အပျင်းကြောဆွဲရင်း မျက်နှာသစ်ရင်း ကားဂိတ်ကို ထွက်လာခဲ့ပါတယ်။ အငယ်ကောင်လေးကတော့ အိပ်ပျော်နေတာမို့ မနှိုးတော့ပဲ အစ်မကြီး၊ အစ်ကိုကြီးတို့ကို နှုတ်ဆက်ကာ အကြီးကောင်နဲ့ ကားဂိတ်ဆင်းခဲ့ပါတယ်။ စကားပြောကောင်းတဲ့ အကြီးကောင်ကို ကြည့်ရင်း တနေ့ အောင်မြင်တဲ့ စီးပွားရေးသမားကောင်းဖြစ်မယ်လို့ ကျွန်တော်ထစ်ထစ်ချ ယုံကြည်မိပါတယ်။ မော်လမြိုင်ကို ထွက်ခွာမယ့် `ရိုးရိုးလေး` ကားပေါ်ရောက်တဲ့အခါ လက်ပြနှုတ်ဆက်နေတဲ့ ညီလေးကို နှုတ်ဆက်ရင်း တဖြည်းဖြည်းထွက်ခွာလာတဲ့ ကားနဲ့ လိုက်ပါလာခဲ့ပါတယ်။ မြို့လေးကတော့ မနက်ခင်းအရုဏ်ဦးမှာ သစ်လွင်ဆန်းသစ်လျက်... ကျွန်တော့်မျက်ဝန်းထဲမှာတော့ ဧည့်ဝတ်ကျေပြွန်လှတဲ့ သူငယ်ချင်းမောင်မျိုးနဲ့ မိသားစုတွေရဲ့ ပုံရိပ်တွေက ဖုံးလွှမ်းလျက်ရှိနေပါတယ်။ `ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း` ဆိုတဲ့စကားလည်းရှိတာမို့  တိုတောင်းလှတဲ့ ဘ၀လေးမှာ ဒီလိုခင်မင်ခွင့်ရခဲ့တဲ့ ကိုယ့်ကံကြမ္မာကို ကျေနပ်အားရမိရင်း သထုံ၊ ပေါင်၊ မော်လမြိုင်လမ်းပေါ် တရိပ်ရိပ်ပြေးနေတဲ့ ကားလေးနဲ့အတူ.. ကျွန်တော်တို့လည်း လိုက်ပါလျက်.. ရာမညခရီးကို ကျိုက်ထိုက စတင်ဖြစ်ခဲ့ပါတော့တယ်။

ကျမ်းကိုး။   ။ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားသမိုင်း

ခင်မင်လျက်
နေ၀သန်

Print

22 ယောက်က မှတ်ချက်ပြုသွားသည်။:

Anonymous said...

ရာမညမြေမှာ ပျော်ရွှင်ခဲ့တာတွေ... မောင်မျိုး မိသားစု ဧည့်ဝတ်ကျေပွန်မှုတွေ... အားလုံးကြည်နူးစရာပြည့်တဲ့ ခရီးဖြစ်ခဲ့တာလေး ဖတ်ပြီး ထပ်တူကြည်နူးမိပါတယ်...သံလွင် ဟိုဘက်ခြမ်းမှာလည်း ပျော်ရွှင်ပါစေဗျာ...

Anonymous said...

ကွေ့တယို အသုပ် .. !!
ခုမှ ကြားဖူးတယ် ..း))
စားဖူးကြည့်ချင်တယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

စာရေးကောင်းတယ်...

Anonymous said...

ဖတ်ရတာ ၀မ်းသာစရာဘဲ။ အဲဒီနေရာတွေ တခါမှ အသေချာ မသွားဖူးဘူး။ မောင်မျိုးကိုရော နေ၀သန်ကိုပါ ကျေးဇူးတင်တယ်

ကိုယ့်လူမျိုး ကိုယ့်သွေးတွေရှိတဲ့နေရာကို ကိုယ် ကိုယ်တိုင် မသွားနိုင် မသိခဲ့တာတွေ အသေချာ ရေးပြလို့ အရမ်းကျေးဇူးတင်ပါတယ်
ဆောင်း

ခရစ္စတလ် said...

ပျော်စရာကြီး၊ နောက်နှစ်ခါကျ သွားအုံးမယ်း)

မောင်မျိုး said...

း) ကျေးဇူးတင်ပါတယ် (ဘာကိုလည်းတော့မသိ ) တူတွေကလည်း မင်းအကြောင်းမေးသား ။

ငါတောင် တံတိုင်းရိုးမှာ အရုပ်ကြီးတွေရှိတဲ့ဆီ မရောက်ဖူးဘူးကော ။ ဘာပဲဖြစ်ဖြစ် ပျော်ရွှင်အဆင်ပြေခဲ့တယ်ဆိုလို့ ၀မ်းသာပါတယ် ခင်မင်မှုတွေ မှတ်တမ်းလေးဖြစ်ခဲ့ရတာလည်း ကျေနပ်စရာပေါ့ ဆုံချင်ပါသေးတယ် လူချင်းအပြင်မှာ ဘယ်လောက်ငြင်းလိုက်ကြမလဲဆိုတာ ဟဟား ။

ခရီးတွေ အများကြီးထွက်နိုင်ပါစေ သူငယ်ချင်းရေ ။

Anonymous said...

စင်ကာပူမှာ ကွေ့တိယိုကို စားချင်ရင် golden mile complex မှာ ရှိပါတယ်... မော်လမြိုင်ဘက်မှာ ကွေ့တိယိုကို အပြုတ် အသုတ် လုပ်စားကြပါတယ်.ယိုးဒယားပြန်လာတဲ့သူတွေ အမြတ်ပါလာတဲ့ အစားအစာတစ်မျိုးပဲ..... သံလွင် ဟိုဘက်ခြမ်းမှာ ကြုံရတာလေးလည်း ဖတ်ချင်ပါသေးတယ်.. ရာမညမှာ  လှပတဲ့ သဘာဝတွေပေါတရ်..... နူးညံ့သိမ်မွေ့ မှုတွေ ပြည့်နေတရ်... ဒါပေမဲ့ ရာမညသားတွေ တော်တော်မျာများက ပြည်ပမှာ ရောက်နေကြတာများတယ်....  အများအားဖြင့် ယိုးဒယားပေါ့....     ခင်မင်လျက်

မိုးခါး said...

အားကျတယ်ဟေ့
သွားချင်တာ အဲ့လိုမျိုး
မောင်မျိုးလည်း မေးပေးပါ
လာလည်ရင် ရလားလို့
:D

Anonymous said...

ပျော်ရွှင်ဖို့ကောင်းတဲ့ ခရီးတခုပဲဗျာ့
ရာမညမြေကို လွမ်းနေရတာကြာပြီ
ဖြတ်သွားဖြတ်လာတောင် မသွားဖြစ်ခဲ့ဖူး
နှစ်ကြာပေါ့

မောင်ဘကြိုင်

လွင်ပြင်လှိုင်းငယ် said...

ဗဟုသုတရစေတဲ့ ပို့စ်ကောင်းလေးအတွက် ကျေးဇူးပါဗျာ

စံပယ်ချို said...

တချို့ပုံလေးတွေကိုကြည့်ပြီး လွမ်းမိတယ်မြန်မာပြည်ကို
မြန်မာအစားအစာတွေကလဲ စားချင်စရာပါပဲ

ကိုအောင်(ပျူနိုင်ငံ) said...

ခရီးသွား အတွေ့အကြုံရော သမိုင်းပါ သိရလို့ ကျေးဇူးဗျာ ....

Ree Noe said...

င့ါညီနဲ့ မြန်မာပြည်မှာ မတွေ့ဖြစ်လိုက်ကြဘူးနော်။
အဝင်အထွက်ပဲ ကွာသွားတယ်။
ခရီးသွားရတာတော့ တကယ့်ကိုကောင်းပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဓာတ်ပုံတွေ တန်ဖိုးရှိတယ် နေဝသန်ရေ..
သိပ်မတွေ့ဖူးသေးဘူး အဲဒီပုံတွေ
နေဝသန်ပြောလို့ မောင်မျိုးတို့အစ်မအိမ် အလည်သွားချင်စမ်းပါဘိ.
နောက်တစ်ခေါက်များ ကျိုက်ထိုသွားမယ်ဆို လိပ်စာတောင်းသွားဦးမယ်။
ဒါနဲ့ ကောင်မလေးရောင်းတဲ့ ကွေ့သယို စားပြီးထမင်းတောင် ကောင်းကောင်းမစားနိုင်ဖြစ်သွားတယ် မဟုတ်လား။း))

san htun said...

ရာမညကို မရောက်တာ ဆယ်နှစ်တောင် ကျော်ပြီ...ဂဝံမြေကလည်း တမျိုးချစ်ဖို့ ကောင်းတယ်..အရင်ဘဝက ရာမညတိုင်းသားများလားဆိုပြီး မွန်မလေးတွေကို ကြိတ်ကြံနေတာ မသိရင် ခက်မယ်..ဟွင်း..ဟွင်း..မောင်မျိုးအမတွေက မောင်မျိုးလိုမျိုး ခင်ဖို့ ကောင်းတယ်ဟ..နောင်များ ကျိုက်ထိုကို ရောက်ရင် မောင်မျိုးကို အသံပေးဦးမှ...:P

ကိုကိုမောင်(ပန်းရနံ့) said...

အောက်နားက မြက်ပင်တွေကြားထဲက ရှေးဟောင်းလက်ရာတွေကို ပို မျက်စိတွေ့တယ်။ တော်ပါသေးရဲ့။ ပြန်လည်ပြုပြင်ပြီး ထုံးဖြူဖြူ အသုတ် မခံခဲ့ရလို့။း)

ကွေ့တယိုတဲ့ အခုမှ ကြားဖူးတယ်။ ဘာနာမည်မှန်းတောင် မသိဘူး။ မောင်နေ၀သန်တစ်ယောက် ကွေ့တယိုတော့ စားပါ။ တွေ့ကရာယိုတော့ မစားပါနဲ့။ ကျိုက်ထီးရိုးက ပြန်လာရင် ပြောပြောနေကျ စကားရှိတယ်။ ယိုတွေစားပြီး တော်တော်လေး ယိုခဲ့ရတယ်ဆိုလားဘဲ။း)

mstint said...

ဗဟုသုတအဖြစ် မှတ်သားစရာတွေ အများကြီးရလိုက်တယ် မောင်နေဝသန်ရေ။ အရုပ်တွေ ထွင်းထားတာ စိတ်ဝင်စားစရာပဲနော်။ တီတင့်သွားဖြစ်ခဲ့ရင်လည်း မောင်မျိုးကိုကြိုပြောမှ :P စကားမစပ် ကွေ့တယိုဆိုတာ အခုမှကြားဘူးတား)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ံ့ပုံလေးအချို့ကို အတော်နှစ်သက်မိတယ်။ အသက်ကြီးမှ မရောက်ဖူးသေးဘူး။ ခုလိုလေး ပုံတွေမြင်ပြီး စာဖတ်လိုက်ရတော့ သွားချင်လိုက်တာ။

ပြန်လည်ဝေမျှမှုအတွက် ကျေးဇူးတင်ပါတယ်။

( ကွေ့တယို ဆိုတာကိုလေ ကလေးတုန်းက အိပ်ချင်မူးတူးနဲ့ ကတွတ်ယိုဆိုပြီး အသံအကျယ်ကြီး အော်ဖတ်ခဲ့ဖူးတယ် :) )

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

ကူးကူးလှိုင် said...

တံတိုင်းရိုးကိုကြည့်ပြီး အဲဒီကို ရောက်ဖူးချင်သွားတယ် ကွေတယိုဆိုတာ ဘာမှန်းမသိဘူး တကယ်က စားနေတုန်းက ဓာတ်ပုံလေးပါ ရိုက်ထားပြီး တင်ပေးသင့်တယ် ထင်တယ်နော် ...

ပစ်ပစ် said...

မောင်မျိုး အမရဲ့ အိမ်လိပ်စာလေး
ပေးပါကိုနေဝသန် :P
သူများနဲ့လမင်းကနောက်နှစ်
လစ်မှာမြန်မာကိုလေ..

AH said...

ကိုနေ၀သန့်ကိုတော် အားကျမိပါတယ်ခင်ဗျာ။ စုံစုံလင်လင်နဲ့ကို ခရီးသွားမှတ်တမ်းကောင်းလေးပါခင်ဗျာ။ ရှေးဟောင်း ရုပ်ထုတွေက တစ်ကယ့်ကို စိတ်ဝင်စားစရာကောင်းပါ့ဗျာ။ စကားမစပ် အီဂျစ်က မံမီရုပ်လိုဟာမျိုးတွေ့လိုက်သလားလို့... နောက်လူတွေ ထုထားတာလားတော့မသိ။

မဒမ်ကိုး said...

အလိုလေး ကိုနေ၀သန်ကလျှောက်သွားခဲ့တာကိုးးးး)))

မွန်မလေးတွေကတော်တော်ချောဆိုဘဲဗျး))

ခင်မင်လျှက်

မဒိုးကန်