မြန်မာကို စိတ်ဝင်စားသူများ

ဘ၀ဆိုတာဟာ စူးစမ်းလေ့လာခြင်းကြောင့် ပိုပြီးအဓိပ္ပါယ်ပြည့်စုံလာတယ်တဲ့။ ဘာကိုမှ လေ့လာမှုမရှိပဲ တသမတ်တည်း သွားနေရတဲ့ဘ၀ဟာ အင်မတန်ကို ပျင်းရိဖို့ကောင်းလှပါတယ်။ အရာရာကို စူးစမ်းလေ့လာတတ်တဲ့ လူတွေဟာ သူတပါးထက် နှာတစ်ဖျားသာနေတတ်သလို သူတို့ရဲ့ဘ၀တွေဟာလည်း အောင်မြင်တတ်ကြပါတယ်။ ဒါကြောင့်လည်း နိုင်ငံတိုင်းရဲ့ အခြေခံပညာ ကျောင်းအသီးသီးမှာ ဒီလိုစူးစမ်းလေ့လာတတ်တဲ့ အကျင့်လေးတွေ ရလာအောင် ပျိုးထောင်ပေးတတ်ကြပါတယ်။ အနာဂတ်လူငယ်တွေမှာ စူးစမ်းလေ့လာမှုများလေလေ နိုင်ငံဟာ ပိုပြီးတိုးတက်လာလေလေ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကမ္ဘာမှာ တိုးတက်ခေတ်မီနေတဲ့ နိုင်ငံတွေမှာ R&D လို့ခေါ်တဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ အင်မတန်ကို အရေးပါလှတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။ ဘယ်နိုင်ငံရဲ့ နည်းပညာဟာ မြင့်မားတယ်၊ ဘယ်နိုင်ငံရဲ့ ထုတ်ကုန်ဟာ အရည်အသွေးပြည့်မှီတယ် စတာတွေဟာ အဲဒီနိုင်ငံရဲ့ သုတေသနအရည်အသွေး ဘယ်လောက်မြင့်မားတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ R&D လို့ဆိုတာနဲ့ အင်ဂျင်နီယာနည်းပညာနဲ့ သိပ္ပံပိုင်းကိုသာ မမြင်စေချင်ပါဘူး။ ကမ္ဘာမြေကြီးဟာ သိပ္ပံပညာတစ်ခုတည်းနဲ့ ရှင်သန်နေလို့မရပါ။ သိပ္ပံနဲ့ ၀ိဇ္ဇာ ဟန်ချက်ညီညီ ဖွံ့ဖြိုးနေမှသာ သာယာဝပြောတဲ့ လူသားတို့ကမ္ဘာကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံဟာလည်း ၀ိဇ္ဇာပိုင်းဆိုင်ရာ သုတေသနအပိုင်းမှာ မနိမ့်ကျခဲ့ဘူးလို့ ဆိုချင်ပါတယ်။ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ သမိုင်းဆိုင်ရာ စာတမ်းများ၊ ဆရာကြီးဦးဖေမောင်တင်ရဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ် စာတမ်းတွေဟာ ကမ္ဘာအနှံ့မှာ ကျမ်းကိုးအဖြစ် အသုံးပြုနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဟိုအရင်တုန်းက ကျွန်တော်မချင့်မရဲ ရေးဖြစ်ခဲ့တာလေးတွေ ရှိပါတယ်။ အထူးသဖြင့် `မြန်မာပြည်ကလာသည်` ဆိုတဲ့ စာမှာပါ။ ဘယ်နေရာရောက်ရောက် မင်းဘယ်ကလာသလဲ လို့မေးခဲ့လို့ မြန်မာကပါ လို့ပြန်ဖြေရင် မြန်မာပြည် ဘယ်နားမှာရှိတယ်ဆိုတာ မသိတဲ့သူ ခပ်များများပါ။ ဒါပေမယ့် အခုချိန်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာလည်း တဖြည်းဖြည်း မြင့်မားလာနေတဲ့ အခြေအနေပေါ်ရောက်နေပါပြီ။ ကမ္ဘာအနှံ့က သတင်းဌာနတွေမှာ မြန်မာပြည်အကြောင်း မကြာခဏပါလာတတ်ပါတယ်။ ဒါကြောင့် ဒီစာလေးမှာတော့ ဟိုးအရင်ကနဲ့ မတူပဲ ကျွန်တော်တို့မြန်မာပြည်ကို ဘယ်သူတွေက စိတ်ဝင်တစားလေ့လာနေသလဲ ဆိုတာနဲ့ပတ်သက်ပြီး တင်ပြချင်ပါတယ်။

ဂျပန်နိုင်ငံမှာ မြန်မာဘာသာစကားကို သင်ကြားနေတဲ့ တက္ကသိုလ် ၂ ခုရှိပါတယ်။ အိုဆာကာတက္ကသိုလ်နဲ့ တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ် ဖြစ်ပါတယ်။ ဒီတက္ကသိုလ် ၂ ခုက အဓိကအားဖြင့် ဘာသာစကားကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။  အိုဆာကာမှာ မြန်မာစာမေဂျာ ကျောင်းသားပေါင်း ၈၀ ကျော်ရှိပါတယ်။  ဂျပန်လူမျိုး ပါမောက္ခအပါအ၀င် ဆရာအင်အား ငါးယောက်လောက်ရှိပါတယ်။ တစ်ကျောင်းစီမှာ မြန်မာလူမျိုး ဆရာတစ်ယောက်စီ ခန့်ထားပါတယ်။ ဒီကျောင်းနှစ်ကျောင်းက အဓိကအားဖြင့် ဘာသာစကားနဲ့ပတ်သက်ပြီး သင်ကြားလေ့လာမှုတွေ ပြုလုပ်ပါတယ်။ နောက် ဂျပန်နိုင်ငံအနှံ့ တက္ကသိုလ်တွေမှာ အာရှ၊ အာဖရိကလေ့လာရေးဌာန၊ အရှေ့တောင်အာရှဒေသ ဌာန စသဖြင့် ဌာနတွေ အသီးသီးရှိတတ်ပြီးတော့ အဲဒီထဲကမှ မြန်မာပြည်နဲ့ပတ်သက်ပြီး သုတေသန လုပ်ငန်းတွေ ရှိပါတယ်။ ဒီလိုမျိုး ဂျပန်တစ်နိုင်ငံလုံးက တက္ကသိုလ်တွေမှာ မြန်မာပြည်နဲ့ပတ်သက်လို့ လုပ်ခဲ့တဲ့ သုတေသနတွေအားလုံးကို ပေါင်းစည်းပြီး တစ်နှစ်တစ်ခါ စာတမ်းဖတ်ပွဲ ကျင်းပလေ့ရှိပါတယ်။

ဒီစာတမ်းဖတ်ပွဲကို `မြန်မာ့ သုတေသနစာတမ်းဖတ်ပွဲ ビルマ研究会` လို့ခေါ်ပြီးတော့ အစဉ်အဆက် ကျင်းပလာခဲ့တာ အခုဆို အကြိမ် ၂၀ မြောက်ရှိခဲ့ပါပြီ။ မနှစ်က ကိုးရီးယားနိုင်ငံမှာ သွားရောက် ကျင်းပခဲ့ပြီးတော့ ဒီနှစ်မှာတော့ အိုဆာကာမြို့ Expo Park မှာရှိတဲ့ မနုဿပြတိုက် `Museum of Ethnology` မှာ ဧပြီ ၂၁ နဲ့ ၂၂ ရက်နေ့ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။ ဒီပြတိုက်အတွင်းမှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ပြခန်းတွေရှိပြီး ရှေးဘုရင်များရဲ့ ပလ္လင်ကအစ မြန်မာ့အသုံးအဆောင်တွေ ပြထားတာမို့ သီးခြားအနေနဲ့ ထပ်ရေးပါဦးမယ်။ ဒီပြတိုက်မှာ တကမ္ဘာလုံးနဲ့ပတ်သက်ပြီး ယဉ်ကျေးမှု၊ လူသားမျိုးနွယ်စု၊ စတာတွေနဲ့ ပတ်သက်တဲ့ သုတေသနတွေ ပြုလုပ်နေပြီး ဒေသဆိုင်ရာတစ်ခုစီမှာ ပါမောက္ခတစ်ဦးစီ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနဲ့ပတ်သက်ပြီး သီးခြားလေ့လာနေတဲ့ ပါမောက္ခလည်းရှိပါတယ်။ ဒီနှစ်ရဲ့ မြန်မာ့သုတေသနစာတမ်းဖတ်ပွဲကို အဲဒီပါမောက္ခက ဦးစီးဆောင်ရွက်ပြီး အိုဆာကာတက္ကသိုလ် မြန်မာစာဌာနမှူးနဲ့ ဆရာမတစ်ယောက်တို့က ပူးပေါင်းပါဝင် စီစဉ်ခဲ့ပါတယ်။ ဒီပွဲလေးကို ဂျပန်နိုင်ငံ မြို့အသီးသီးက စာတမ်းရှင်တွေ၊ အငြိမ်းစားပါမောက္ခတွေ၊ သုတေသန ပညာရှင်၊ မြန်မာစာကျောင်းသားဟောင်းတွေနဲ့အတူတူ မြန်မာလူမျိုး သုံးဦးပါဝင်တက်ရောက်ခဲ့ပါတယ်။ စုစုပေါင်း လူအင်အား ၇၀ ကျော်ကျော်ရှိတာမို့ အတော်ကို ကျေနပ်အားရစရာကောင်းတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

             စာတမ်းဖတ်ပွဲခန်းမ အပြင်ဘက် မြင်ကွင်း

     စာတမ်းဖတ်ပွဲအတွက် ပြင်ဆင်ထားပုံ

စာတမ်းဖတ်ပွဲအတွက် ပြင်ဆင်ထားပုံ

ဒီပွဲလေးကို ဧပြီ ၂၁ ရက် မနက် ၁၀ နာရီလောက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ဧည့်သည်တွေကို ကြိုဆိုဧည့်ခံပြီး ကော်ဖီ၊ လက်ဖက်ရည်နဲ့ မုန့်တွေနဲ့ ဧည့်ခံပါတယ်။ မနက် ၁၁ နာရီမှာတော့ ပထမဆုံးစာတမ်းကို စတင်ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက် နေ့လည်စာ ထမင်းစားချိန်အနားယူပြီး နေ့လည်ပိုင်းမှာ စာတမ်း ၇ စောင် ဆက်လက်ဖတ်ကြားကြပါတယ်။  အဲဒီနောက် ညစာစားပွဲကို အားလုံး တပျော်တပါးစားသုံးကြပြီး အငြိမ်စားဆရာကြီးများ၊ ဂျပန်မြန်မာချစ်ကြည်ရေးအသင်းမှ ဆရာကြီးများ၊ ပါမောက္ခများက အသီးသီး နှုတ်ဆက်ကြပါတယ်။ ဒေသစံတော်ချိန် ည ၉နာရီခန့်မှာ ညစာစားပွဲ ရုပ်သိမ်းပြီး ပထမနေ့အစီအစဉ်ကို ရပ်နားခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာတော့ ကျန်ရှိတဲ့ စာတမ်း ၂ စောင်ကို ၁၀ နာရီကနေ စတင်ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက် ကိုဘေးမှာရှိတဲ့ မြန်မာစားသောက်ဆိုင်ကို ပျော်ပွဲစားခရီး ထွက်ဖြစ်ခဲ့ကြပါတယ်။ 

ဒီပွဲလေးမှာ စုစုပေါင်း စာတမ်း ၁၀ စောင်ဖတ်ကြားခဲ့ပါတယ်။ ဖတ်ကြားခဲ့တဲ့ စာတမ်းတွေဟာ စိတ်ဝင်စားဖို့ အင်မတန်ကောင်းလှသလို စာတမ်းပြုစုသူတို့ရဲ့ ဇွဲနပဲကိုလည်း ချီးကျူးမိပါတယ်။ ဒီစာတမ်း ၁၀ စောင်ထဲကနေ အကြောင်းအရာတချို့ကို ထုတ်နုတ်ပြီး တင်ပြချင်ပါတယ်။

ပထမဆုံးစာတမ်းအနေနဲ့ `၁၃ ရာစု ပုဂံခေတ်ရဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ပေါ် စီးထားတဲ့ ရုပ်ပုံများ` နဲ့  ပတ်သက်ပြီး တင်ပြသွားပါတယ်။ ပုဂံဘုရားတွေရဲ့ အ၀င်တံခါး တဖက်တချက် နံရံတွေမှာ ရေးဆွဲထားတဲ့ ရုပ်ပုံတွေကို ကြည့်ပြီး လေ့လာခဲ့တာပါ။ အဲဒီခေတ်က ပုဂံယဉ်ကျေးမှုဟာ ဟိန္ဒူဝါဒ အင်မတန် လွှမ်းမိုးခံခဲ့ရပါတယ်။ ဗြဟ္မဏဘာသာမှာ ဗြဟ္မာ၊ သီဝနဲ့ ဗိဿနိုးဆိုတဲ့ နတ်ဘုရားသုံးပါးရှိပါတယ်။ ဒီနတ်ဘုရားသုံးပါးရဲ့ ရုပ်ပုံတွေမှာ အကောင်တစ်ကောင်စီကို စီးနင်းထားတာ တွေ့ရပါတယ်။ အဲဒီနောက် သူရဿတီကအစ စီးတော်ယဉ်အကောင်တစ်ကောင်တော့ ရှိတတ်တာမို့ ပုဂံရဲ့ စေတီဘုရားနံရံတွေမှာ အဲဒီလို ဆေးရေးပန်းချီတွေ တွေ့မြင်နိုင်ပါတယ်။ တချို့တွေက မြင်း၊ တချို့တွေက ငှက် စသဖြင့် အကောင်တစ်ကောင်ကောင်ကို စီးနေတတ်ပါတယ်။ ဒီဆေးရေးရုပ်ပုံတွေကို လေ့လာပြီး အိန္ဒိယမှာရှိတဲ့ ဟိန္ဒူကျောင်း၊ ကမ္ဗောဒီးယားမှာရှိတဲ့ အန်ကောဝတ်နဲ့ တိဗက်ကနေ ဆင်းသက်လာတဲ့ ရုပ်ပုံအချို့နဲ့ နှိုင်းယှဉ်သုံးသပ်ပါတယ်။ ဒီစာတမ်းကိုတော့ တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ် ပါရဂူတန်း ကျောင်းသားတစ်ဦးမှ ဖတ်ကြားသွားခဲ့ပါတယ်။

၁၃ ရာစုပုဂံခေတ်၏ ရုပ်ပုံများကို စတင်ဖတ်ကြား

ဒုတိယစာတမ်းအနေနဲ့ မြန်မာပြည်ရဲ့ တိုင်းရင်းသားဘာသာစကားများထဲမှာ ကချင်ဘာသာစကား၊ ဂျင်းဖောနဲ့ပတ်သက်ပြီး ဘာသာဗေဒ (Linguistics) ရှုထောင့်ကနေ တင်ပြသွားပါတယ်။ ဂျင်းဖောဘာသာစကားဟာ ဒေသအလိုက် ကွဲပြားမှုလေးတွေရှိပါတယ်။ ဒီစာတမ်းရှင်ကတော့ မြစ်ကြီးနားရဲ့ လေယူလေသိမ်းနဲ့ပတ်သက်ပြီး ဖတ်ကြားသွားပါတယ်။ ဒီစာတမ်းရှင်ဟာလည်း တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ် ပါရဂူကျောင်းသားတစ်ဦးကပဲ ဖတ်ကြားသွားပါတယ်။

နောက် စာတမ်းရှင်ကလည်း ကချင်ဘာသာစကားနဲ့ပတ်သက်ပြီးတော့ပဲ ဖတ်ကြားသွားပါတယ်။ ဒီကျောင်းသားက အိုဆာကာတက္ကသိုလ်ကနေ မြန်မာစာနဲ့ ဘွဲ့ရပြီးတဲ့နောက် ကျိုတိုတက္ကသိုလ်မှာ ဘာသာဗေဒအထူးပြုနဲ့ မဟာတန်းဆက်တက်ရာမှ အခုဆို ပါရဂူတန်းမှာ စာတမ်းပြုစုနေသူတစ်ဦးပါ။ လက်ရှိ မြန်မာစာဌာနမှူးရဲ့ တပည့်တွေထဲမှာ အတော်ဆုံးကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ စာတမ်းမှာတော့ အဓိကအားဖြင့် ပူတာအိုလေယူလေသိမ်းကို လေ့လာထားပြီး မြစ်ကြီးနားလေသံနဲ့ ဗန်းမော်လေသံတို့နဲ့ နှိုင်းယှဉ်ပြထားပါတယ်။

နောက်စာတမ်းတစ်ခုကတော့ ကျွန်တော်တို့ ကြားဖူးခဲ့တဲ့ `သက်` ဆိုတဲ့ လူမျိုးအကြောင်းပါ။ စာတမ်းထဲမှာ Sak လို့ရေးထားတာမို့ အတော်ကို စဉ်းစားယူလိုက်ရပါတယ်။ ဒီလူမျိုးဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ နေထိုင်ကြပြီး လူဦးရေအားဖြင့် ၂၀၀၀ ခန့်ရှိတယ်လို့ဆိုပါတယ်။ ဘင်္ဂလားတွေက​ `ချတ်` လို့ခေါ်ပါတယ်။ အဲဒီမှာနေတဲ့ မားမာ (Marma) နဲ့ ရခိုင်တွေကတော့ `ဆတ်` လို့ခေါ်သတဲ့။ ဗမာတွေကတော့ `သက်` လို့ခေါ်တယ်လို့ ဆိုပါတယ်။ တကယ်တမ်းက ဒီလူမျိုးတွေက ပျူခေတ်လောက်တုန်းက စစ်ကိုင်းတိုင်းအထက်ပိုင်းလောက်မှာ နေထိုင်ခဲ့တယ်လို့ထင်ပါတယ်။ သမိုင်းတွေမှာ ပျူ၊ သက်၊ ကမ်းယံ စသဖြင့် ကြားဖူးခဲ့တာမို့ပါ။ အခုအချိန်မှာတော့ မြန်မာပြည်တွင်းမှာ မရှိတော့ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမှာပဲ အနည်းငယ်ကျန်တော့တဲ့ သဘောလို့ထင်ပါတယ်။ ဘာသာစကားအနေနဲ့ တိဗက်-ဗားမန်းအနွယ်ဝင် လုအိ (Lui) ဘာသာစကားနဲ့နွယ်တဲ့ စကားကို ပြောတယ်ဆိုပါတယ်။ သူတို့ရဲ့ စကားတွေကို ဘာသာဗေဒ သင်္ကေတတွေနဲ့ ရေးထားတာမို့ အသေးစိတ်ကို နားမလည်တာမို့ အကြမ်းဖျဉ်းပဲ တင်ပြလိုက်ပါတယ်။ ဒီစာတမ်းရှင်ကတော့ ကျိုတိုတက္ကသိုလ်နဲ့ အိုဆာကာတက္ကသိုလ်တို့ရဲ့ သုတေသနပညာရှင်တစ်ဦးက ဖတ်ကြားသွားပါတယ်။ ထူးဆန်းတာက ဒီလူဟာ မြန်မာစကားလုံးဝ မတတ်ပဲ ရခိုင်ဒေသ မြောက်ဦးမြို့ကတဆင့် ဒီစာတမ်းကို ပြုစုသွားတာပါပဲ။ 

သက်လူမျိုးအကြောင်းလေ့လာရင်း ရခိုင်ပြည်နယ်မှ အံတော်သိမ်ပုထိုး

နောက်စာတမ်းတစ်ခုကတော့ မြန်မာပြည်မှာ လုပ်ကိုင်ခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်းကို အိုဆုအမျိုးသမီးတက္ကသိုလ်က သုတေသနပညာရှင် အမျိုးသမီးတစ်ဦး ဖတ်ကြားတာပါ။ မြန်မာပြည်ရဲ့ အခြေခံကျောင်းတွေမှာ လုပ်ဆောင်ခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပြုစုထားတာပါ။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ အခြေခံကျောင်းပေါင်း ၁၀၁ ကျောင်းနဲ့ တပြည်လုံးမှာရှိတဲ့ ပညာရေးကောလိပ်တွေမှာ လုပ်ဆောင်ခဲ့ပါတယ်။

နောက်စာတမ်းတစ်ခုကိုတော့ နာမည်ကြီး ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျောချိတက္ကသိုလ် နိုင်ငံခြားဘာသာဌာန အာရှယဉ်ကျေးမှုသုတေသနဌာနက ပါမောက္ခ နဲမိုတို ဖတ်ကြားပါတယ်။ သူဖတ်သွားတာက Anglo-Barman အကြောင်းပါ။ အန်ဂလိုဘားမန်းဆိုတာက အဖေက အနောက်တိုင်းသွေးနဲ့ အမေက မြန်မာသွေးရောနေတဲ့ ကပြားတွေကို ဆိုလိုတာပါ။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ အဲဒီအချိန်မှာ အန်ဂလိုဘားမန်းတွေ ၀.၁၃% ရှိတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ရန်ကုန်၊ မေမြို့နဲ့ ကလောမြို့တွေမှာ နေထိုင်ကြပါတယ်။ သူတို့နဲ့ ပတ်သက်တဲ့ မိခင်ဘာသာစကား၊ ဘာသာတရား စတာတွေကို လေ့လာခဲ့ပါတယ်။ ပြီးတော့ စစ်တမ်းအသီးသီး ကောက်ယူခဲ့ပါတယ်။ ဥပမာတစ်ခုအနေနဲ့ အန်ဂလိုဘားမန်းတွေအနေနဲ့ မိခင်နိုင်ငံအဖြစ် ဘယ်နိုင်ငံကို ရွေးမလဲဆိုတာမျိုးပါ။ အဲဒီစစ်တမ်းမှာ မြန်မာနိုင်ငံကိုပဲ မိခင်နိုင်ငံအဖြစ်ရွေးခဲ့တာ ယောက်ျား ၇ ဦး၊ မိန်းမ ၄ ဦး။ လက်ရှိနေနေတဲ့နိုင်ငံကို မိခင်နိုင်ငံအဖြစ်ရွေးတာ (ဥပမာ သြစတြေးလျဖခင်ကဖွားလို့ Perth မြို့မှာနေထိုင်သူများ) က ကျား ၂ ဦး၊ မ ၃ ဦး။ အင်္ဂလန်ကို ရွေးတာက ကျား  ၁ ဦး၊ မ ၂ ဦးနဲ့ ဘာမှမရွေးတာက ကျား ၄ ဦး မ ၁ ဦး။ ဖြစ်ပါတယ်။ အလားတူ စစ်တမ်းတွေ ကောက်ယူခဲ့ပြီး စာတမ်းပြုစုခဲ့ပါတယ်။ ဒီစာတမ်းဟာ အင်မတန်ကို စိတ်ဝင်စားဖို့ ကောင်းပြီး အသေးစိတ်ကျလွန်းတာမို့ အကြမ်းဖျဉ်းပဲ တင်ပြလိုက်ပါတယ်။

နောက်စာတမ်းက မြန်မာနိုင်ငံရဲ့ ဆန်စပါးအကြောင်းကို တင်ပြတာပါ။ ၁၈၇၂ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ လေ့လာခဲ့တာတွေကို ပြုစုထားတာပါ။ ဥပမာ အဲဒီနှစ်တွေအတွင်း စိုက်ပျိုးမြေဧက တိုးပွားလာမှု၊ ကောက်ပဲသီးနှံ တိုးစိုက်လာမှု၊ ဆန်စပါးတင်ပို့မှု စတာတွေကို ဂရပ်တွေနဲ့ ဖတ်ကြားပါတယ်။ နောက် ၁၈၇၂  ကနေ ၂၀၀၈ အထိ မြန်မာနိုင်ငံကနေ ဆန်စပါးတင်ပို့နေတဲ့ ထိပ်သီးနိုင်ငံတွေကို ဇယားနဲ့ချပြခဲ့ပါတယ်။ စာတမ်းရှင်ကတော့ တိုကျိုတက္ကသိုလ် အရှေ့ပိုင်းယဉ်ကျေးမှု သုတေသနဌာနက ဖြစ်ပါတယ်။

မတ်လကုန်တွင် ထွက်ရှိလာသည့် လယ်ယာမြေဥပဒေနှင့်ပတ်သက်၍ ပြောကြားစဉ်

နောက်စာတမ်းတစ်ခုကတော့ ဆိုက်ကလုန်းနာဂစ်အပြီး သုံးနှစ်ကြာ အခြေအနေတွေကို တင်ပြထားပါတယ်။ ၂၀၀၈ မေလနာဂစ်အပြီးမှာ စိုက်ပျိုးမြေဧက ဘယ်လောက်ထိ လျော့ကျသွားသလဲ။ နာဂစ်အပြီး ၂၀၀၉ ခုနှစ် မုတ်သုန်ကာလမှာ ဘယ်ဒေသတွေက စိုက်ပျိုးမြေဧက ပြန်လည်ထူထောင်နိုင်ပြီး ဘယ်ဒေသတွေက ဆက်လက်ပြီး လျော့နည်းနေသလဲ ဆိုတာတွေကို လေ့လာထားပါတယ်။ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးမြေ ပြန်လည်ထူထောင်နိုင်ရေးအပေါ်မှာ ပစ်မှတ်ထား လေ့လာထားတဲ့ စာတမ်းတစ်စောင်ဖြစ်ပါတယ်။ စာတမ်းရှင်ကတော့ ရိစုမေကန်တက္ကသိုလ်ကဖြစ်ပါတယ်။ ၂၁ ရက်နေ့အတွက် နောက်ဆုံးစာတမ်းရှင်ဖြစ်ပါတယ်။

စာတမ်းဖတ်ပွဲကျင်ပနေဆဲ

ဧပြီ ၂၂ ရက်နေ့မှာ ပထမဆုံးဖတ်ကြားခဲ့တဲ့ စာတမ်းက ၃၇ မင်းနတ်နဲ့ပတ်သက်ပြီး မြန်မာပြည်မှာ ၂ နှစ်ကြာသုတေသန လုပ်ခဲ့တဲ့ စာတမ်းပါ။ စာတမ်းရှင်က အိုဆာကာတက္ကသိုလ်ကနေ မြန်မာစာနဲ့ ဘွဲ့ရပြီး အိုဆာကာတက္ကသိုလ် မနုဿဗေဒဌာနမှာ ဘွဲ့လွန်ဆက်တက်ရာမှ အခုလက်ရှိ ပါရဂူကျမ်းပြုနေသူ တစ်ဦးပါ။ ဒီ ၃၇ မင်းနဲ့ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ နတ်ကတော်များစွာနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပြီး တောင်ပြုန်းနတ်ပွဲတွေကို အကြိမ်ကြိမ်သွားရောက် လေ့လာခဲ့သူလည်းဖြစ်ပါတယ်။ အထူးသဖြင့် ဒီခေါင်းစဉ်နဲ့ ပတ်သက်လို့ သူတို့အတွက် တကယ်ကို ခက်ခဲပါတယ်။ `နတ်` ဆိုတဲ့ စကားလုံးကအစ၊ ၃၁ ဘုံအဆုံး၊ ရှင်းပြရခက်ခဲပါတယ်။ ဒါ့အပြင့် နတ်ကန္နားပွဲပေးတဲ့အခါမှာ သုံးနှုန်းတဲ့ အသုံးအနှုန်းတွေကို ဝေါဟာရ ဖလှယ်တဲ့နေရာမှာ အတော်ကို ကသိကအောက်နိုင်အောင် ခက်ခဲပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာတမ်းရှင်ကတော့ ပါရဂူဘွဲ့အတွက် ဆက်လက်ပြီး လေ့လာနေဆဲပါ။ မြန်မာပြည်ရဲ့ ၃၇ မင်းနဲ့ပတ်သက်လို့ ဦးဖိုးကျားနဲ့ ဦးကံမင်းရေးတဲ့ စာအုပ်တွေကအစ အခုနောက်ဆုံးထွက်တဲ့ မင်းစည်သူရဲ့ မြန်မာနိုင်ငံ နတ်ကိုးကွယ်မှုသမိုင်းပေါင်းချုပ်အဆုံး၊ ဗုဒ္ဓဘာသာနဲ့ နတ်ကိုးကွယ်မှုရှင်းတမ်း အပါအ၀င် မြန်မာစာအုပ်အမြောက်အမြားကို ဖတ်ရှုလေ့လာနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

နတ်ကန္နားပွဲမှ မြင်ကွင်းတချို့ကို ဗီဒီယိုဖြင့်ရှင်းပြနေစဉ်

နောက်ဆုံးစာတမ်းရှင်ကတော့ မြန်မာပြည်ရဲ့ ဗုဒ္ဓဘာသာအကြောင်းကို တင်ပြသွားပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် မြန်မာနိုင်ငံ သံဃာ့မဟာနာယကအဖွဲ့၊ ဗုဒ္ဓစက္က ဓမ္မဇက်၊ လောကပါလ တရားများ စသဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစမှ ခေတ်အဆက်ဆက် အသုံးအနှုန်းတွေကို ရှင်းပြပါတယ်။ ဖတ်ကြားသူကတော့ မိုတိုတိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်က ပါမောက္ခဖြစ်ပါတယ်။ ဒီစာတမ်းကို ဂျပန်ဘုန်းတော်ကြီးတစ်ပါးပါ တက်ရောက်နားထောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂၀၀၈

 ညစာစားပွဲတွင် တည်ခင်းထားသည့် အချိုပွဲများ

 အကျဉ်းချုပ်ရရင်တော့ အလွန်ပျော်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဘာသာစကားကို တလေးတစားနဲ့ သင်ယူကြသလို၊ ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးလည်း အားကြိုးမာန်တက် လေ့လာကြတာကို မြင်ရတော့ ကျေနပ်မိပါတယ်။  ဘယ်သူနဲ့တွေ့တွေ့ မြန်မာလိုပဲ ပြောလို့ရပါတယ်။ အားလုံးနီးပါးက မြန်မာလိုတော်တော်မတတ်တောင် အနည်းငယ်တော့ ပြောနိုင်ဆိုနိုင်တာမို့ ကြည်နူးမိပါတယ်။ နောက်နှစ်မှာလည်း တိုကျိုနိုင်ငံခြား ဘာသာတက္ကသိုလ်မှာ ပြန်လည်ဆုံစည်းပါဦးမယ်။

တခါက ကျွန်တော့်ကို ပြောဖူးပါတယ်။ မြန်မာပြည် ဒီမိုကရေစီရလို့ လွတ်လပ်သွားရင် မိန်းကလေးတွေ မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုး မ၀တ်တော့မှာ စိုးရိမ်တယ်တဲ့..။ တကယ် လေးလေးနက်နက် ပြောနေတဲ့ သူတို့ကို ကြည့်ပြီး အဲဒီတုန်းကတော့ သူ့ဘာသာသူတော့ ဖြစ်သွားမှာပါ၊ အခုလည်း ထမီရင်ဖုံးမ၀တ်တဲ့သူတွေ အများကြီးပဲလေ လို့ပြောလိုက်မိပါတယ်။ အဲဒီလောက်လည်း အရေးမကြီးလောက်ပါဘူးလို့ အဲဒီအချိန်တုန်းက ထင်ခဲ့မိတယ်။ အခုတော့ သူတို့ကြိုတင် ပူပန်ထားသလိုများ ဖြစ်လာတော့မှာလား..။

 နောက် မြန်မာပြည်မှာ အမြဲတမ်းစီးပွားရေး ကိစ္စအတွက်သွားနေတဲ့ ပုဂ္ဂိုလ်ကတော့ မြန်မာပြည်ကို ထိုင်းလို မဖြစ်စေချင်ဘူးတဲ့။ မြန်မာတွေက အရင်က ငွေဆိုတာထက် ရင်ထဲက နှလုံးသားနဲ့ မေတ္တာတရားတွေ ထွန်းကားတဲ့ နိုင်ငံပါတဲ့။ အခု တဖြည်းဖြည်း တိုးတက်လာတော့မယ့် အချိန်မှာ မြန်မာလူမျိုးတွေ ငွေမှ ငွေဆိုတာ ဖြစ်လာမှာ စိုးတယ်တဲ့။ မြန်မာလိုပဲ ကျွန်တော့်ကို ပြောသွားတာပါ။ လွတ်လပ်မှုတွေ တိုးပွားလာတာနဲ့အတူတူ ကိုယ့်ကိုယ်ကို၊ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ဖို့ ကျွန်တော်တို့ လူမျိုးတွေ တတ်နိုင်ပါ့မလားလို့ ယောင်ယမ်းတွေးမိလိုက်ပါသေးတယ်။

အခုလက်ရှိအချိန်မှာ မြန်မာစာကျောင်းသူ နှစ်ဦး မြန်မာပြည်မှာ ပညာသင်ကြားနေပါတယ်။ တစ်ဦးက ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နဲ့ နောက်တစ်ဦးက မြန်မာ့အကကို လေ့လာနေပါတယ်။ သူတို့ဟာ အမြဲတမ်း ထမီနဲ့ ရင်ဖုံးအင်္ကျီနဲ့ ဟိုဟိုဒီဒီ သွားလာနေတတ်ပါတယ်။ သူတို့လေးတွေလို ကိုယ်တွေလည်း မြန်မာ့ရိုးရာဝတ်စုံလေးတွေကို မြတ်နိုးနိုင်ပါစေလို့ စိတ်ထဲကပဲ တိတ်တဆိတ် ဆုတောင်းနေမိပါတယ်။ 

မြန်မာပြည်ဟာ မချမ်းသာပါ။ မြန်မာပြည်ဟာ မတိုးတက်ပါ။ မြန်မာပြည်မှာ မြို့ပတ်ရထားတွေ ကျည်ဆံရထားတွေ၊ လေယာဉ်တွေတ၀ှီးဝှီးနဲ့ မရှိသေးပါ။ မြန်မာပြည်မှာ လျှပ်စစ်မီးမမှန်တတ်သေးပါ။ မြန်မာပြည်မှာ အင်တာနက်မကောင်းသေးပါ။ မြန်မာပြည်က ဘတ်စ်ကားတွေမှာ ဖြစ်သလိုစီးနေရဆဲပါ။ မြန်မာပြည်မှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေဆဲပါ..။

ဒါပေမယ့် ဟိုးအရင်ကတည်းက မြန်မာပြည်ကို နိုင်ငံခြားသားတွေ အသည်းထဲကနေ ချစ်နေစေတာက မြန်မာတွေရဲ့ ရိုးသားမှု၊ ဖြူစင်မှု၊ ကြင်နာမှု၊ ကူညီတတ်မှု၊ ဘာသာတရားကိုင်းရှိုင်းမှု၊ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတတ်မှုတွေကြောင့်ပါ..။ ဒီအရာတွေအားလုံး မြန်မာ့အသိုင်းအ၀ိုင်းမှာ နည်းပါးသွားခဲ့ရင်တော့ဖြင့်........


ခင်မင်လျက်
နေ၀သန်

Print

13 ယောက်က မှတ်ချက်ပြုသွားသည်။:

AH said...

ဂျပန်တွေရဲ့ စည်းစနစ်ကတော့ လေးစားစရာပါပဲ။ R&D ကတော့ ငွေစိုက်ထုတ်မှု့လဲလိုတယ်..... တစ်ကယ် R&D လုပ်တဲ့ ပညာရှင်တွေကလည်း Professional ပီသဖို့လိုတယ်။ သူများနိုင်ငံက လာပြီးတော့ ကူညီနေတဲ့ NGO တွေ မြန်မာပြည်မှာရှိနေပေမယ့် တစ်ကယ်အလုပ်လုပ်နေတဲ့လူတွေ Pro မပီသတာတွေလဲ တွေ့နေရတာအများကြီးပဲ။ နှစ်ကုန် စာရင်းချုပ်ခါနီးတော့မှ ဆေးတွေ မကုန်တော့လို့ ဆေးရုံတွေ လျှောက်ပြီး ဝေပစ်တာတို့၊ စာရင်းတွေ လိမ်ပြီး တင်တာတို့။ ဒါတွေဟာ တစ်ကယ်လိုအပ်တဲ့ ကျေးရွာ၊ ဒေသတွေဆီကို ကိုယ်တိုင် ဖိဖိစီးစီးကွင်းဆင်းမလုပ်ပဲနဲ့ ရုံးခန်းထဲမှာတင်ထိုင်၊ သူတပါးပေးလှုနေတဲ့ အလှုဒါနကို တစ်ကယ် အကူအညီလိုအပ်နေတဲ့ လူတွေဆီရောက်အောင် Pro ပီပီသသ အလုပ်မလုပ်တာပါပဲ။ ဒီတော့ စိတ်ဓာတ်တွေလည်း အောက်တန်းကျမနေဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ မဟုတ်ရင် R&D ဆိုတာကြီးကလဲ မျောက်ပြ ဆန်တောင်းကောင်းယုံနဲ့ အချိန်ကုန်၊ ငွေကုန် နဲ့ ဘာမှ အဖတ်မတင်တာကြီး ဖြစ်နေမယ်လို့ ထင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်အကြောင်းကို အသေးစိတ် လေ့လာနေကြပုံလေးကို ဖော်ပြပေးလို့ ကိုနေ၀သန့်ကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

သိင်္ဂါကျော် said...

အနောက်ဘက် နိုင်ငံတွေမှာ မြန်မာနိုင်ငံကလို့ ပြောရင် ဘယ်နားမှာ မှန်းမသိလို့ တော်တော် ပြောယူရပါတယ်.. ထိုင်းနိုင်ငံတို့ တရုတ်နိုင်ငံတို့နဲ့ ဆက်စပ်ပြောမှ တည်နေရာကို မှန်းမိကြပါတယ်.. မြန်မာ ဆိုတာကို ကမ္ဘာက သိစေချင်ပါတယ်။
ဒါပေမယ့်လည်း ထိုင်းလိုလည်း မဖြစ်စေချင်ပါဘူး.. စီးပွားရေး တိုးတက်မှုနဲ့အတူ.. မိန်းကလေးတွေ အဝတ်အစား.. အကျင့်စာရိတ္တ ယဉ်ကျေးမှု မထိန်းသိမ်း ကြတော့တာတွေ နိုင်ငံခြားသားတွေနဲ့ အိမ်ထောင်ကျကြတာတွေတော့ မဖြစ်စေချင်ပါဘူး..။

ဟန်ကြည် said...

ဖတ်ပြီးတော့ အားရသလို အားလည်းပျက်မိတယ် နေ၀သန်ရေ...

အားရတဲ့အကြောင်းကတော့ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်သမိုင်းကြောင်းကို ပြည်ပနိုင်ငံတစ်ခုက စိတ်ဝင်တစားရှိပြီး စနစ်တကျ လေ့လာနေလို့ပါ...

အားပျက်ရတဲ့အကြောင်းကတော့ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်သမိုင်းကြောင်းကို ကိုယ့်ပြည်သူ၊ ပြည်သားတွေက မြတ်နိုးရကောင်းမှန်း တန်ဖိုးထားရကောင်းမှန်း မသိတော့တာကိုပဲ...

သူရို့ဖတ်သွားတဲ့ စာတမ်းတွေကို လိုက်ကြည့်ရင်း ကိုယ့်ဆီမှာ ဒေါက်တာသန်းထွန်းနဲ့၊ ဆရာမကြီး မကြန်တို့လောက်ပဲ တပင်တပန်းလုပ်ခဲ့ကြတဲ့ သုတေသနတွေကို ပရောဂျက်ပုံစံဖွဲ့ပြီး အုပ်စုလိုက် လုပ်နေကြတာ အင်မတန်မှ ကျေနပ်မိပါရဲ့...ကိုယ့်ဆီမှာလည်း အနှီလို လုပ်ကြရင် ဘယ်လောက်များကောင်းလိမ့်မလဲလို့ စဉ်းစားမိလိုက်ပါသေးတယ်...အခုတော့ ကိုယ့်ဆီမှာ ဗန္ဓုလထက် ဂျူမုံက ပိုအရေးပါနေပြန်သကိုး...ကိုရီးယားက ဂျယ်ဂျူဒိုကို လူအတော်များများ သိပေမယ့် ဗိဿနိုးကို လူတွေ မသိတော့တာ ဘယ်လောက်များ ရင်နာဖို့ ကောင်းလိုက်သလဲ...

နောက်ပိုင်းကာလမှာ အနောက်တိုင်းသားတွေ၊ နိုင်ငံခြားသားတွေက ကိုယ့်ယဉ်ကျေးမှုကို မြတ်မြတ်နိုးနိုးနဲ့ ထိန်းသိမ်းကြပြီး ကိုယ့်လူမျိုးတွေက စိတ်တိုင်းကျ ဖျက်ဆီးနေကြမှာ တွေးရင်း ရင်နာလာမိသလိုပဲ...

သတိထားမိသလောက် နိုင်ငံခြားသားတွေ ချစ်မြတ်နိုးတဲ့ စိတ်ကောင်း၊ စေတနာကောင်းတွေ ကိုယ့်တိုင်းပြည်မှာ တဖြည်းဖြည်း လုံးပါးပါးလိုက်လာနေတာပါပဲ...ဘယ်သူသေသေ ငတေမာရင်ပြီးရော၊ လစ်သလိုဖြောင်မယ့် တစ်နပ်စားသမားတွေကို နေ့ရှိသမျှ မြင်နေရတော့ ကိုယ့်တိုင်းပြည်ကလူတွေဟာ စေတနာနဲ့ရော တန်သေးရဲ့လားလို့ သံသယဖြစ်မိပါရဲ့...

တွေးစရာတွေမှ အများကြီးပဲ နေ၀သန်ရေ...သက်ပြင်းလည်း ချလိုက်မိပါရဲ့...ရင်မောလိုက်တာ...

မဒမ်ကိုး said...

ကိုနေ၀သန်ရေ ဖတ်ပြီးတော့ ရင်ထဲမှာ ခပ်မောမောကြီျးကျန်ခဲ့တယ်
တိုင်းတစ်ပါးနိုင်ငံတွေက မြန်မာ့ယဉ်ကျေးမှု့ မြန်မာ့စိတ်ထားတွေ ကိုတန်ဖိုးထားလေ့လာနေချိန်မှာ ကျမတို့နိုင်ငံမှာ တိုင်းတပါးယဉ်ကျေးမှု့ကိုလိုအပ်တာထက်ပိုခုန်မင်နေကြတာကိုဖြင့် တွေးကြည့်မိတိုင်းရင်လေးမိတယ် .
ဟုတ်တယ် တကယ်ဘဲ ဒီမိုကရေစီရပြီးသွားရင် ကျမတို့နိုင်ငံကြီးဟာ ထိုင်းနိုင်ငံလိုဘဲဖြစ်လာလိမ့်မယ်
တတ်နိုင်သလောက်ကာကွယ်ကြရမှာဘဲလေ

ခင်မင်လျှက်

မဒိုးကန်

ကူးကူးလှိုင် said...

အရမ်းကောင်းတဲ့ပို့စ်လေးပါပဲ လူတိုင်းဖတ်သင့်ပါတယ်...
တိုင်းတစ်ပါးသားတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကြောင်းကို စိတ်ဝင်တစ်စားရှိနေတာ သိရလို့ အရမ်းကြည်နူးပျော်ရွှင်မိပါတယ်...

Z@! said...

ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက အဘက်ဘက်က အားနည်းတော့ တခြားယဉ်ကျေးမှုတွေရဲ့ လွှမ်းမိုးမှုကို ခံရတာလို့ ထင်ပါတယ်။

ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေထက် တိုင်းတစ်ပါး ယဉ်ကျေးမှုကို အထင်ကြီး အားကျပြီး လိုက်လုပ်နေကြတာ များတယ်။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ် တန်ဖိုးထားရကောင်းမှန်းမသိကြဘူး။
ရှမ်းချဉ်တောင် မစားတဲ့သူတွေက ကိုရီယားကင်မ်ချီဆို သိပ်ကြိုက်ပါသတဲ့.. ပဲငပိ မကြိုက်တဲ့သူတွေက ပဲခေါက်ဆွဲ အရမ်းကောင်းပါသတဲ့။
ကျောင်းသားကျောင်းသူတွေကလဲ ပညာရေးထက် ရည်းစား ဘယ်နှယောက်တွဲနိုင်ရေးဆိုတာများ ပြိုင်နေကြသလားလို့ တစ်ခါတစ်ခါတွေးမိတယ်။

လင်းခေတ်ဒီနို said...

ငပန် . . မင်းရေးချက်က သိပ်ကောင်းတယ် . . .

Than Lae said...

စိတ်ဝင်စားလိုက်တာ အဲ့ဒီ့စာတမ်းဖတ်ပွဲလေးကို။ လက်လှမ်းမှီတဲ့ နေရာလေးမှာ လုပ်ရင် သိပ်ကောင်းမှာပဲ။ ကိုနေဝသန်ရေ ... ဒီပိုစ့်လေးကို Facebook မှာ ရှယ်ခွင့်ပြုပါနော် ..

Nyi Linn Thit said...

ပြည်တွင်းမှာ နေသူတွေ အတွက်တောင် သိပ်မလွယ်တဲ့ ဒီလိုမျိုး ကဏ္ဍတွေမှာ နိုင်ငံခြားသားတွေက စာတမ်းပြု၊ လေ့လာနေကြတာ တကယ်ပဲ လေးစားဖို့ ကောင်းပါတယ်၊ ပညာရေးကို တန်ဖိုးထား၊ မြှင့်တင် ပေးတဲ့ နိုင်ငံမှာတော့ ပညာရပ်ဆိုင်ရာတွေကို လေ့လာ၊ ထိန်းသိမ်းဖို့ လိုတယ်ဆိုတာ သိကြပါတယ်၊ ကိုယ့် မိခင်ဘာသာ စကားကိုပြော၊ ကိုယ်နိုင်ငံအကြောင်း စာတမ်းတွေ ဖတ်နေကြတဲ့ ပွဲမျိုးမှာ မြန်မာတစ်ယောက် အနေနဲ့ တက်ရတဲ့ ခံစားချက်က ဝမ်းနည်း၊ ဝမ်းသာ၊ အမျိုးမျိုး ရောပြွမ်းနေမယ် ထင်ပါရဲ့ဗျာ၊ စိတ်ဝင်စားဖို့ ကောင်းလွန်းတဲ့ အကြောင်းလေးမို့ အခုလို ပြန်လည် ဝေမျှတာ ကျေးဇူးပါ ကိုနေဝသန်ရေ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်ကိုစနစ်တကျနဲ့ ပြင်ဆင်ထားတဲ့ စာတမ်းဖတ်ပွဲလေးပါလား နေဝသန်ရေ..
တစ်ချို့စာတမ်းတွေများ ကိုယ့်ပြည်တွင်းက လူတွေတောင် မလေ့လာမိ၊ သတိမထားမိတာတွေ ဖြစ်နေတယ်။ ကိုယ့်နိုင်ငံအကြောင်းကို သူတစ်ပါးတွေက ခုလို နှိုက်နှိုက်ချွတ်ချွတ် လေ့လာထားတာတွေ့ရတော့ ဝမ်းလည်းသာမိပါတယ်။ ကိုယ့်ပြည်တွင်းကလူတွေလည်း အဲဒီလို စနစ်တကျ စိတ်ဝင်တစားနဲ့ လေ့လာစေချင် မိပါတယ်။ မြောက်ဦးသွားတုန်းကလည်း လေ့လာမိသလောက် ရှေးဟောင်း ရခိုင်တွေရဲ့အကြောင်းကို နိုင်ငံခြားသားတွေက စိတ်ဝင်တစားနဲ့ ဖော်ထုတ်လေ့လာလို့ ခုနောက်လူတွေ သိလာရတာမျိုးတွေ အများကြီး တွေ့ခဲ့ရတယ်။ ကိုယ့်နိုင်ငံသမိုင်း၊ ကိုယ့်နိုင်ငံယဉ်ကျေးမှုကို သူတစ်ပါးလူမျိုးတွေက စိတ်ဝင်တစား လေ့လာကြတာတွေ့ရတော့ ဝမ်းသာဝမ်းနည်း ခံစားမိရတာပါဘဲ။ ကိုယ်တိုင် လေ့လာဖော်ထုတ်နိုင်တာမျိုးဆို ဘယ်လောက်ကောင်းလိုက်မလဲနော်။
ဒီမိုကရေစီ ရလို့နိုင်ငံကြီး တိုးတက်လာရင်တောင်
မြန်မာဟာ မြန်မာပီသတဲ့ အငွေ့အသက်တွေနဲ့ဘဲ တိုးတက်လာတာမျိုး ဖြစ်စေချင်ပါတယ် ..
ဒီဆောင်းပါးလေးအတွက် ကျေးဇူးပါ နေဝသန်ရေ။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

သံယောင်လိုက်တာတော့ဟုတ်ပါဖူးဗျာ
ဆြာဟန်ပြောသလိုပါပဲ
အခုတလော မြန်မာယဉ်ကျေးမှုပါးလွှာမှုအတွက် သောကရောက်နေပါတယ်ဗျာ

Anonymous said...

osaka က သဘောင်္ပါရဂူကြီးရေ...
အားပေးသွားပါတယ်ဗျာ။

san htun said...

စိတ်ဝင်စားဖို့  ကောင်းတယ်....