မြန်မာ - ခရီးသွားလာဖို့ အချိန်ကောင်းရောက်ပြီလား


နှစ်နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းနိုင်မှုနဲ့ မြန်မာသုံး ကျပ်ငွေကို ၈၁၈ ကျပ်အထိ နှုန်းရှင်သတ်မှတ်နိုင်မှု စတာတွေဟာ ဒီနိုင်ငံရဲ့ စီးပွားရေးအကြီးအကျယ် ပြောင်းလဲရေးအတွက် အဓိက တွန်းအားပေးနေပါတယ်။ 

ဒါဖြင့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဘာတွေက ဂယက်ရိုက်ခတ်နေပါသလဲ..။

နိုင်ငံခြား ရင်းနှီးမြှပ်နှံလိုသူတွေ ၀င်လာတာနဲ့အမျှ မြန်မာပြည်တွင်း ကုမ္ပဏီတွေဟာ လုပ်ငန်းဆောင်ရွက်ဖို့ ပိုမိုလွယ်ကူလာပြီးတော့ နိုင်ငံတကာခရီးသွားတွေအတွက် မြန်မာပြည်ကိုလည်ပတ်ခွင့် ခခယယ ခွင့်တောင်းနေရတာတွေဟာ မကြာခင်ကွယ်ပျောက်တော့မယ် သဘောရှိနေပါတယ်။

လွန်ခဲ့တဲ့ခြောက်လမှာ မြန်မာပြည်ဟာ သွားကိုသွားသင့်တဲ့ နေရာတစ်ခုအဖြစ် ခပ်မြန်မြန်ရောက်ရှိလာပြီး ခရီးသွားအတော်များများမလာရောက်သေးခင် လက်ဦးမှုယူပြီး သွားရောက်လည်ပတ်သင့်တဲ့ နေရာလိုလို ဖြစ်လာခဲ့ပါတယ်။

မနှစ်က ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြည်ပခရီးသွားပေါင်း ၃၉၁၁၇၆ ဦး ၀င်ရောက်လည်ပတ်ခဲ့ပါတယ်။ ၂၀၁၂ မှာ ၃၀ ရာခိုင်နှုန်းတိုးလာနိုင်တယ် ဒါမှမဟုတ် ခရီးသွား ငါးသိန်းနီးပါး လာရောက်လိမ့်မယ်လို့ ၀န်ကြီးဌာနက ခန့်မှန်းထားပေမယ့် နိုင်ငံရဲ့ အခြေခံအဆောက်အဦး လိုအပ်ချက်ကို ၀န်ပိလာစေမယ့် သဘောရှိနေပါတယ်။ ဒါပေမယ့်လည်း အစိုးရအနေနဲ့ကတော့ ခရီးသွားလုပ်ငန်းကို တွန်းအားပေးနိုင်သမျှ ဆက်လုပ်နေမယ့်သဘောရှိနေပါတယ်။

ဧပရယ် ၁ ရက်နေ့မှာ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ E-Visa ၀ဘ်ဆိုဒ်ကို စတင်လွှင့်တင်ခဲ့ပါတယ်။ အခုလက်ရှိမှာ စမ်းသပ်ဆဲကာလမှာရှိနေပေမယ့် မကြာခင် တရားဝင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ခရီးသွားတိုင်းအတွက် အီလက်ထရောနစ်ဗီဇာကို ရုံးချိန်ငါးရက်အတွင်း လျှောက်ထားနိုင်စေမှာ ဖြစ်ပါတယ်။

`အခုလက်ရှိမှာတော့ ကမ္ဗောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ မလေးရှား စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေအတွက် အီးဗီဇာကို ချပေးဖို့ လုပ်ဆောင်နေပါတယ်။ မကြာခင်ပဲ လူတိုင်းအတွက် လျှောက်ထားနိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်` လို့ မြန်မာမာကတ်တင်းကော်မတီမှ မာကတ်တင်းမန်နေဂျာ ဒေါ်တင်နွယ်ဝင့်က ပြောကြားပါတယ်။ ဒါဟာ ခရီးသွားတွေအားလုံးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုတစ်ရပ်ဖြစ်ပါတယ်။

ဗီဇာကို ဘယ်လိုရအောင်ယူမလဲ

ပထမဆုံး သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကိုသွားပြီး ခရီးမသွားခင် လျှောက်ထားရပါမယ်။ တရုတ်နိုင်ငံ ကွမ်ကျိုးနဲ့ ကမ္ဗောဒီးယားနိုင်ငံကနေ မြန်မာ့လေကြောင်းနဲ့ သွားမယ့်သူတွေအတွက်ကတော့ ရန်ကုန်လေဆိပ်မှာ ဆိုဒ်ရောက်ဗီဇာအလိုအလျောက် ရရှိမှာဖြစ်ပါတယ်။ ဒါမှမဟုတ် စင်းလုံးငှားလေယာဉ်၊ သင်္ဘောနဲ့ ခရီးသွားကုမ္ပဏီတွေကနေ သွားမယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ ကုမ္ပဏီကနေ ဆိုဒ်ရောက်ဗီဇာကို နှစ်ပတ်ကြိုအသိပေးခြင်းအားဖြင့် စီစဉ်ပေးထားမှာဖြစ်ပါတယ်။ တခြား တကိုယ်တော်ခရီးသွားတွေအတွက်ကတော့ အေဂျင်စီတွေကို ဆက်သွယ်နိုင်ပြီး သူတို့ရဲ့ ၀ဘ်ဆိုဒ်အသီးသီးမှာရှိတဲ့ ဆိုဒ်ရောက်ဗီဇာလျှောက်ထားပုံတွေကို အသုံးပြုနိုင်ပါတယ်။ တချို့ အေဂျင်စီတွေက ငွေကြိုလွှဲပေးထားတာကို အလိုရှိပြီးတော့ တချို့တွေကတော့ ရန်ကုန်လေဆိပ်ကိုရောက်တဲ့အခါ ဆိုဒ်ရောက်ဗီဇာဌာနအနီးမှာ စောင့်ဆိုင်းနေတဲ့ အေဂျင့်ဝန်ထမ်းတွေကို  တခါတည်း လက်ငင်းငွေပေးချေစေတာကို အလိုရှိကြပါတယ်။ ဒီလိုလုပ်ဖို့ အမေရိကန်ဒေါ်လာ ၃၅ ကနေ ၈၀ ထိကျသင့်မှာဖြစ်ပါတယ်။  အခုလက်ရှိကြားသိရသလောက်ကတော့ အီးဗီဇာလျှောက်ထားနိုင်ခွင့် တရားဝင်ဖြစ်လာတဲ့အခါ ဒီလိုလုပ်ငန်းတွေအားလုံး အလိုလိုရပ်တန့်သွားမယ်ဆိုတာပါ။

အခု ချပေမယ့် အီးဗီဇာနဲ့ပတ်သတ်တဲ့ သတင်းတွေက ကန့်သတ်ထားပေမယ့်လို့ ကြည့်ရတာကတော့ လျှောက်ထားသူတွေဟာ ဘယ်လို လိုအပ်ချက်မှ သိပ်မလိုပဲ နိုင်ငံတွင်းဝင်ခွင့် ရနိုင်သလို ဗီဇာဘယ်လောက်ထိပဲ ချပေးမယ်ဆိုတဲ့ ကန့်သန့်ချက်တွေလည်း မရှိပါဘူး။

`အစိုးရကတော့ နိုင်ငံတကာခရီးသွားတွေကို အဆင်ပြေနိုင်သလောက် အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်` လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဒါရိုက်တာ ဒေါ်ခင်သန်းဝင်းက ပြောပါတယ်။ `အစိုးရက ခရီးသွားအရေအတွက် ကန့်သတ်တာတွေ လုပ်မယ်မလုပ်ဘူးကတော့ ကျွန်မမသိပါဘူး` လို့ သူမက ဆိုပါတယ်။

ဘယ်မှာ အိပ်မလဲ

တစ်နိုင်ငံလုံးအတိုင်းအတာအရ ဟိုတယ်အခန်းပေါင်း ၂၅၃၅၈ ခန်းအနက်က ၇၉၃၄ ဟာ ရန်ကုန်မှာရှိတဲ့ ဟိုတယ်ပေါင်း ၁၈၇ ခုမှာရှိပါတယ်။ နာမည်ကြီးဒေသတွေဖြစ်တဲ့ ပုဂံနဲ့ ညောင်ရွှေမြို့မှာ ၂၀၀၈ ခန်းနဲ့ ၉၃၇ ခန်းသာ အသီးသီးရှိပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာတစ်လတည်းတင် ခရီးသည် ၄၇၄၇၅ ဦးဝင်လာတဲ့အနက် ရန်ကုန်က၀င်တာက ၄၃၈၀၀ ရှိပါတယ်။ မေးစရာဖြစ်နေတာက အဲဒီလူတွေ ဘယ်မှာများ သွားအိပ်ကြသလဲ ဆိုတာကိုပါ။

`ခရီးသွားရာသီတွေမှာ အခန်းတွေဟာ သိပ်ကိုရှားပါးပါတယ်` လို့ ရန်ကုန်မြို့ စထရန်းဟိုတယ် အထွေထွေမန်နေဂျာ Didier Belmonte ကဆိုပါတယ်။ `ကျွန်တော်တို့မြင်နေရတာက ရန်ကုန်ကို ရောက်လာတဲ့ ခရီးသည်တွေထဲက အခန်းမရနိုင်တော့တဲ့သူတွေအတွက် အခန်းတွေရနိုင်တဲ့ ပုဂံဒါမှမဟုတ် မန္တလေးကို သွားဖို့ ခရီးသွားကုမ္ပဏီတွေ စီစဉ်ပေးနေရတာကိုပါ` လို့ သူကဆိုပါတယ်။ `ကဲ.. အခု ခင်ဗျား အီးဗီဇာရပြီဆိုပါဆို့..။ ခရီးသည်တွေဟာ နိုင်ငံတွင်း တည်းစရာနေရာမရှိတာကို သတိပြုမိကြလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူးဗျာ` လို့ဆိုပြန်ပါတယ်။

နောက်ပြီး ၀ယ်လိုအားနဲ့ရောင်းလိုအားမမျှတာကြောင့် ခရီးသွားလုပ်ငန်းတွေ ညည်းညူနေကြတာလည်း အသေအချာပါ။ ဘာလို့လည်းဆိုတော့ ခရီးသွားဝင်ရောက်မှုများလာပြီးတဲ့နောက် မူလသဘောတူညီထားတဲ့ ဈေးနှုန်းထက် သုံးဆ၊ လေးဆ နဲ့ ငါးဆအထိ တက်သွားကြတာကိုး။ အရင်က ဒေါ်လာ ၈၀ တန်အခန်းဟာ အခုဆို ဒေါ်လာ ၂၀၀ နဲ့ ၂၅၀ အထိတက်သွားတယ်လေ။ ကဲ. တက်တယ်ထားဦး.. အဲဒီတက်သွားတဲ့ငွေထဲက ဟိုတယ်ကို ပြင်ဆင်ထိန်းသိမ်းဖို့ ဘာမှမလုပ်တာကတော့ အတော်ဆိုးပါတယ်။ ဒီလိုဈေးတက်တာကလည်း တနိုင်ငံလုံး အတိုင်းအတာထိရှိပါတယ်။

`အရည်အသွေးတူညီတဲ့ ဟိုတယ်၊ လေယာဉ်နဲ့ စားသောက်ဆိုင်ချင်း ယှဉ်ကြည့်ရင် မြန်မာဟာ အိမ်နီးချင်း မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တွေထက် ၃၀ ရာခိုင်နှုန်းဈေးပိုကြီးပါတယ်` လို့ Exotissimo Travel Myanmar ရဲ့ Product and adventure manager, Anne Cruickshanks ကပြောပါတယ်။ အကျိုးရလဒ်ကတော့ မြန်မာပြည်ရဲ့ အုန်းပင်တွေပြည့်နေတဲ့ ကမ်းခြေတွေ၊ စိမ်းလန်းစိုပြေနေတဲ့ တောက်တက်ခြေလျဉ်ခရီးတွေ၊ ယဉ်ကျေးမှုမြင်ကွင်းတွေနဲ့ ဧည့်ဝတ်ကျေပြွန်တဲ့ လူတွေနဲ့ ဆွဲဆောင်ခြင်းခံရတဲ့ ခရီးသွားတွေအတွက် သိပ်မတန်သလိုဖြစ်လာတာပေါ့ဗျာ။

`ကျွန်တော်တည်းခဲ့တဲ့ Summit Park View Hotel ကို ကျွန်တော်တော့ စိတ်ပျက်တယ်ဗျာ` လို့ မနှစ်က အောက်တိုဘာမှာ ခရီးသွားခဲ့တဲ့ ဗီယက်နမ်အခြေစိုက် အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Stephen Bures ကပြောပါတယ်။ `ဒီဟိုတယ်ဟာ အစိုးရပိုင်ဟိုတယ်တစ်ခုလို ခံစားနေရတယ်။ ကော်ဇောတွေက ညစ်ပတ်လို့။ ပစ္စည်းတွေကလည်း အလုပ်မလုပ်ဘူး။ မနှိပ်ဘူးဗျာ..` လို့ ဆိုပါတယ်။

အာဏာပိုင်တွေကို ဒီလိုပြဿနာတွေအတွက် အစီအရင်ခံစာတွေ ရှိခဲ့ပေမယ့် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာတွေ၊ အသစ်ဆောက်လုပ်မယ့် အခန်းသစ်တွေရဲ့ အချက်အလက်တွေ စတာတွေဟာ ၀ိုးတိုးဝါးတားဖြစ်နေပါတယ်။ ရန်ကုန်မှာ ဖွင့်လှစ်မယ့် Centrepoint Hotel ဟာ လာမယ့် ၂၀၁၃ မှာဖွင့်လှစ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါနဲ့အတူ အခန်းပေါင်း ၂၀၀ ကနေ ၃၀၀ အထိ တိုးလာမှာဖြစ်ပါတယ်။ တခြားဟိုတယ်အသစ် လေးခုငါးခုလည်း လာမယ့်နှစ်တွေအတွင်း ဖွင့်လှစ်ဖို့ရှိပါတယ်။

ဒေသတွင်းသက်ရောက်မှုများ

ခရီးသွားလုပ်ငန်းတွေကနေ ၀င်လာတဲ့ ဒေါ်လာငွေတွေကြောင့် ဒေသတွင်းမှာ အကောင်းဘက်က အကျိုးတွေရှိသလို အဆိုးတွေလည်း လျစ်လျူရှုထားလို့မရပါဘူး။ တစ်ခုစိုးရိမ်ရတာက ဒီလို အီးဗီဇာပေါ်လစီဖွင့်ပေးလိုက်တဲ့အခါ တိုးပွားလာတဲ့ ခရီးသွားတွေနဲ့အတူ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဟာ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ မြန်မာ့အသိုင်းအ၀ိုင်းကို မကောင်းကျိုးသက်ရောက်မှာကိုပါပဲ။

`နာဂစ်ဆိုင်ကလုံးပြီးတဲ့နောက်မှာ အမျိုးသမီးအတော်များများဟာ ရန်ကုန်လာပြီး အလုပ်ရှာကြတယ်။ ဒါပေမယ့် အလုပ်မရပဲ လိင်အရောင်းအ၀ယ်လုပ်ငန်းတွေမှာ နစ်မျောသွားကြရရှာတယ်` လို့ မြန်မာပြည် လူ့အခွင့်အရေးဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။ `လူငယ်တွေဟာ ပိုပြီးကောင်းတဲ့အလုပ်ကို ရှာနေရင်း ဒီလိုထောင်ချောက်တွေထဲကို ကျသွားတတ်ပါတယ်` လို့ဆိုပါတယ်။

`၁၉၉၆ ခုနှစ်မှာ မြန်မာ့ခရီးသွားနှစ်ရယ်လို့ ကြေငြာခဲ့ပြီး ပုဂံကို ရှေ့ဟောင်းယဉ်ကျေးမှုမြို့တော်အဖြစ် ဆွဲဆောင်ပြီး အဆောက်အဦတွေကို ပြုပြင်ထိန်းသိမ်းရမယ့်အစား အဆောက်အဦတွေရဲ့ တန်ဖိုးကို အလေးထားရမယ့်အစား ဘုရားတွေကို ဆေးသုတ်ပစ်လိုက်ပါတယ်။ ပြီးတော့ အနီးအနားမှာရှိတဲ့ ရွာသားတွေကို မြို့ပြင်ရွှေ့ခိုင်းလိုက်တာမျိုး စသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ခဲ့ပါတယ်`

`အခြေခံအဆောက်အဦတွေကို တိုးတက်အောင်လုပ်နေတာမျိုးတွေမှာတောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေပါတယ်။ ဥပမာ သီပေါမြို့မှာ လမ်းခင်းတဲ့အခါမှာ စစ်တပ်နဲ့အတူ ဒေသခံလူထုတွေဟာ လုပ်အားပေးစေခိုင်းခံရတာမျိုးရှိပါတယ်။ အစိုးရမှာ ရေရှည်စီမံကိန်းမရှိသလို လူ့အသိုင်းအ၀ိုင်းကလည်း Responsible Tourism (တာဝန်ယူတတ်သော ခရီးသွားလုပ်ငန်း) နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရှိပါဘူး` လို့ဆိုပါတယ်။

ဘယ်တွေကို သွားမလဲ

တချို့နေရာတွေက ဖွင့်ပေးလိုက် ပိတ်လိုက်လုပ်နေသလို တချို့ဒေသတွေတော့ လုံးဝသွားလာခွင့် မရှိတာတွေ ရှိပါတယ်။ အစိုးရစစ်တပ်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ရှိတာကြောင့်လည်း ပါသလို တချို့နေရာတွေမှာတော့ ဘိန်းစိုက်ခင်းတွေကြောင့် သွားလာခွင့်မရတာလည်း ရှိပါတယ် (မြန်မာဟာ ကမ္ဘာမှာ ဒုတိယဘိန်းအထွက်ဆုံးနိုင်ငံ ဖြစ်ပါတယ်)။

မြန်မာပြည်ရဲ့ ဘယ်တွေကို သွားခွင့်ရှိသလဲဆိုတာကို သိရဖို့ အကောင်းဆုံးကတော့ ခရီးသွားအေဂျင်စီနဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်တွေကို လေ့လာကြည့်ဖို့ပါ။ ခရီးသွားကုမ္ပဏီတွေက ပြောပါတယ်။ အခုအချိန်မှာ ခရီးသည်အများကြီးအတွက် လုံလောက်ကောင်းမွန်တဲ့ ယာဉ်တွေရှိပါတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ လုံလောက်မှာမဟုတ်တော့ပါဘူး။ တချို့တွေကတောင် ၀န်ခံနေကြပါတယ်။ ချက်ချင်းလက်ငင်း အော်ဒါလက်ခံရတဲ့အခါမျိုးမှာ ပညာတတ်ကားမောင်းသမားတွေက ဒါနောက်ဆုံးအအခေါက်ပဲလို့ ဆိုတာတွေကို အပြောခံနေရပါတယ်လို့ ၀န်ခံကြပါတယ်။

ဘတ်စ်ကားတွေနဲ့ ရထားတွေဟာ နေရာအနှံ့ကို သွားလာပြေးဆွဲနေပေမယ့် ဈေးပိုကြီးဖို့ရှိပါတယ်။ ဘာလို့လည်းဆိုတော့ ခင်ဗျားတို့ကြိုတင်စီစဉ်ထားတဲ့ ခရီးစဉ်ထက် နာရီပေါင်းများစွာ နောက်ကျတတ်လို့ပါပဲ။ ယာဉ်တွေရဲ့ အရည်အသွေးဟာ ယေဘုယျအားဖြင့် နိမ့်ပါတယ်။ ပြူတင်းတံခါးမရှိတာမျိုး၊ အတွင်းခန်းတပ်ဆင်ထားမှု ညံ့ဖျင်းတာမျိုး၊ အပေါက်အပြဲတွေနဲ့ လမ်းတွေပေါ်မောင်းနေတဲ့ ကားပေါ်ကနေ ရှုခင်းကြည့်နေရတာမျိုးပေါ့။ ဒါကြောင့် တကယ်လို့ ခင်ဗျားဟာ ရှုခင်းတွေကို ငေးကြည့်ပြီးသွားလိုစိတ်ရှိတယ်ဆိုရင်တော့ သက်သောင့်သက်သာမရှိဘူးဆိုတာကို ကြိုသိထားဖို့လိုပါတယ်။  မြန်မာပြည်တွင်းသွားနေတဲ့ လေယာဉ်ခရီးစဉ်တွေတောင် စိတ်ပျက်ဖို့ကောင်းပါလိမ့်မယ်။

`လေယာဉ်တွေဟာ အဓိက ပြည်တွင်းကလူတွေကို အားထားနေရပါတယ်` လို့ Anne Cruickshanks ကပြောပါတယ်။ `အရင်အပတ်က နေ့လည်ပိုင်း လေယာဉ်ခရီးစဉ်အားလုံး ဖျက်သိမ်းလိုက်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေက ခရီးသည်တွေကို နောက်နေ့ မနက် ၆ နာရီလေယာဉ်နဲ့ ချိတ်ပေးရပါတယ်။ ခရီးသွားနည်းပါးတဲ့ရာသီတွေဆို ဒါမျိုးတွေက ဖြစ်နေကျပါ` လို့ဆိုပါတယ်။

လူ့အရင်းအမြစ်နဲ့ပတ်သက်ရင်တော့ ဟိုတယ်အသစ်အတော်များများဟာ သေချာလေ့ကျင့်ပေးထားတဲ့ ၀န်ထမ်းတွေကို ရှာဖွေရ သိပ်ခက်တာတွေ ကြုံနေရပါတယ်။ အတော်အတန် နာမည်ရနေတဲ့ ဟိုတယ်တွေကျတော့လည်း မကြာခင်ဝင်လာတော့မယ့် Oberoi, Marriot, Anatara စတဲ့ အကောင်ကြီးလုပ်ငန်းရှင်တွေရဲ့ ရန်ကုန်အပေါ် မျက်စိကျနေတာတွေကြောင့် လက်ရှိသူတို့ပိုင်ဆိုင်ထားတဲ့ ၀န်ထမ်းတွေကို ကာကွယ်နိုင်ပါ့မလားဆိုပြီး ပူပန်နေကြရပါတယ်။

ဘယ်သူတွေ လာသလဲ

တရုတ်ခရီးသွားတွေဟာ မြန်မာပြည်ကိုလာတဲ့အနက် အများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ခရီးသွားလမ်းညွှန်ပေါင်း ၃၁၆၁ ရှိတဲ့အနက် ၁၂၅ ယောက်ဟာပဲ တရုတ်စကားပြော ဂိုဒ်တွေဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြော ခရီးသည်တွေဟာ ဂိုဒ်ပေါင်း ၁၉၃၁ ကိုငှားယမ်းနိုင်ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်တွေမှာ တခြားနိုင်ငံသားတွေလည်း သူတို့ကိုယ်ပိုင်လမ်းညွှန်စာအုပ်လေးတွေနဲ့ လာရမယ့်သဘောရှိပါတယ်။

ဒါတွေပြောနေပေမယ့်လည်း မြန်မာ့ခရီးသွားလုပ်ငန်းဟာ အတော့်ကို နေသားကျနေတဲ့ အတွေ့အကြုံတွေ ရှိနေပါတယ်။ လုံခြုံစိတ်ချရတဲ့အခန်းတွေ ကြိုတင်ရယူပေးတာမျိုး၊ ခရီးစဉ်တွေကို ချက်ချင်းပြောင်းတာမျိုးကို လက်ခံတာမျိုး နောက် မထင်မှတ်တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတာမျိုးတွေပါ။ ငွေတွေဝင်လာတယ်။ လုပ်ငန်းက တိုးတက်လာတယ်။ နိုင်ငံဟာ အနာဂတ်မှာ ပိုပြီးပြည့်စုံလာမယ့် အငွေ့အသက်တွေရှိပါတယ်။

`ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတဲ့ လက္ခဏာတွေအများကြီးရှိပါတယ်။ ဟိုတယ်အဆင့်တွေ အဆင့်မြင့်လာတယ်။ ကြယ်တွေနဲ့သတ်မှတ်တဲ့ စနစ်တွေ ကျင့်သုံးလာတယ်။ ခရီးသွားပို့ဆောင်ရေးတွေကို အဆင့်မြှင့်တင်လာတယ်။ ၀န်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းအဆင့်အတန်းကို ကိုင်တွယ်ဖြေရှင်းနေပါတယ်` လို့ ဒေါ်ခင်သန်းဝင်းကဆိုပါတယ်။

`ဟိုတယ်ဇုန်အသစ်တွေကို နေပြည်တော်မှာ ဖော်ထုတ်နေပါတယ်။ နောက် မန္တလေး၊ ပုဂံနဲ့ တခြားဒေသတွေ ဥပမာ တောင်ဘက်မှာရှိတဲ့ မြိတ်နဲ့ မြောက်ဘက်က နှင်းတောင်ဒေသတွေအပါအ၀င်ပေါ့` လို့ဆိုပါတယ်။

ကမ္ဘာတ၀ှမ်းက မြန်မာအပေါ်စိတ်ဝင်စားလာတာနဲ့အမျှ အစိုးရကလည်း နိုင်ငံရဲ့ ကျော်ကြားလာမှုနဲ့ ပတ်သက်လို့ ကိုင်တွယ်နေရပါတယ်။ အခုအချိန်မှာ နိုင်ငံဟာ ခရီးသွားဖို့ ရှေ့တန်းရောက်နေသလို အပြစ်ကင်းနိုင်သမျှကင်းအောင် လုပ်နေပါတယ်။ ဒါ့အပြင် အံသြဖွယ်ရာဝန်းကျင်၊ ကြည်နူးစရာဒေသအဖြစ် ဆွဲဆောင်နေပါတယ်။ ခရီးသွားအတော်များများက သူတို့ရဲ့ အတွေ့အကြုံအပေါ် အတော်ပဲ အကောင်းမြင်ကြပါတယ်။

`ဒီခရီးစဉ်ကို အံ့သြဖွယ်ရာ ခရီးစဉ်အဖြစ် မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်ထင်ထားတာထက် ကျွန်တော့်စိတ်ကို ပိုမိုအံ့အားသင့်စေခဲ့ပါတယ်` လို့ ဗီယက်နမ်နိုင်ငံ Oxford University Clinical Research မှ Social Scientist ဖြစ်သူ Jane Chun ကဆိုပါတယ်။

`ပုဂံရဲ့ နေ၀င်ဆည်းဆာချိန်၊ ပုပ္ပါးတောင်ကို တက်ရတဲ့ အတွေ့အကြုံ၊ တောင်ပေါ်ကနေ အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ မြင်နေရတဲ့ တောအုပ်တွေ၊ မဖွံ့ဖြိုးသေးတဲ့ မြေပြင်ကျယ်ကြီးကို မြင်ရပါတယ်။ ခင်ဗျားဒါတွေကို မြင်ရဖို့ မျှော်လင့်ခဲ့ရင်တောင် ရင်သပ်ရှုမောဖွယ်ရာပါပဲဗျာ`

`လူတွေက သိပ်ကိုရင်းနှီးတယ်၊ နွေးထွေးတယ်။ ကျွန်တော်ထင်တယ် နိုင်ငံဟာ အကြာကြီးတံခါးပိတ်ခံထားရလို့ နေမယ် နိုင်ငံဟာ အသစ်အတိုင်းကြီးရှိနေပါသေးတယ်။ နောင်လာမယ့် နှစ်တွေမှာ ဒါတွေပြောင်းလဲသွားလိမ့်မယ်လို့ ထင်ပါတယ်` လို့ဆိုပါတယ်။

လေယာဉ်

မြန်မာပြည်ကို အာရှမြို့ပေါင်း ၁၆ မြို့ကနေ လေကြောင်း ၁၄ လိုင်းပျံသန်းနေပါတယ်။ ဒီနှစ်မှာ ထပ်တိုးဆွဲမယ့် လေကြောင်းလိုင်းတွေရှိနေပါတယ်။ Frankfurt အခြေစိုက် Condor လေကြောင်းလိုင်းဟာ ၂၀၁၂ မှာမြန်မာပြည်ကို ပျံမယ်ပြောပါတယ်။ ကာတာလေကြောင်းလိုင်းဟာလည်း အောက်တိုဘာမှာ စတင်ပျံသန်းမှာဖြစ်ပြီး ဂျပန်အခြေစိုက် ANA လေကြောင်းဟာလည်း ရန်ကုန်ကို ပျံသန်းမှာဖြစ်ပါတယ်။


ရာသီဥတု

ပုဂံဒေသမှာ အပူချိန်ပြောင်းလဲမှုဟာ သိပ်များပါတယ်။ အမြင့်ဆုံး ၄၃ ဒီဂရီကနေ ညဘက်မှာ ၂၀ ကျော်ကျော်အထိ ကျသွားတတ်ပါတယ်။ ပင်လယ်ရေပြင်ထက် ၉၀၀ မီတာမှာရှိတဲ့ အင်းလေးကန်ကတော့ မှောင်လာတာနဲ့ ၁၂ ဒီဂရီအထိကျသွားပြီး ချမ်းစိမ့်စိမ့်ဖြစ်တတ်ပါတယ်။

ဆက်သွယ်ရေး

ခင်ဗျားသိထားသလိုပဲ မြန်မာပြည်ရဲ့ တယ်လီဖုန်းဆက်သွယ်ရေးဟာ အိမ်နီးနားချင်းတွေနဲ့ယှဉ်ရင် နောက်ကောက်ကျကျန်နေခဲ့ပါတယ်။  ပြည်တွင်းတယ်လီဖုန်းတွေဟာ ရန်ကုန်မြို့မှာ လိုင်းမိပေမယ့် နယ်ဒေသတွေမှာ သိပ်အလုပ်မဖြစ်ပါဘူး။ Roaming တွေလည်း မရပါဘူး။ ဒါပေမယ့် လေဆိပ်မှာ စပေါ် ဒေါ်လာ၅၀ ပေးပြီး ဆင်းမ်ကဒ်ကို ငှားလို့ရပါတယ်။ တစ်နေ့ကို ၂ ဒေါ်လာကျပါမယ်။ နောက်တစ်ခု မှတ်ထားရမှာက အင်တာနက်ဟာ ဟိုးအရင်ကထက် လွတ်လပ်လာပေမယ့် မြန်နှုန်းမြင့်အင်တာနက်လိုင်းကိုတာ့ ဘယ်လိုမှ ရမှာမဟုတ်ပါဘူး။

ငွေ

မြို့တွေမှာ ATM တွေ အများကြီးတပ်ဆင်လာပေမယ့် မြန်မာပြည်တွင်းဘဏ်တွေအတွက်ပဲ သုံးလို့ရပါမယ်။ နိုင်ငံခြားဘဏ်အကောင့်က ငွေထုတ်တာမျိုး၊ အကြွေးဝယ်ကဒ်သုံးတာမျိုးတွေ မြန်မာပြည်မှာ မရသေးပါဘူး။ ဒါကြောင့် အကောင်းဆုံးက ငွေကို အိတ်လိုက်သယ်လာတာ အဆင်ပြေဆုံးပါ။ နိုင်ငံခြားငွေတောင် အမေရိကန်ဒေါ်လာ၊ ယူရိုငွေနဲ့ စင်ကာပူဒေါ်လာတွေပဲ အလုပ်ဖြစ်မှာပါ။ ငွေစက္ကူတွေဟာ အသစ်ကျပ်ချွတ်ဖြစ်ရပါမယ်။ ဘာအမှတ်အသား၊ ဘာပြဲရာမှမရှိရပါဘူး။ အရွက်ကြီးလေ ငွေလဲနှုန်းရလေပါ။ ဒေါ်လာ ၁၀၀ တန်ဆိုရင် ငွေအကြွေတွေထက် ၁၅ ရာနှုန်းပိုရပါလိမ့်မယ်။

အကြွေးဝယ်ကဒ်

ဟိုတယ်ကြီးတွေ၊ ခရီးသွားကုမ္ပဏီတွေဟာ အကြွေးဝယ်ကဒ်နဲ့ ငွေထုတ်တာတွေကို ၀န်ဆောင်မှုပေးပါတယ်။ စင်္ကပူဒါမှမဟုတ် ဘန်ကောက်က ကြားခံတဆင့်ကနေ ၀န်ဆောင်မှုပေးပါတယ်။ အကြီးဆုံးဟိုတယ်တွေကတော့ နိုင်ငံတကာငွေပေးချေမှုကို လက်ခံပါတယ်။

ATM ရဲ့ အနာဂတ်

မကြာသေးခင်က ရုတ်သိမ်းလိုက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ ငွေကြေးကို နှုန်းရှင်အဖြစ်သတ်မှတ်နိုင်မှုတွေ စတာတွေဟာ ခရီးသွားတွေအတွက် ပိုမိုအဆင်ပြေလာမှာပါ။ United Overseas Bank ဟာ မြန်မာပြည်မှာ ကိုယ်စားလှယ်ရုံးရှိပါတယ်။ ဒီလိုပဲ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဗောဒီယားကအစ တရုတ်၊ ဂျပန်၊ ထိုင်းနဲ့ စင်္ကပူအထိ ဘဏ်ပေါင်း ၁၅ ခုလောက်ရဲ့ ကိုယ်စားလှယ်ရုံးတွေ ရှိနေပါတယ်။ မကြာခင်က ရတဲ့သတင်းတွေအရ နိုင်ငံတကာဘဏ်အတော်များများဟာ မြန်မာပြည်မှာ ရုံးတွေဖွင့်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဧရာဝတီဘဏ်ဟာ SWIFT စနစ်ကို စတင်ကျင့်သုံးနေပြီး နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ဖို့ စတင်လုပ်နေပါပြီ။ အားလုံးအဆင်ပြေပြီဆိုရင်တော့ ဘာပဲလုပ်လုပ် ကဒ်လေးနဲ့ သုံးနိုင်တာ့မှာပါ။ ဒါပေမယ့် အသုံးအဖြုန်းကြီးသူတွေအတွက် နိုင်ငံခြားကနေ ငွေလှမ်းထုတ်ဖို့ကတော့ နည်းနည်းအလှမ်းဝေးနေဦးမှာပါ။

(CNN Go ရဲ့ Gemma Price ရဲ့ Myanmar: Is now a good time to go? on April 30, 2012 ကို ဆီလျော်အောင်ပြန်ပါသည်။)

မှတ်ချက်။  ။ မြန်မာပြည်ဟာ တံခါးဖွင့်လာသလို ပြင်ပနဲ့ ကူးလူးဆက်ဆံလာတာတွေ များလာတဲ့အတွက် တပါးသူရဲ့ မှတ်ချက်တွေကို အပြုသဘောဆောင်တဲ့အနေနဲ့ လက်ခံတတ်ဖို့ လိုပါတယ်။   

ခင်မင်လျက်
နေ၀သန်

Print

13 ယောက်က မှတ်ချက်ပြုသွားသည်။:

AH said...

မနေ့က CNN မှာ ဖိလစ်ပိုင်နိုင်ငံအကြောင်းကြည့်လိုက်ရပါသေးတယ်... တစ်နှစ်ကို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလံ ရှိပါသတဲ့။ ဒီငွေတွေကို ခုအခါမှာ သူတို့အစိုးရက တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက် အသုံးချဖို့ စီစဉ်နေကြသလို... ပြည်သူတွေထဲကလဲ ဖိလစ်ပိုင်ကို နိုင်ငံခြားသား ခရီးသည်တွေ အလည်လာဖို့ ဆွဲဆောင်မှု့တွေ လုပ်နေတာ လေးတွေ့လိုက်ရပါသေးတယ်။
http://www.itsmorefuninthephilippines.com/ ဒီဆိုဒ်ဆိုရင် ဖိလစ်ပိုင်ရဲ့ ထင်ရှားတဲ့နေရာလေးတွေကို ခရီးသွားတွေ လာချင့်စဖွယ်ဖြစ်အောင် ဖန်တီးထားတာမို့ ကျွန်တော်တို့တွေလဲ ဒါမျိုးလေးတွေကို အတုယူသင့်သလို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဋ္ဌာန ဆိုရင်လည်း ခုကထည်းက ပရောဂျက်ချပြီးတော့ ခရီးသွားတွေ အဆင်ပြေစေနိုင်မယ့် နည်းလမ်းတွေ infrastructure တွေ facility တွေ ဒါမျိုးတွေကို စပြီးတော့ လုပ်သင့်နေပြီလို့ ထင်ပါတယ်။ အီ ဗီဇာသတင်းကြားရတော့ ၀မ်းသာမိပါတယ်။ အပျော်မယ် ကိစ္စတွေကလည်း တရားဝင် လုပ်သင့်နေပါပြီ။ မဟုတ်ရင် အုတ်ရောရော ကျောက်ရောရောနဲ့ ရောဂါတွေ ပျံပြီး ဒီဒုက္ခ၀န်ထုပ်ဝန်ပိုးတွေကို မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံ ထပ်မံ ထမ်းပိုးရပါဦးမယ်။ မည်သို့ပင်ဖြစ်စေ... တိုးတက်မှု့ တက်ရိပ်ပြလာတဲ့အတွက် ၀မ်းသာမိပါကြောင်း၊ ဒီပိုစ့်လေး ဘာသာပြန်ပေးတဲ့ ကိုနေ၀သန်ကို အထူးကျေးဇူးတင်ပါကြောင်း။

ခင်မင်စွာဖြင့်
AH

လွင်ပြင်လှိုင်းငယ် said...

ဘာသာပြန်ပေးလို့ ကျေးဇူးပါ

လင့်လေးချိတ်ပါစေနော်

ညိမ်းနိုင် said...

သိပ်ကောင်းတဲ့ ဘာသာပြန်ပို့စ်လေးပဲ နေနေ...။
မှန်ပါတယ်..။အပြုသဘောဆောင်တဲ့ ခုလိုဝေဖန်မှု
တွေကို ကိုယ်တို့ကြိုဆိုကြရမယ်..၊ဒီပို့စ်ကို ဆိုင်ရာ
ကလူကြီးမင်းတွေဖတ်မိရင်သိပ်ကောင်းမယ်ဗျာ...။
ကိုအားထောင်ပေးတဲ့ကွန်မန့်ကိုလည်းသဘောကျတယ်။
ဖိလစ်ပိုင်ဟာ အိမ်ဖော်အများဆုံးထွက်တဲ့နိုင်ငံတစ်နိုင်ငံ
ပဲ၊ဒါနှိမ်ပြောတာမဟုတ်ပါဘူး...၊ဘာလိုပဲဖြစ်ပါစေ၊
ပေးဆပ်လိုက်ရတဲ့ ဂုဏ်သိက္ခာ၊လုပ်အား၊အရင်းအမြစ်
တွေနဲ့ ရင်းပြီးရလာတဲ့ငွေကို တိုင်းပြည်ထူထောင်ရေး
အတွက်လုပ်လာခဲ့မယ်ဆိုရင် ရင်းရကျိုးနပ်ပါတယ်ဗျာ။
ခုတော့....၊အင်း...နေနေတို့လို လူငယ်တွေရဲ့
အမြင်တွေ ထက်သန်စူရှနေသလောက်.....။
ထားပါတော့လေ.....ပြောချင်တာက သိပ်ကောင်း
တဲ့ပို့စ်တစ်ပုဒ်ပဲ...၊ခုတလော ငါ့ညီလိုင်းနဲနဲပြောင်း
လာသလိုပဲနော်...၊ဒီလိုပို့စ်မျိုးတွေများလာတယ်။
အားပေးနေတယ်....ညီ။

Anonymous said...

ဖတ်သွားပါတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Nyi Linn Thit said...

ဒီဆောင်းပါးမှာ ပါတဲ့ အချက် အားလုံးနီးပါးကို သဘောတူပါတယ်၊ ဆောင်းပါးရဲ့ တင်ပြပုံကိုလည်း သဘောကျတယ်၊ တန်ဆာ မဆင်ဘဲ တိုတိုရှင်းရှင်းနဲ့ အထိရောက်ဆုံး ပြောသွားတာ ချက်ချင်း သဘောပေါက် လွယ်တယ်၊ ဟိုတယ် ကိစ္စကတော့ တကယ့်ကိုပဲ လူပြောစရာကြီး ဖြစ်နေတာ ပါပဲဗျာ၊ ဧည့်သည်ကလေး ဝင်မယ်မှ မကြံသေးဘူး၊ ရသလောက် ယူလိုက်မဟဲ့ ဆိုတဲ့ စိတ်မျိုးကတော့ ရေရှည်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး၊ တာရှည်ခံ ဖွံ့ဖြိုးရေး ဆိုတာ ဘက်စုံ၊ နေရာစုံမှာ လိုအပ်နေတယ် မဟုတ်လား၊ ချောမွေ့တဲ့ ဘာသာပြန် အတွက်လည်း ကိုနေဝသန်ကို ကျေးဇူး တင်ပါတယ်ဗျာ..။

ဟန်ကြည် said...

နေ၀သန်ရေ...
နိုင်ငံတကာက ခရီးသည်တွေက မြန်မာပြည်ကိုလာကြတာ သူရို့တိုင်းပြည်မှာ မြင်ရဖို့မလွယ်တဲ့ ဆင်းရဲနုံချာတဲ့ လူနေမှုဘ၀တွေ...ထမင်းတစ်လုပ်အတွက် ရုန်းကန်နေကြတာတွေကို ကြည့်ဖို့ အားသန်ပြီးလာကြတယ်လို့ ထင်တာပါပဲ...ဘာပဲဖြစ်ဖြစ် ကိုယ့်မှာပြစရာကလည်း ဒါပဲရှိတာ မဟုတ်လား...ဟော်တယ်မှာ ဇိမ်နဲ့ထိုင်မစားဘဲ လမ်းဘေးဆိုင်မှာ စားကြည့်တဲ့ တိုးရစ်တွေ...တိုက်တွေတာတွေကို ဓာတ်ပုံမရိုက်ဘဲ ဟီးနေတဲ့ အမှိုက်ပုံကြီးတွေကိုမှာ မက်မက်စက်စက် ဓာတ်ပုံရိုက်ယူတဲ့ တိုးရစ်တွေ...ဟော့ရှော့ဝတ်ထားတဲ့ မိန်းကလေးတွေကို စိတ်မ၀င်စားဘဲ သနပ်ခါးဘဲကြားနဲ့ ကောက်စိုက်နေကြတဲ့ ကောက်စိုက်မလေးတွေကိုပဲ စိတ်ဝင်တစားကြည့်နေတတ်တဲ့ တိုးရစ်တွေလည်း အများသားပေါ့...

ဒီတော့ လုပ်သင့်တာက ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့နေရာမှာ ၀န်ဆောင်မှုပိုင်းကိုပဲ အဓိကဦးစားပေးပြီး ကျန်တဲ့နေရာလေးတွေကို သဘာဝအတိုင်းထားလိုက်ရုံနဲ့တင် မြန်မာပြည်ဟာ ဆွဲဆောင်မှုရှိပြီးသားပါ ( ဥရောပသားတွေအတွက်ပေါ့လေ )

ဆရာတို့ ပုဂံကိုရောက်တုန်းကလည်း ရှေးဟောင်းအမွေအနှစ်ကို မထိန်းသိမ်းဘဲ မွမ်းမံပစ်လိုက်လို့ တန်ဖိုးပျက်သွားတာတွေ တပုံတခေါင်းကြီးပါ...ဒါတင်မကသေးဘဲ တိုးရစ်ဂိုက်တွေက နိုင်ငံခြားသားဘက်ကလိုက်ပြီး ကိုယ့်တိုင်းရင်းသားတွေကို အော်လိုက်ငေါက်လိုက်လုပ်တာတွေလည်း မမြင်ချင့်အဆုံးပေါ့လေ...

အဓိကကတော့ ဒီလုပ်ငန်းစည်ပင်ဖွံ့ဖြိုးဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စာရိတ္တ ဖွံ့ဖြိုးမှုကို အရင်ရှေ့တန်းတင်ရမယ်လို့လည်း တွေးမိပါတယ်...

စံပယ်ချို said...

သေသေချာချာစိတ်ရှည်လက်ရှည်ကိုပြန်ထားတာပါပဲ
ခုမှအဲတာတွေသိရတယ်
ဗဟုသုတတွေပေါ့အရင်ကတဲကသိသင့်တဲ့အရာပါပဲ
ကျေးဇူးပါပဲရှင်

သတိုး said...

တကယ် ကောင်းတဲ့ ပို့စ်လေးပါ။ မြန်မာပြည်သားတိုင်း သိသင့်၊ဖတ်သင့် ၊ အားတက် ဆင်ခြင်ပြင်ဆင်သင့်တဲ့ ပို့စ်လေးမို့ facebook မှာ share သွားလိုက်ပါတယ် ညီ။

မြစ်ကျိုးအင်း said...

ဖတ်ရတာ တန်ဖိုးရှိတယ်။ ဒီလို ဆောင်းပါးမျိုး ဖတ်ရတဲ့ အတွက် အတွေးတွေ အများကြီး ပွားမိပါတယ်။
နိင်ငံရဲ့ လိုအပ်ချက်တွေ ပြည့်မှီလာပြီး ကမ္ဘာ့ နိင်ငံတွေအလယ်မှာ ဂုဏ်ယူစရာတွေ ပြည့်လာမယ့် နေ့ကို မျှော်လင့်နေမိတော့တယ်။

mstint said...

ဘာသာပြန်ဆောင်းပါးလေးကလည်း ကောင်းသလို ကွန်မန့်တွေကလည်းကောင်းတော့ ဖတ်ရတာ မှတ်စရာတွေအများကြီးရသွားတယ် မောင်နေဝသန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

san htun said...

ဒီလိုပို့ စ်လေးက ခေတ်ရဲ့  လိုအပ်ချက်ကို မီးမောင်းထိုးပြလိုက်တာ..တကယ် လိုအပ်တ ပို့ စ်...

An Asian Tour Operator said...

ဒီဆောင်းပါး ဖတ်ဖူးသလို ပဲလို့ ထင်နေတာ၊ လက်စသတ် တော့ဘာသာပြန်ထားတာကိုး :)။ ဘာသာပြန် တာလဲညက်ညောပါပေတယ်။ အဖိုးတန် ဆောင်းပါးလေးမို့ ခရီးသွား လုပ်ငန်း နယ်ပါယ်က လုပ်ဖော်ကိုင်ဖက်တွေ ကို ဖြန့်ဝေခွင့်ပြုပါ။

Frankie Nyi Nyi said...

ဘာသာပြန်ပုံလေးကြိုက်ပါတယ်ဗျာ။ အောက်က comments ရေးတဲ့ဆရာ ဦးဟန်ကြည် ရဲ့ မှတ်ချက်ကလေးကိုစိတ်ဝင်စားမိလို့

တိုးရစ်ဂိုက်တွေက နိုင်ငံခြားသားဘက်ကလိုက်ပြီး ကိုယ့်တိုင်းရင်းသားတွေကို အော်လိုက်ငေါက်လိုက်လုပ်တာတွေလည်း မမြင်ချင့်အဆုံးပေါ့လေ..

အဲ့ဒါမျက်စေ့ထဲမပေါ်လို့ ဘယ်လိုများအော်တယ်ငေါက်တယ်ဆိုတာ ဥပမာလေးတစ်ခုလောက်နဲ့ ဖြေလို့ရရင်ဖြေပေးပါ
ဦးဟန်ကြည်။ ကျေးဇူးတင်ပါတယ်။