ဂြိုဟ်၊ နက္ခတ်နှင့် ယုံကြည်မှု ခြင်းရာများ

ကောင်းကင်ပြင်သည် လူတို့၏ စိတ်ကို ဖမ်းစားနိုင်ဆုံးသော အရာပင်ဖြစ်သည်။ ထွန်းလင်းနေသည့် လမင်းကြီးကို ဖြစ်စေ၊ တမှိတ်မှိတ် လင်းလက်နေသည့် ကြယ်ပွင့်ကလေးများကို ဖြစ်စေ ငေးကြည့်နေရင်း မိမိတို့၏ စိတ်ကူးကို တဆုံးချဲ့နေမိတတ်ကြသည်။ `ဟို နားလေးက ခုနှစ်စင်ကြယ်ပဲ... ၊ ဟင်.. ဒီကြယ်လေးတွေက ခွန်ဆန်လောနဲ့ နန်းဦးပြင်ပဲ` စသဖြင့် လိုက်လံငေးမောရင်း ရင်ထဲမှာ လွမ်းဆွေးမှုတွေ တသသဖြစ်လာခဲ့ကြသည်။


`ကျွန်ုပ်တို့ နေအဖွဲ့အစည်းတွင် ဂြိုဟ်ကြီး ကိုးလုံးက နေကို လှည့်ပတ်လျက်ရှိသည်။ ထိုကဲ့သို့ နေအဖွဲ့အစည်း များစွာ ရှိနေကြသည်`

သိပ္ပံပညာကြောင့် ဒီအကြောင်းတွေကို ဘယ်လိုပဲ သိထားသိထား၊ ဖြုတ်ကနဲ ကြွေသွားသည့် ကြယ်လေးတွေကို မြင်လျှင် အမြန်ဆုတောင်းတတ်ကြတာ လူပင်ဖြစ်သည်..။ `သြော်.. ကြယ်ကလေး တစ်ပွင့်တော့ ကြွေပြန်ပါပေါ့လား...` ဟုတွေးမိရင်း ၀မ်းနည်းမိတတ်တာလည်း လူပင်ဖြစ်သည်။ သိပ္ပံပညာ ဘယ်လောက်ထွန်းကားနေပါစေ ကြယ်တာရာ၊ နက္ခတ်ပညာ၊ ဗေဒင်ကျမ်းတို့သည် ကမ္ဘာပေါ်ရှိ လူမျိုးမရွေး၊ ဘာသာမရွေးအပေါ် လွှမ်းမိုးနေဆဲပင်ဖြစ်သည်။ ဘယ်နိုင်ငံထုတ် မဂ္ဂဇင်းဖြစ်စေ ပါနေတတ်သည်က ရာသီခွင် ဟောစာတမ်းပင်ဖြစ်သည်။

မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန် စသည့် ရာသီခွင်တို့ကို ဘယ်နိုင်ငံသားမဆို ရင်းနှီးကျွမ်းဝင်တတ်သလို ခုနှစ်ရက် တစ်ပတ် သတ်မှတ်ထားသည့် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ စသည့် ဂြိုဟ်တို့သည် လူတစ်ဦးတစ်ယောက်၏ အရည်အချင်း၊ စိတ်နေသဘောထား၊ ကံကြမ္မာတို့ကို ဖန်တီးပေးတတ်သည်ဟုလည်း ယုံကြည်တတ်ကြပြန်သည်။ ဒါ့အပြင် ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ ပုတိ၊ အဓိပတိ စသည့် `အိမ်` များပေါ်အခြေခံတွက်သည့် မြန်မာအခေါ် မဟာဘုတ်တို့ကိုလည်း လူတို့သည် ယုံကြည်ကိုးစားတတ်ကြပြန်သည်။

ခေတ်လူငယ်တို့အနေဖြင့် `ဟာ.. ဒါတွေ မယုံပါဘူး` ဟုဆိုနိုင်သည်။ ယုံသည် မယုံသည်မှာ မိမိစိတ်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။ သို့ပေမယ့် `ဘာ့ကြောင့် မယုံရသလဲ` ဆိုတာကိုတော့ လေ့လာတတ်ဖို့ လိုသည်ဟု ကျွန်တော်ထင်သည်။ ဤသည်ကိုပင် ရှုထောင့်တစ်မျိုးမှ လှည့်ပတ်ကြည့်ရှုခြင်းပင်ဖြစ်သည်။ ဗဟုသုတဟူသည် ရှာဖွေကောင်းပါသည်။ လက်တစ်ချောင်းကို တစ်ဖက်စီမှ ကြည့်ပြီး လက်ဖ၀ါးပါ၊ လက်ဖမိုးပါဟု ငြင်းခုန်နေမည့်အစား နှစ်ဖက်လုံး လှည့်တွေးကြည့်ဖို့ လိုပါသည်။

တကယ်တော့ ဒီအကြောင်းတွေဟာ ကျွန်တော်နှင့် ဆက်စပ်မှုမရှိပါ။ ဒါပေမယ့် မြန်မာတို့၏ အတွင်း ၃၇၊ အပြင် ၃၇ မင်းနတ်ကို လေ့လာနေသည့် နိုင်ငံခြားသားပါရဂူကျောင်းသူက သိလိုတာတွေကို အပတ်စဉ် မေးမြန်းလေ့ရှိတာမို့ လက်လှမ်းမှီရာ စာအုပ်တွေ လိုက်ဖတ်မိရင်း စိတ်ဝင်စားလာခြင်းဖြစ်သည်။ မြန်မာနတ်တွေကို ဖတ်ရင်းက ကမ္ဘာ့နတ်တွေနှင့်ပါ ရင်းနှီးလာကာ ဂြိုဟ်ခွင်တို့နှင့် နတ်တို့ဆက်စပ်မှု ဇာတ်လမ်း၊ ဒဏ္ဍာရီတို့မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သိပ္ပံအဆိုတွေကို လူတွေနားယဉ်ပြီး ဖြစ်တာကြောင့် ဤစာတွင် ၀ိဇ္ဇာရှုထောင့်မှသာ တင်ပြသွားမည်ဖြစ်သည်။

ဂရိပုံပြင်များ

နက္ခတ်တို့တွင် ဂရိတို့၏ လွှမ်းမိုးမှုများမှာ အတော်ပင်ကြီးမားသည်။ ရှေးခေတ် ဂရိတို့သည် ဇုနတ်မင်းကြီး၊ မိဖုရား ဟီရာ၊ သမီးတော် အာသီနာနှင့်တကွ ခြွေရံသင်းပင်း နတ်တို့မှာ ဂရိနိုင်ငံ သက်ဆလီနယ်နှင့် မက်ဆီဒုန်းနီးယားပြည်ကြားရှိ ပေပေါင်း ၁၀၀၀၀ နီးနီးမြင့်သည့် အိုလံပပ်တောင်တွင် မွေ့လျော်ပျော်ပိုက် နေထိုင်ကြသည်ဟု ယုံကြည်ပြောဆိုကြသည်။ ဂရိနတ်တို့ ပေါ်ထွန်းမှုကို ဘီစီ ၁၀၀၀ ခန့်ကဟု သမိုင်းပညာရှင်တို့က ဆိုကြသည်။ ထို ဂရိနတ်တို့သည် တနင်္ဂနွေစသော ဂြိုဟ်တစ်ခုခုကို ကိုယ်စားပြုတာကြောင့် စိတ်ဝင်စားဖွယ် ကောင်းလှသည်။

တနင်္ဂနွေဂြိုဟ်

တနင်္ဂနွေဂြိုဟ်သည် နေပင်ဖြစ်သည်။ ရှေးဂရိပုံပြင်တွင် ပါသည့် ဟီလီယိုးအမည်ရှိ နေနတ်သားကို ကိုယ်စားပြုသည်။ ကျောက်မျက်ရတနာပေါင်းများစွာဖြင့် စီချယ်ထားသည့် နေနန်းဗိမာန်သည် ၀င်းထိန်နေပြီး ထိုဝန်းကျင်တွင် အမှောင်ဖုံးလွှမ်းသည့် ညဟူသည် မရှိချေ။

နေရထားကို မောင်းနှင်ရသော နေနတ်သားမှာ မောက်မာဝင့်ကြွား မာနကြီးသူဖြစ်သည်။ အကြောင်းမှာ သူမောင်းနှင်နေရသည့် နေရထားကို ဘီးရွေ့အောင်ပင် မည်သည့် နတ်သားမျှ မမောင်းနိုင်တာကြောင့် ဖြစ်သည်။ နတ်များဘုရင်ပင်လျှင် နေရထားကို မမောင်းနိုင်ပေ။ နေရထားကို စတင်မောင်းနှင် ထွက်ခွာချိန်တွင် အလွန်မတ်စောက်သော လမ်းကို ခွန်အားကြီးမားသည့် မြင်းက ပင်ပန်းခဲယဉ်းစွာ ဆွဲငင်ရသည်။ မွန်းတည့်ချိန်တွင် နေရထားသည် အမြင့်ဆုံး ကောင်းကင်ယံတွင် ရောက်ရှိနေပြီး နေနတ်သားကိုယ်တိုင်ပင် ငုံ့မကြည့်ဝံအောင် ဖြစ်ရသည်။

အတက်ခက်သလို အဆင်းလည်း မလွယ်ပါ။ မြင့်မားမတ်စောက်နေသည့် လမ်းကို သက်စွန့်ဆံဖျား ဆင်းရသည့်အတွက် ကြောက်ခမန်းလိလိ ဖြစ်သောကြောင့် နေရထားအဆင်း၊ အတက်ကို သည်းထိတ်ရင်ဖို နေ့စဉ်စောင့်ကြည့်နေကြသည့် ပင်လယ်စောင့်နတ်သား၊ နတ်သမီးများမှာ နေရထားကြီး ပင်လယ်တွင်းသို့ ကျွမ်းထိုးမှောက်ခုံကျလာမည်လားဟု စိုးရိမ်စိတ်ဖြင့် ပင်ပန်းဆင်းရဲ ဖြစ်ကြရသည်။ ဤသို့ ပင်ပန်းခက်ခဲသော အလုပ်ကို နေ့စဉ်မပျက်လုပ်နေရသူမှာ တနင်္ဂနွေဂြိုဟ်ခေါ် နေနတ်သားပင်ဖြစ်သည်။

တနင်္လာဂြိုဟ်

တနင်္လာဂြိုဟ်သည် လပင်ဖြစ်သည်။ ရှေးဂရိပုံပြင်များတွင် တနင်္လာဂြိုဟ်ကို လနတ်သမီး စီလင်နှင့် ကိုယ်စားပြုသည်။ လနတ်သမီး၏ စိတ်နေသဘောထားနှင့် သူ၏ မေတ္တာဇာတ်လမ်းကို အင်ဒီမီယွန် အမည်ရှိ ကဗျာထဲတွင် တွေ့ရသည်။

အင်ဒီမီယွန်သည် သိုးကျောင်းသားလေး၏ အမည်ဖြစ်သည်။ တစ်နေ့ အင်ဒီမီယွန်သည် သိုးကျောင်းရင်း သစ်ရိပ်တစ်ခုအောက်တွင် အနားယူရင်း အိပ်ပျော်သွားသည်။ ထိုအခါ လနတ်သမီးက ဗိမာန်ထက်မှ ဆင်းသက်လာပြီး သိုးကျောင်းသားလေး၏ ပါးပြင်ကို နမ်းရှိုက်မွှေးကြူရာမှ သိုးကျောင်းသားလေးမှာ မနိုးသော အိပ်ခြင်းဖြင့် အိပ်ပျော်သွားလေသည်။ လနတ်သမီးလေးက မနိုးသော အိပ်ခြင်းဖြင့် အိပ်ပျော်သွားသည့် သိုးကျောင်းသားလေးအား ချစ်ရည်ရွှန်းသော မျက်ဝန်းဖြင့် စိန်းစိန်းကြည့်လိုက်၊ အားပါးတရ ပွေ့ပိုက်နမ်းကြူလိုက်နှင့်သာ အချိန်နှင့် အမျှ ရှိနေတော့သည်။

အချစ်ကို မြိုသိပ်မထားနိုင်သောကြောင့် မဆင်ခြင် မစဉ်းစားပဲ ပြစ်မှားမိသည့်အတွက်ကြောင့် သိုးကျောင်းသားလေး အသက်ဆုံးရှုံးရသည်ကို ယူကျုံးမရဖြစ်ပြီး စိတ်မကောင်းကြီးစွာ ဖြစ်နေရတော့သည်။

အင်္ဂါဂြိုဟ်

အင်္ဂါဂြိုဟ်သည် မားစ်ဂြိုဟ်ပင်ဖြစ်သည်။ ရှေးဂရိပုံပြင်များတွင် အာရိအမည်ရှိ စစ်နတ်သားအဖြစ် တွေ့ရသည်။ အာရိသည် နတ်မင်းကြီး ဇုနှင့် ကြင်ရာတော် ဟီရာတို့၏ သားဖြစ်သည်။ သို့သော် ဟိုးမား၏ အီလီယက်ကဗျာအရ ဇုတို့လင်မယားသည် အာရိကို မုန်းတီးသည်။

ရောမတို့သည် အင်္ဂါဂြိုဟ် အာရိကို အလွန်ကြီးကျယ် ခံ့ညားသည့် စစ်သည်တော်အဖြစ် မြင်ကြပြီး ကြည်ညိုလေးစား အားထားကိုးကွယ်ကြသည်။ ဂရိတို့ ထရွိုင်မြို့ကို တိုက်ခိုက်သောအခါ အာရိသည် ထရွိုင်မြို့သားများဘက်မှ တိုက်ခိုက်ပေးသည်။ အာရိတွင် တပည့်ခြွေရံ များစွာရှိသည်။ ထိုအထဲတွင် ကြောက်ရွံ့ခြင်းကို ဖြစ်စေတတ်သည့် ဘယန္တနတ်သမီးလည်း ပါဝင်သည်။

အာရိနှင့် ဟိုမိုနီခေါ် ငြိမ်းချမ်းရေး နတ်သမီးတို့မှ ပေါက်ဖွားလာသော အမေဇုန်အမည်ရှိ သမီးပျိုများသည် စစ်ရေးစစ်ရာတွင် လွန်စွာ ကျွမ်းကျင်သော စစ်သည်မေများဖြစ်သည်။

ဗုဒ္ဓဟူးဂြိုဟ်

ဗုဒ္ဓဟူးဂြိုဟ်သည် မာကျူရီပင်ဖြစ်သည်။ ရှေးဂရိပုံပြင်ထဲတွင် ဗုဒ္ဓဟူးဂြိုဟ်သည် မာကျူရီ သို့မဟုတ် ဟာမီး အမည်ရှိ မီးနတ်သားဖြစ်သည်။ မာကျူရီ၏ အရည်အချင်းမှာ လျင်မြန်ခြင်းပင်ဖြစ်သည်။ မာကျူရီစီးသော ဖိနပ်နှင့် ဆောင်းသော ဦးထုပ်မှာ အတောင်ပံများပါရှိသည်။

မာကျူရီကိုင်ဆောင်သော လက်စွဲ ဆေးတောင်ဝှေးကို မြွေတစ်ကောင်က ရစ်ပတ်လျက်ရှိပြီး ယနေ့ကမ္ဘာသုံး အနောက်တိုင်းဆေးပညာလောကတွင် အထိမ်းအမှတ်တစ်ခုအဖြစ် ယနေ့တိုင် သုံးစွဲလျက်ရှိသည်။ နတ်များထဲတွင် မာကျူရီသည် အလျင်မြန်ဆုံး၊ အကောက်ကျစ်ဆုံးနှင့် ဖြတ်ထိုးဥာဏ် အကောင်းဆုံးဖြစ်သည်။ သူသည် ဇုနတ်မင်းကြီး၏ သားတော်တစ်ပါးဖြစ်သည်။ အရောင်းအ၀ယ်လုပ်ငန်းကို စောင့်ရှောက်သော နတ်သားလည်း ဖြစ်သည်။ သေသောသူများ၏ ၀ိညာဉ်များကို သက်ဆိုင်ရာ အရပ်ဒေသများသို့ သယ်ဆောင်ပေးသူလည်း ဖြစ်သည်။

ကြာသပတေးဂြိုဟ်

ဂျူပီတာဂြိုဟ်ပင်ဖြစ်သည်။ ဂရိပုံပြင်တွင် ကြာသပတေးဂြိုဟ်ကို အိုလံပပ်တောင်ပေါ်ရှိ နတ်များ၏ ဘုရာ ဇု ကို ကိုယ်စားပြုသည်။ ဇုနတ်မင်းကြီးကို အဖေ ကရိုနပ်၊ အမေ ရိအာတို့မှ ဖွားမြင်သည်။

ဇုနတ်မင်းကြီးကို မမွေးမီကာလက မိခင်ဖြစ်သူ ရိအာသည် သားသမီးများစွာ မွေးခဲ့ဖူးသည်။ သို့သော် မွေးလာသမျှတို့ကို ကရိုနပ်က ကိုက်စားဝါးမြိုသောကြောင့် အဖတ်မတင်ခဲ့။ ဇုကို မွေးသောအခါ မိခင်က ပုန်းအောင်းမွေးဖွားရပြီး ဇုကို အရွယ်ရောက်သည့် တိုင်အောင် ၀ှက်ထားရသည်။ ဇုသည် ဖခင်ကို အန်တုဖက်ပြိုင်နိုင်သည့် အရွယ်သို့ရောက်သောအခါ ၀ါးမြိုထားသော နောင်တော်တို့ကို အန်ထုတ်ပေးရန် တောင်းဆိုသောကြောင့် ခမည်းတော်က အန်ထုတ်ပေးရသည်။ ဇုသည် နောင်တော်တို့နှင့် ပေါင်း၍ ခမည်းတော်ကို နန်းမှချပြီးလျှင် လူ့လောကနှင့် နတ်လောကကို စိုးမိုးအုပ်ချုပ်လေသည်။

သောကြာဂြိုဟ်

ဗီးနပ်စ်ဖြစ်သည်။ ဂရိပုံပြင်ထဲတွင် ဗီးနပ်စ်သည် နတ်သမီးဖြစ်သည်။ ဇုနတ်မင်းကြီးနှင့် ပင်လယ်လှိုင်းတံပိုးမှ မွေးဖွားသော သမီးဖြစ်သည်။ သူသည် အလွန်လှပသူဖြစ်သောကြောင့် အလှနတ်သမီးဟု ခေါ်ကြသည်။ ထို့ပြင် အချစ်နတ်သမီး၊ အိမ်ထောင်ရေးဆိုင်ရာ နတ်သမီးအဖြစ်လည်း ကျော်စောထင်ရှားသည်။

ဗီးနပ်စ်မှာ အလှမာန်ယစ်သူဖြစ်သောကြောင့် ထိုအလှမာန်ကို ချိုးနှိမ်ရန် ဖခင်ဖြစ်သူ ဇုနတ်မင်းကြီးက ခြေမသန်သူ ဟိဖက်စတပ်နှင့် ပေးစားသည်။ သို့သော် ဗီးနပ်စ်မှာ ချစ်သူရည်းစားများထဲမှ အေးရီးကို ရွေးချယ်လက်ထပ်လျက် ဖခင်အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။

မြန်မာတို့က မြားနတ်မောင်ဟု ခေါ်သော ကျူပစ် ခေါ် ဖူးစာရေးနတ်သည် အေးရီးနှင့် ဗီးနပ်စ်တို့၏ သားဖြစ်သည်။ ပခုံးတွင် အတောင်နှစ်ဖက်ပေါက်လျက် အချစ်မြားကို လွှတ်ရန် လေးကိုချိန်ရွယ်နေသည့် ကျူးပစ်သည် မြန်မာတို့နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသည်။

စနေဂြိုဟ်

စေတန်ဂြိုဟ်ပင်ဖြစ်သည်။ ဂရိရှေးဟောင်းပုံပြင်များအရ ကမ္ဘာဦးအစတွင် ကမ္ဘာကြီးနှင့် ကောင်းကင်သာ ရှိသည်။ ကမ္ဘာသည် အမ၊ ကောင်းကင်မှာ အဖိုဖြစ်ပြီး သူတို့နှစ်ဦးမှ ပေါက်ဖွားလာသော သားသမီးများကို တိုက်တန်များဟု ခေါ်သည်။ တိုက်တန်များသည် လူပုံသဏ္ဍန်ရှိသော်လည်း အလွန်ကြီးမားသောကြောင့် နတ်ကြီးများ (Elder Gods) ဟု ခေါ်သည်။ တိုက်တန်မှ ပေါက်ဖွားလာသူများကား နတ်များ (Gods) ဖြစ်သည်။

တိုက်တန်များအနက် အရေးပါသူမှာ ကရိုနပ် ခေါ် စနေဂြိုဟ်ပင်ဖြစ်သည်။ ကရိုနပ်သည် တခြားသော တိုက်တန်များကို အုပ်စိုးသည်။ ကရိုနပ်သည် သူ့ဇနီးမှ မွေးသော ရင်သွေးများကို မွေးပြီးတိုင်း မြိုချခဲ့သူဖြစ်သည်။ နောက်ဆုံး သူ့ဇနီးက သူ့ယောကျာ်းမသိအောင် ဂူတစ်ခုတွင် ပုန်းအောင်းမွေးဖွားခဲ့သည်။ နောင်သောအခါ ထိုကလေးသည် ဇုနတ်ကြီး ဖြစ်လာခဲ့သည်။ ဇုသည် သူ့ဖခင်အား သောက်စရာအရည်တစ်ခု ပေးလိုက်ရာ သူမြိုချခဲ့သော ကလေးငါးယောက်ဖြစ်သည့် ဟတ်စတီယာ၊ ဒီးမီးကီး၊ ဟိရာ၊ ပလူတိုနှင့် နက်ပ်ကျွန်းတို့ကို ပြန်လည်အန်ထုတ်လိုက်လေသည်။

ဇုနတ်ကြီးသည် ထိုအခါမှစ၍ နတ်များဘုရင်ဖြစ်လာသည်။ ဘုရင်အရာမှ ကျသော ကရိုနပ်သည် အီတလီနိုင်ငံသို့ ထွက်ခွာသွားပြီး သာယာဝပြောသော နယ်ပယ်သစ်နိုင်ငံသစ် ထူထောင်အုပ်ချုပ်လေသည်။ ကရိုနပ်သည် လယ်ယာစိုက်ပျိုးရေးကို စောင့်ရှောက်သော နတ်မင်းကြီးဖြစ်သောကြောင့် သိပ္ပံပညာ တစ်ဟုန်ထိုးတိုးတက်သော ယနေ့ခေတ်တွင်ပင် အီတလီနိုင်ငံအနှံ့ စနေဂြိုဟ်ပူဇော်ပွဲများ ဆောင်းရာသီတွင် ပြုလုပ်ကြလေသည်။

ကမ္ဘာဂြိုဟ်

ဂရိစကားလုံးမပါသော ဂြိုဟ်သည် ကမ္ဘာပင်ဖြစ်သည်။ ဂရိပုံပြင်များတွင် ကမ္ဘာကို အမိကမ္ဘာ (Mother Earth) ဟုခေါ်သည်။ Gaia ဟုလည်း ခေါ်သည်။ ကမ္ဘာသည် အမေဖြစ်၍ ကောင်းကင်သည် အဖေဖြစ်သည်။ ထိုကောင်းကင်သည် ယူရေးနပ်စ်ပင်ဖြစ်သည်။ သားသမီးများမှာ တိုက်တန်များ ဖြစ်သည်။ မြေးများမှာ နတ်များဖြစ်သည်။

ယူရေးနပ်စ်ဂြိုဟ်

ယူရေးနပ်စ်သည် ကောင်းကင်နတ်မင်းကြီးဖြစ်ပြီး ကမ္ဘာမြေ၏ ခင်ပွန်းဖြစ်သည်။ ကရိုနပ်ခေါ် စနေဂြိုဟ်၏ ဖခင်လည်း ဖြစ်သည်။ ဂရိပုံပြင်တို့တွင် အစကနဦးကတည်းက ရှိသော နတ်ဖြစ်သည်။ သူနှင့် ကမ္ဘာမှ ပေါက်ဖွားလာသော တိုက်တန်တို့ရှိသည်။ အဲဒီနောက် နတ်များပေါက်ဖွားလာကြသည်။

ပလူတိုနှင့် နက်ပ်ကျွန်း

ကရိုနပ်၏ သားတော်များဖြစ်သည်။ ဇုနတ်မင်းကြီး၏ နောင်တော်များဖြစ်သည်။ ဂရိဘာသာစကားတွင် နက်ပ်ကျွန်းသည် ပိုစီဒွန် (Poseidon) ဟုတွင်ပြီး ပင်လယ်နတ်သားဖြစ်သည်။ ပလူတိုသည် ဂရိအမည်အားဖြင့် ဟေးဒီးစ် (Hades) မည်သည်။ မြေအောက်နတ်သား (God of Underworld) ပင်ဖြစ်သည်။

ရာဟုဂြိုဟ်

ရာဟုသည် နေအဖွဲ့အစည်းတွင် ပါဝင်သည့် ဂြိုဟ်မဟုတ်။ သို့သော် ဗေဒင်အရ အရေးပါသော ဂြိုဟ်တစ်ခု ပင်ဖြစ်သည်။ သိပ္ပံနည်းကျပြောရသော် ရာဟုဂြိုဟ်သည် ကမ္ဘာ၏ အရိပ်ပင်ဖြစ်သည်။ ကမ္ဘာသည် နေနှင့် တခြားဂြိုဟ်တစ်ခုခုကြား ရောက်သောအခါ ထိုဂြိုဟ်ပေါ်သို့ ကမ္ဘာ၏ အရိပ်သည် ကျရောက်တတ်သည်။ ထိုအရိပ်ကိုပင် ရာဟုဂြိုဟ်ဟု ခေါ်လိုက်ခြင်းဖြစ်သည်။

ဤတွင် ရာဟုနှင့်ပတ်သက်၍ ဗြဟ္မဏအယူအရ အဆိုတစ်ခုရှိပေသည်။ တခါက နတ်တို့သည် မအို၊ မနာ၊ မသေပဲ အမြဲတည်နေပြီး နုပျိုကျန်းမာစေသော အမတအမြိုက်ရေကို ရရန်ကြိုးစားသော်လည်း မအောင်မြင်သောကြောင့် အသူရာတို့ကို အကူအညီတောင်းလေသည်။ ထိုအမြိုက်ရေမှာ သမုဒ္ဒရာကို မွှေနှောက်နိုင်မှ ရမှာမို့ နတ်နှင့် အသူရာတို့ပေါင်းကာ ရှာဖွေသဖြင့် နောက်ဆုံးတွင် အမတအမြိုက်ရေကို ရရှိခဲ့လေသည်။ အမြိုက်ရေကို ရရှိလျှင် နှစ်ဖက်တူညီစွာ ခွဲဝေယူရန် ကတိစကားရှိသော်လည်း အသူရာတို့က အကောက်ကြံကာ လုယူအပိုင်စီးသွားလေသည်။

ထိုအခါ ဗိဿနိုးနတ်မင်းကြီးကို အကူအညီတောင်းကြရာ နတ်မင်းကြီးမှ အသူရာတို့ကို မပေးပဲ နတ်တို့အား လွှဲပေးလိုက်လေသည်။ ထိုသို့ပေးသည်ကို မြင်ရသော ရာဟု အမည်ရှိ အသူရာသည် နတ်ယောင်ဖန်ဆင်းလျက် အမြိုက်ရေကို ဝေစုအဖြစ်လက်ခံကာ သုံးဆောင်လေသည်။ ဤသည်ကို နေနတ်သားနှင့် လနတ်သားတို့က ရိပ်မိပြီး ဗိဿနိုးနတ်မင်းကြီးအား တိုင်တန်းရာ နတ်မင်းကြီးမှ အသူရာ၏ ခေါင်းကို ဖြတ်လိုက်လေသည်။ အသူရာသည် အမတအမြိုက်ရေ သောက်သုံးခိုက် ခေါင်းဖြတ်ခံရသောကြောင့် ခေါင်းပိုင်းသည် အမတအမြိုက်ရေ အရသာကို ခံစားရလေသည်။ ထိုအခါမှစ၍ ရာဟုအသူရာသည် နေနတ်သားနှင့် လနတ်သားတို့ကို ရန်သူအဖြစ် သဘောထားကာ အမြဲတမ်း ကိုက်စားဝါးမြိုရန် အားထုတ်နေတော့သည်။ တခါတရံ နေနှင့် လတို့သည် ရာဟု၏ ဖမ်းစားဝါးမြိုခြင်းကို ခံရလေသည်။ ထိုအခါမျိုးမှာ မြန်မာတို့က လကို ရာဟုဖမ်းစားသည် ဟူ၍လည်းကောင်း၊ လငပုပ်ဖမ်းသည် ဟူ၍ လည်းကောင်း ဆိုကြလေသည်။

သို့ဆိုလျှင် အဆိုပါ ဂြိုဟ်ရှစ်ဂြိုဟ် (တနင်္ဂနွေမှ ရာဟု) တို့သည် ဗေဒင်ပညာတွင် အရေးပါလှပေသည်။ ခုနှစ်ရက်သားသမီးများ မိတ်ဖက်များ သိစေရန်အတွက်လည်း `အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း၊ မိတ်ဖက်ချင်း` ဟု ရှေးပညာရှိတို့၏ လင်္ကာလည်း ရှိပေသည်။ မိတ်ဖက်တို့မှာ အောင်+ပ (၁ နွေ နှင့် ၅ တေး)၊ ကု + လား (၂ လာနှင့် ၄ ဟူး)၊ ဆွေ +သား (၃ င်္ဂါနှင့် ၆ ကြာ) နှင့် တော်+ ရင်း (စနေနှင့် ရာဟု) တို့သည် မိတ်ဖက်များဖြစ်သည် ဟုဆိုခဲ့ကြလေသည်။

ကြတ္တိကာ

ဂြိုဟ်များအကြောင်းပြီးသောအခါ စိတ်ဝင်စားဖွယ် နက္ခတ်တစ်ခု အကြောင်းဆိုချင်ပါသည်။ ကြတ္တိကဟူသည် အသ၀နီအစ ရေ၀တီအဆုံးရှိသော နက္ခတ် (၂၇) လုံးတွင် တတိယမြောက် နက္ခတ်အမည်ဖြစ်သည်။ အနောက်တိုင်းသားတို့က The Pleiades ဟုခေါ်သည့် ကြတ္တိက နက္ခတ်သည် နွားရုပ်သဏ္ဍာန်ရှိသော ပြဿရာသီကြယ်စုတွင် နွား၏ ပခုံးတစ်နေရာတွင် ရှိပေသည်။

မြန်မာအယူ

ဤနက္ခတ်သည် လုံးရေအားဖြင့် သာမန်အမြင် ခြောက်လုံး၊ မျက်စိကြည်လင်စူးရှိသူများမှာ ခုနှစ်လုံးမြင်ရသည်။ ထိုကြတ္တိကာကိုပင် မြန်မာတို့က ဖျောက်ဆိပ်ဟုခေါ်သည်။

ဖျောက်ဆိပ်ကြယ်တို့သည် တောင်သူလယ်သမား ဦးကြီးများအတွက် မိတ်ကောင်းဆွေကောင်းလည်း ဖြစ်သည်။ သင်္ကြန်တက်ပြီး နောက်တစ်ရက်မှ စ၍ရေသော် ရက်ပေါင်း ၁၄၀ ပြည့်သည့်နေ့ နံနက် ၅ နာရီခန့် ဖျောက်ဆိပ်ကြယ် မွန်းတည့်သည့်အခါ ကောက်ကြီးစပါးမျိုး ကြဲရသည်။ သင်္ကြန်တက်ပြီးနောက်ရက်မှ ရေသော် ၁၅၄ ရက်မြောက်နေ့ အရုဏ်တက်တွက် ဖျောက်ဆိပ်ကြယ် မွန်းလွဲသည်။ ထိုအခါ နှမ်းကြီးကြဲသည်။ သင်္ကြန်တက်ပြီးနောက်ရက်မှ ရေသော် ၂၂၅ ရက်မြောက်နေ့ အရုဏ်တက်တွင် ဖျောက်ဆိပ်ကြယ်မြေလူးသည်။ ထိုအခါ မုရင်းစပါးကြဲသည်။

ဗြဟ္မဏအယူလွှမ်းမိုးခဲ့သည့် ရှေ့မြန်မာတို့တွင် နက္ခတ်၏ အရေးပါပုံမှာ ထင်ရှားနေသည်။ ဤကြတ္တိကာနက္ခတ်ကို ဒဟနိမည်သော မီးနတ်သားက စောင့်သည်။ ထိုနတ်သားအား တန်ဆောင်မုန်းလတွင် ပူဇော်ကြသည်။ ကြတ္တိကာသဘင် ဟုခေါ်ပြီး ဆင်နွှဲခဲ့ကြသည်။ တချို့က ကြတ္တိကာနက္ခတ်ကြည့်သဘင် ဟုခေါ်ပြီး တောင်ထိပ်တွင် တန်ဆောင်ဆီမီး ထွန်းညှိပူဇော်၍ ပျော်ပါးစားသောက် ကြသောကြောင့် တောင်ထိပ်သဘင်ဟုလည်း ဆိုလေသည်။

ဂရိအယူ


ဂရိတို့၏ ယုံကြည်မှုမှာ ဖလီးအေဒီခေါ် ကြတ္တိကာကြယ်ခုနှစ်လုံးမှာ ကောင်းကင်ကို ထမ်းရွက်ထားသော အက်တလက်စ် ဘီလူးကြီးနှင့် ရေနတ်သမီး ဖလီအိုနီးတို့၏ သမီးခုနှစ်ယောက်ဖြစ်သည်။ ရုပ်ရည်ချောမောလှသော ညီအစ်မခုနှစ်ဖော်ကို မုဆိုးကျော် အိုရီအွန်းက ချစ်ခင်စုံမက်တာကြောင့် တောအထပ်ထပ်၊ တောင်အထပ်ထပ် ခြေရာထပ်အောင် လိုက်လံရှာဖွေသည်။

ထိုအခါ ညီအစ်မခုနှစ်ဖော်က မေတ္တာရပ်ခံမှုကြောင့် ဂျူပီတာခေါ် ကြာသပတေးဂြိုဟ်က ညီအစ်မခုနှစ်ဖော်အား ချိုးငှက်များအဖြစ် ပြောင်းလဲပစ်သည်။ ထိုမှတဆင့် ကောင်းကင်တွင် ကြတ္တိကာ နက္ခတ်ခုနှစ်လုံးအဖြစ် ထားသည်။ ညီအစ်မခြောက်ယောက်၏ ချစ်သူများမှာ နတ်သားများဖြစ်ကြသော်လည်း ကျန်တစ်ဦးဖြစ်သော မီရိုပီ၏ ချစ်သူမှာ လူသားဖြစ်သည်။ လူသားနှင့် ချစ်ခင်စုံမက်ရသည်ကို ရှက်၍ မီရိုပီသည် မျက်နှာကို လက်ဝါးနှင့် ဖုံးအုပ်ကာကွယ်ထားလေ့ရှိသည်။ ထိုမှစကာ ကြတ္တိကာကြယ်စုသည် ခြောက်လုံးသာ ထွန်းလင်းပလျက်ရှိပြီး ကျန်တစ်လုံးမှာ မှေးမှိန်လျက်ရှိသည်။

မြောက်အမေရိကန်အယူ

မြောက်အမေရိကန် တိုင်းရင်းသားတို့၏ ယုံကြည်ချက်မှာ ကြတ္တိကာကြယ်ခုနှစ်လုံးသည် ညီအစ်ကို ခုနှစ်ယောက်ဖြစ်သည်။ ညအခါ လယ်ယာကို စောင့်ရှောက်ပြီး ကခုန်နေလေ့ရှိသည်ဟု ဆိုသည်။

ကြတ္တိကာနက္ခတ်ကို စောရနက္ခတ်ဟုလည်း ဆိုသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ကျီးမနိုးပွဲဟူ၍ မြန်မာနိုင်ငံအနှံ့ ဆင်နွှဲလေ့ရှိသည်။ ဆယ့်နှစ်ရာသီဖွဲ့များ၏ အဆိုအရ ကြိတ္တိကာသည် တန်ဆောင်မုန်းလ၏ စန်းယှဉ်နက္ခတ်ဖြစ်သည်။ တန်ဆောင်မုန်းလတွင် ညဘက် ကြတ္တိကာနက္ခတ်နှင့် ကျီးတာရာတို့ စန်းယှဉ်ပြီး နေ့ဘက်တွင် ၀ိသာခါနက္ခတ်နှင့် နေယှဉ်သည်။ ကြိတ္တိကာနက္ခတ်သည် လူတို့အရေပြားပေါ်တွင် ပေါက်လေ့ရှိသည့် ညှင်းပွင့်ညှင်းခြောက်လေးများနှင့် တူကြောင်း ရာမရကန်တွင် ဦးတိုးက ဆိုဖူးသည်။

ဤသည်တို့မှာ လေ့လာမိသလောက် ဂြိုဟ်များ နက္ခတ်အကြောင်းပင်ဖြစ်သည်။ ဗေဒင်ပညာ၊ နက္ခတ်ပညာ တို့သည် လေ့လာလေ နက်နဲလေပင်ဖြစ်သည်။ ဤစာကို ရေးသားရခြင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ယုံကြည်လျက်ရှိသည့် အယူဝါဒအချို့ကို နေ့စဉ်ကြားဖူးမြင်ဖူးနေကြသည်။ သို့သော်လည်း ဘာကို ဘာမှန်းမသိပဲ.. အသုံးကို မြင်၍သာ သုံးနှုန်းကြတာမို့ ဗဟုသုတရစေရန် ရည်ရွယ်ပြုစုပါသည်။ အနည်းဆုံး ဘယ်စကားကို ဘာလို့ယူသုံးသလဲဟု သိမှတ်မိဖို့ရန် ရည်ရွယ်ရင်းဖြစ်သည်။ ဤစာ၏ သဘောမှာ ကျမ်းတချို့မှ စာများကို စုစည်းထားသည့် သဘောသာဖြစ်သည်။

တဆက်တည်း မဟာဝိဇယစေတီတော် အတွင်းလှိုင်ဂူထက်မှ မြန်မာ့ရိုးရာ နက္ခတ် တံဆိပ်များကို ဗဟုသုတ အလို့ငှာ ဖော်ပြလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ခင်မင်လျက်
နေ၀သန်

ကျမ်းကိုး။ ။ မြန်မာနိုင်ငံ နတ်ကိုးကွယ်မှု သမိုင်း (မင်းစည်သူ)
Pleiades Wikipedia
9 Planets
National Geographic

Print

15 ယောက်က မှတ်ချက်ပြုသွားသည်။:

ချော(အစိမ်းရောင်လွင်ပြင်) said...

စုံလှချည်လား နေဝသန်ရေ...
ကြယ်တွေနတ်တွေအကြောင်း တစ်ခါမှ မသိသေးတာတွေလည်း သိလိုက်ရတယ်။။
ဗဟုသုတ စုံချက်ကတော့ အားကျသွားပါတယ်။
ဂရိနတ်တွေအကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်နော်...
နေ့နံတွေနဲ့ တွဲထားတာ ပိုပြီးစိတ်ဝင်စားမိတယ်။။
စုံစုံလင်လင်ဖော်ပြထားပေးတာ ကျေးဇူးပါ။

san htun said...

တော်တော်အားထုတ်ထားတာ ချီးကျူးစရာ..ဗဟုသုတ တိုးလို့  ကျေးဇူး နေဝသန်ရေ..

မြသွေးနီ said...

ဂြိုလ်တွေ နက္ခတ်တွေနဲ့ သက်၊ရှိဘ၀တွေရဲ့ ဆက်စပ်မှုတွေကို စိတ်ဝင်စားတယ်။ ဒါပေမယ့် အဲ့ဒီအပေါ်မှာတော့ တစွဲတလမ်းစိတ် မထားမိဘူး။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်မှာ စိုးလို့ပါ။ သေချာအားထုတ်ထားတဲ့ ဗဟုသုတရစေတဲ့ ပို့စ်လေးပါ နေ၀ဿန်ရေ...။

ဝေမိုးနိုင်(မုံရွာ) said...

ပထမဆုံးအကြိမ်အလည်ရောက်ခဲ့ပါတယ်ခင်ဗျာ။ စာတွေဖတ်သွားပြီး ဗဟုသုတတွေ ဒလဟောရသွားပါတယ။် နောက်လည်းလာဖတ်ပါဦးမယ်။ ကျွန်တော့်ဆိုက်မှာလင့်ချိတ်ထားပြီဖ်ြစ်ကြောင်းပါအသိပေးလိုက်ပါတ.်ယ်ခင်ဗျာ။

ညီရဲ said...

စိတ်ဝင်စားဖွယ် ဗဟုသုတ များအတွက် ကျေးဇူးပါ... စိတ်ဝင်စားစွာနဲ့ အားလုံးကို သေသေချာချာလေး လေ့လာဖတ်ရှုသွားပါတယ်...

ကူးကူးလှိုင် said...

ဗဟုသုတများကြီးတိုးရပါတယ် ကျေးဇူးပါ...

Dream said...

အတော်လေ့လာထားတာပဲ..
း)

Anonymous said...

မြန်မာအယူ စာပိုဒ်ရဲ့ ဒုတိယ အပိုဒ်လေးကို
သဘောကျမိတယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မဒမ်ကိုး said...

သဘောကျလွန်းလို့ပရင့်ထုတ်ချင်တယ်
ဘယ်လိုထုတ်ရမလဲလုပ်ပါဦးကိုနေ၀သန်ရေ
သိမ်းထားချင်လို့ပါ

ခင်တဲ့

ဒိုးကန်

mstint said...

ဂြိုဟ် နက္ခတ်နဲ့ပတ်သက်ပြီး မြန်မာတွင်သာမက ကမ္ဘာနဲ့ဆက်နွယ်တဲ့ အယူအဆ ဗဟုသုတတွေ
စိတ်ဝင်စားစရာကောင်းတယ် မောင်နေဝသန်ရေ။
ကော်ပီယူသွားတယ်နော် ကျေးဇူးပါကွယ်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

Myat Pan Nwe (မြတ်ပန်းနွယ်) said...

Print ထုတ်သွားပြီ။ မြတ် စိတ်ဝင်စားတဲ့ အကြောင်းရာလေးတွေဖြစ်နေတဲ့အတွက် ကျေးဇူးပါ။

ခင်မင်စွာဖြင့်
မြတ်

Anonymous said...

စုံနေတာပဲ။ တချို့ဟာတွေလဲ ခုမှသိတယ်။
ဂရိ ဒဏ္ဍာရီတွေက ဘယ်တော့မှ မရိုးတဲ့ ပုံပြင်တွေလိုပဲနော်။

ခင်မင်လျှက်
ဂျူ

september rain(moe) said...

စိတ်ဝင်စားစွာနဲ့ ဖတ်ရှုသွားပါတယ်... "ကြယ်ကြွေတာကိုမြင်ရခိုက်မှာ လက်သီးဆုပ်ထားပီး ၊ အဲဒီလက်သီးဆုပ်ကို ခေါင်းအုံးအောက်မှာ ထားအိပ်ရင် .. အိပ်မက်ထဲမှာ ဖူးစာရှင်ကိုတွေ့ရတတ်သတဲ့...''ဆိုတဲ့ ဟိုးတုန်းက တယောက်သောသူ ရေးပေးခဲ့ဘူးတဲ့စာသားလေးကို အမှတ်ရမိတယ်.....): ......
ဗဟုသုတ များအတွက် ကျေးဇူးနော်

ကိုဇော် said...

ဂွတ်တယ်ကွာ။
ဆရာ စံဇာဏီဘို ဖတ်နေရသလိုပဲ။ နောက်ထပ်လည်း ဒီလို ဗဟုသုတလေးတွေ လုပ်ပါဦး။

ဟန်ကြည် said...

ဒီပို့စ်က ဘယ်တုန်းက တင်လိုက်ပါလိမ့်...မျက်စိလျှမ်းပြီး မဖတ်လိုက်မိဘူး ဖြစ်သွားတယ်...ခဏနေဦး...လောလောဆယ်တော့ ဦးနေ၀င်းဖတ်နည်းနဲ့ အပြေးအလွှားဖတ်သွားတယ်...အားမှ ကျကျနနကို ပြန်ဖတ်မယ်...ဒါကိုရေးဖို့ နေ၀သန်တစ်ယောက် အချက်အလက် အတော်ရှာယူရမှာမှန်း သိနေလို့...