ထမင်းစားလက်မှတ်


(၁)

`တီးတီး... `

အိမ်ရှေ့မှ ကားဟွန်းသံ..။ ဖတ်လက်စ ဂျာနယ်ကို ခေါက်သိမ်းရင်း အိပ်နေတဲ့ ဖျာပေါ်မှ ကုန်းရုန်းထလိုက်သည်။


အသံပြဲပြဲဖြင့် အော်ရင်းဝင်လာသည့် သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်း တီတိုးဆဲလိုက်မိသည်။

`မင်းတို့ အဖေ ငါဒီမှာကွ..။ လခွီးမှပဲ.. တိုးတိုးလုပ်တာမဟုတ်ဘူး.။ မေမေအိပ်နေတယ်ကွ.. `

ပြောသာပြောရသည်။ အိပ်ခန်းထဲမှ မေမေ့အသံကို ကြားရတော့ မေမေတောင် နိုးနေပြီထင်သည်။ ငပြည့်နဲ့ ဇင်မျိုးတို့က အိမ်ရှေ့ ဆက်တီမှာ ထိုင်ရင်း စပ်ဖြဲဖြဲလုပ်နေကြသည်။ ဒီကောင်တွေက ဒီအတိုင်းပဲ..။ ဟိုးငယ်ငယ်ကတည်းက ဖြိုးနဲ့ ပေါင်းသင်းလာတာကြောင့် အိမ်သားတွေလိုပင်..။ အိမ်ကိုလာလျှင် အော်ကြီးဟစ်ကျယ်နှင့်..။

`အ၀တ်လဲ ဟေ့ကောင်..။ ဟော့ပေါ့သွားစားမယ်..`

ဖြိုး တစ်ချက်တော့ တုံ့သွားရသည်။ `ဟော့ပေါ့` ဆိုတာမျိုးက တစ်ခါစားလျှင် လေးငါးသောင်းလောက် ကျတာမို့လား..။ အခု ဖြိုးလက်ထဲမှာ ငွေမရှိ..။ ဒီကောင်တွေကလည်း အရမ်းချစ်ရတဲ့ သူငယ်ချင်းတွေမို့ ဘယ်လို ငြင်းရမလဲ မသိ..။ ဖြိုး ရုတ်တရက် တွေဝေနေမိသည်။ ပြန်လည် တုံ့ပြန်ဖို့ စကားလုံးတွေ ရုတ်တရက် ဆွံ့အနေမိသည်။

`မသွားချင်ပါဘူးကွာ..။ မင်းတို့ကလည်း.. အေးအေးဆေးဆေး အိမ်မှာနေပါရစေဦး..။ မင်းတို့တွေက သေဌေးသားတွေ..။ မင်းတို့ သုံးသလို ငါလိုက်သုံးလို့ မဖြစ်ဘူးကွ... `

ဒီလိုပဲ ရယ်သွမ်းပြီး ပြောလိုက်မိသည်။ တကယ်လည်း ဟုတ်ပါသည်။ ငပြည့်နှင့် ဇင်မျိုးက ဖြိုးထက်စာလျှင် အတော်ကို ပြည့်စုံချမ်းသာကြပါသည်။ ငပြည့်ဆိုလျှင် မိဘတွေက ကိုယ်ပိုင်ကုမ္ပဏီနှင့်..။ အစ်ကို အစ်မတွေကလည်း နိုင်ငံရပ်ခြားတွေမှာ.။ ဇင်မျိုးဆိုလျှင်လည်း အဖေက ရာထူးကြီး ၀န်ထမ်းတစ်ယောက်။ အမေကလည်း မင်္ဂလာဈေးမှာ အထည်ဆိုင်တွေ ဖွင့်ထားသည်..။ ဟိုးငယ်ငယ်ကတည်းက လိုချင်တာ အကုန်ရနေတာမို့ အသုံးအဖြုန်းလည်း ကြီးကြသည့် သူငယ်ချင်းနှစ်ယောက် ကြားမှာ ဖြိုးအမြဲ ချင့်ချိန်ပြီး နေထိုင်ရသည်။

`ဟာ. မလိုက်လို့ ဖြစ်မလားကွ..။ ငါတို့မှာ ဒီသူငယ်ချင်းတွေပဲ ရှိတာ..။ ငါတို့ ရှင်းမှာပါကွ.. ။ လဲမှာသာ လဲစမ်းပါကွာ...။ ရှည်မနေနဲ့...`

ဒီလို စကားတွေလည်း ဖြိုးခဏခဏ ကြားခဲ့ဖူးပြီးပြီ။ ဖြိုးအပေါ်မှာ ဒီကောင်တွေ ဘယ်လောက်ခင်မင် တွယ်တာတယ်ဆိုတာ ဖြိုးကောင်းကောင်းသိတာပေါ့..။ သူတို့ အသုံးတွေနောက် မလိုက်နိုင်တဲ့ ဖြိုးအတွက် အကုန်အကျခံခဲ့ရပေါင်းလည်း များနေပြီဆိုတာ ဖြိုးနားလည်သည်။ တကယ်တော့ ဖြိုးလည်း ယောက်ျားလေး တစ်ယောက်ပဲလေ..။ သူငယ်ချင်းတွေနဲ့ စားသောက်ပြီဆိုလျှင် ရှင်းချင်မိတာပေါ့..။ သူငယ်ချင်းတွေချည်း ကျွေးနေတာကို စားနေရတာကိုလည်း ဖြိုးမြိုမကျမိတော့..။ ဒါကြောင့်လည်း ဒီကောင်တွေ လာတိုင်း ရှောင်ဖယ်ဖယ် လုပ်မိသည်။

`ဟုတ်ပါတယ်.. သားရယ်..။ သူငယ်ချင်းတွေ ခေါ်နေတာ.. လိုက်သွားလေ..။ သားပြည့်တို့.. သိပ်မိုးမချုပ်နဲ့ နော်..။ မင်းတို့ ဦးက ခရီးသွားတယ်.။ အိမ်မှာ အန်တီရယ်.. မင်းတို့ ညီမလေးပဲ ရှိတာ..။ ဖြိုးကို စောစောတော့ ပြန်ပို့နော်..`

အိပ်ခန်းထဲမှ ထွက်လာပြီး ပြောနေသည့် မေမေ့စကားကို ဖြိုးမပယ်ရှားဝံ့တော့..။ အခန်းထဲဝင်ပြီး အ၀တ်လဲလိုက်မိသည်။ ခဏနေတော့ မေမေပါဝင်လာပြီး ဖြိုးလက်ထဲကို ပိုက်ဆံတစ်ထုပ် ထည့်ပေးသည်။ တစ်ထောင်တန်အုပ်...။ ဖြိုး မေမေ့ကို ကြည့်ရင်း ခေါင်းခါချင်မိသည်။ ဒီငွေတွေဟာ တစ်အိမ်လုံးမှာ ရှိတဲ့ ငွေများလေလား..။ မေမေ့မျက်လုံးတွေက ဖြိုးကို စိတ်ချလက်ချသာသုံးဟု ပြောနေသယောင်ယောင်..။

`သားစိတ်မပူနဲ့..။ မေမေ့သားကို မျက်နှာ မငယ်စေချင်ဘူး..။ သူငယ်ချင်းတွေကို ဒီနေ့ သားပဲ ဒကာခံ ကျွေးလိုက်နော်..။ မေမေ့လက်ထဲမှာလည်း ငွေရှိသေးတယ်.။ ဖေဖေလည်း မကြာခင် ပြန်လာတော့မှာပဲ..။ ချင့်ချင့်ချိန်ချိန်တော့ သုံးပေါ့နော်...။ သားကို မေမေယုံတယ်..။ ဘီယာတွေလည်း သိပ်မသောက်လာနဲ့..။ ကဲ.. သွား.... ညလည်း မိုးမချုပ်စေနဲ့...`

ငပြည့်တို့ ကြားမှာစိုးလို့ အသံတိုးတိုးလေးဖြင့် မှာနေသည့် မေမေ့ကို ကြည့်ရင်း ဖြိုးသိပ်သနားသွားသည်။

`သားကို စိတ်ချပါ မေမေ..။ စောစောပြန်လာမယ်..။ ညီမလေးကိုလည်း သားပြန်လာရင် စာမေးမယ်လို့၊ စာကျက်ထားလို့နော်.. ဒါဆို သားသွားပြီ..`

မေမေ့ နဖူးကို ဖွဖွလေး နမ်းပြီး ဖြိုးထွက်လာခဲ့မိသည်။ အကောင်းစား ဆစ်(ခ်)နပ်စ်ကားပေါ်ကို ဖြိုးတက်ထိုင်ပြီး ထွက်ကြည့်နေသည့် မေမေ့ကို လက်ပြနှုတ်ဆက်နေမိသည်။ ပျဉ်ထောင်၊ သွပ်မိုးအိမ်လေးက ဖြိုးကို တစ်ခုခုများ ပြောချင်နေသည်လား... ။ တရိပ်ရိပ်ပြေးနေသည့် ကားနှင့် တ၀ုန်းဝုန်းဖွင့်ထားသည့် ကက်ဆက်သံကြားမှာ ဖြိုးတို့ရပ်ကွက်လေးက မှုန်ရီရီ ကျန်ရစ်ခဲ့လေပြီ။


(၂)

တကယ်တော့ ဖြိုးတို့က သာမန်မိသားစုလေးပါ။ ဖေဖေက ပွဲရုံတစ်ခုမှ လူယုံစာရေးတစ်ဦး ဖြစ်ပြီးတော့ မေမေက ကျောင်းဆရာမတစ်ဦးပါ။ ဖေဖေရယ်၊ မေမေရယ်၊ ဖြိုးရယ်၊ ညီမလေးရယ်... ဒီမိသားစုလေးဟာ သိပ်ကို ပျော်ဖို့ကောင်းတာပေါ့..။ ငွေရေးကြေးရေး မချမ်းသာပေမယ့် မေတ္တာတော့ ချမ်းသာသည်။ သားသမီးတွေကို ပညာတတ်သိပ်ဖြစ်စေချင်သည့် ဖေဖေ၊ မိတ်ဆွေတွေရဲ့ အဆက်အသွယ်နဲ့ ဖြိုးတို့မောင်နှမကို တီတီစီမှာ ပညာသင်ကြားစေခဲ့သည်။ ကားကောင်းတွေ တ၀ီဝီနှင့် အတန်းဖော်တွေကြားထဲမှာ ဖြိုးတို့ထမင်းချိုင့်လေးကို ဖွယ်ဖွယ်ရာရာဖြစ်အောင် မေမေ အမြဲပြင်ဆင်ပေးခဲ့သည်။ အဲဒီကျောင်းမှာပဲ ငပြည့်နဲ့ ဇင်မျိုးဆိုတဲ့ ချစ်သူငယ်ချင်းနှစ်ယောက်ကို ဖြိုးရရှိခဲ့သည်။

ဖြိုးတို့အိမ်က မြောက်ဒဂုံမှာပါ..။ ကိုယ်ပိုင်ခြံလေးနဲ့... ဆိတ်ငြိမ်တဲ့ရပ်ကွက်လေးထဲမှာ ဖြိုးတို့ သိပ်ပျော်ခဲ့သည်။ ဒီလိုပဲ ငပြည့်နဲ့ ဇင်မျိုးတို့ကလည်း ဒီရပ်ကွက်လေးထဲကို ချောင်းပေါက်မတတ် ရောက်ဖြစ်ခဲ့သည်။ ဆယ်တန်းမှာ ကိုယ်ပိုင်ဝိုင်းနှင့် စာသင်ခဲ့တုန်းက ဖြိုးတို့အိမ်မှာပဲ သင်ဖြစ်ခဲ့သည်။ သူတို့ကိုယ်တိုင်က ကားနှင့် ဒရိုက်ဘာနှင့် လာနိုင်တာမို့... ဖြိုးတို့အိမ်မှာပဲ သင်ခဲ့ကြတာပါ..။ တကယ်လို့ သူတို့အိမ်မှာ ၀ိုင်းလုပ်ခဲ့ရင် ဖြိုးလာရခက်မှာကို တွေးမိ၊ ပူပန်မိကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို ဖြိုးတကယ်ပဲ ကျေးဇူးတင်မိသည်။ ဒီလိုနဲ့ ဖြိုးမင်းသော်၊ ပြည့်မောင်မောင်နှင့် ဇင်မျိုးသန့်ဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ ဆေးတက္ကသိုလ် (၁) မှာ ဆေးကျောင်းသားဘ၀ကိုလည်း အတူတူ ဖြန်သန်းခွင့်ရခဲ့ပြန်ပါသည်။

ဆေးကျောင်းတက်နေတုန်းကလည်း အမြဲတမ်းလိုလို သုံးယောက်သား အတူတူစာကျက်ဖြစ်ခဲ့သည်။ ဖြိုးတို့ အိမ်မှာ ကျက်ရင်ကျက်၊ ဒါမှမဟုတ် တစ်အိမ်အိမ်မှာ စုကျက်ဖြစ်လျှင်လည်း ဖြိုးကို လာကြိုပေးတတ်ကြသည်။ ဒီလို ဖြိုးအပေါ်မှာ ခင်မင်ရှာသည့် သူငယ်ချင်းနှစ်ယောက်ကို ငြင်းဆန်ဖို့ ခက်ခဲလွန်းလှတာ မဆန်းဘူးဟု ဖြိုးထင်သည်။ ဖြိုးတို့အိမ်မှာ ကိုယ်ပိုင်ကားဆိုတာ မရှိပေမယ့် အထည်လဲ ကားစီးနေတဲ့ သူငယ်ချင်းနှစ်ယောက်ကြောင့် ဘတ်စ်ကားဆိုတာကို ဖြိုးသိပ်မရင်းနှီးခဲ့ပါ..။ ဆေးကျောင်းသားတစ်ယောက် အတွက် လိုအပ်တဲ့ စာအုပ်စာတမ်းကအစ နိုင်ငံခြားကိုမှာတိုင်း ဖြိုးအတွက် တစ်အုပ်ဆိုတာ အမြဲပါသည်။ဒီစာအုပ်တွေက ကော်ပီဆိုလျှင်တောင် ဈေးအတော်ကြီးတာမို့ ဖြိုးမယူချင်ပေမယ့် ကိုယ့်ကိုချစ်တဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး ငြင်းဆန်နိုင်စွမ်းမရှိခဲ့..။ အခုလည်း ပြောချင်တာတွေပြော၊ ရယ်ချင်တာတွေ ရယ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး အတွေးစတွေ ဖြတ်လိုက်မိသည်..။ ကိုယ့်ဝမ်းနာတာကို သူငယ်ချင်းတွေ မသိစေချင်...။

တရှိန်ထိုး ပြေးနေတဲ့ ကားလေးနဲ့အတူ ဖြိုးရဲ့ စိတ်လေးကို လွှင့်ထားလိုက်မိသည်။

(၃)

`ငါ ဂျမေကာကို ထွက်တော့မယ်...`

ရုတ်တရက်ပြောချလိုက်သည့် ဇင်မျိုးစကားကြောင့် အံ့သြသွားသည်။

`ဟုတ်တယ်..။ ငါတို့ ကျောင်းပြီးတာလည်း နှစ်နှစ်ရှိတော့မယ်..။ အခုထိ ပို့စတင်လည်း မကျသေးဘူးလေ..။ ရမလား မရလားလည်း မသေချာဘူး...။ ဒီတော့ ငါ့အစ်မအဆက်အသွယ်နဲ့ ငါဟိုက ဆေးရုံတစ်ခုခုမှာ သွားလုပ်မယ်..။ နောက် အဆင်ပြေလာရင်တော့ MSc တွေဆက်တက်ရင် ဆက်တက်မှာပေါ့ကွာ... `

ဟုတ်တော့လည်း ဟုတ်ပါသည်။ ဖြိုးတို့ ကျောင်းပြီးတာ ကြာခဲ့ပြီ။ `ဆမ` လက်မှတ်လေး ရလာပေမယ့် ဘယ်အချိန် တာဝန်ကျမည်လည်း မသိ..။ ပြီးတော့ ဖြိုးတို့က ၀ါသနာပါလို့ ဆေးကျောင်းတက်ခဲ့ကြသည်။ ဆေးပညာကို စိတ်ဝင်စားသည်...။ မကျန်းမာတဲ့ လူနာတွေကို ကုသချင်လို့ ဒီကျောင်းကို ရွေးဖြစ်ခဲ့သည်။ သူများတွေတော့မသိ.. ဖြိုးအတွက်ကတော့ ဆေးကျောင်းပြီးဖို့ ဖေဖေရော မေမေပါ အလွန်ပင်ပန်းခဲ့ရသည်။ ဆေးကျောင်းသားတစ်ယောက်ရဲ့ ၆ နှစ်တာ ကျောင်းစားရိတ်က နည်းနည်းနောနော မဟုတ်..။ ပြီးတော့ မပြည့်စုံသည့် ဖြိုးတို့ မိသားစုအတွက် ပိုပြီး ၀န်ပိခဲ့ရသည်။

အခုလည်း `ဆမ` ရပြီးကတည်းက ဖြိုးတို့သုံးယောက်လုံး အထူးကုဆေးခန်းတစ်ခုမှာ ၀င်လုပ်ဖြစ်ခဲ့ကြသည်။ လခ တစ်လကို တစ်သိန်းစွန်းစွန်းလောက်ရပေမယ့် ကိုယ်လို ဆရာဝန်ပေါက်စလေးတွေဟာ နေရာရဖို့ မလွယ်ခဲ့..။ လာသမျှ လူနာတွေဟာ အထူးကုဆရာဝန်တွေနဲ့သာ ကုသကြတာမို့.. ဖြိုးတို့ဟာ ခိုင်းရာသာ လုပ်နေရတဲ့ ဘ၀ဖြစ်လာခဲ့သည်။ ဒါပေမယ့် ဘာလုပ်ရလုပ်ရ၊ ပညာရသည့်မည်သည့် အလုပ်မဆို ဖြိုး လုပ်ချင်ပါသည်။ ခက်သည်က ပုဂ္ဂိုလ်ရေးအရ လေးစားမှုမရှိသည်ကိုတော့ ဖြိုးသည်းမခံနိုင်..။ ကြာလာတော့ နပ်စ်နှင့် ဆရာဝန် နင်လာငါလားတွေ ဖြစ်လာခဲ့ရသည်။ နေ့စဉ် အလုပ်မှာ စိတ်ဆင်းရဲလို့ တခြားအလုပ်ပြောင်းဖို့လည်း မလွယ်..။ သူလိုကိုယ်လို ကျောင်းဆင်းတွေက ဒုနဲ့ဒေး..။

ဒီတော့ ဖြိုးတို့ဘ၀က ပိုစတင်ကျမည့်ရက်ကိုသာ မျှော်လင့်နေရသည်။ ဖြိုးကတော့ ဘယ်မှာ တာဝန်ကျကျ သွားဖို့ အဆင်သင့်ပြင်ထားသည်။ `အထူးကု ဆရာဝန်ကြီး ဖြစ်အောင် ကြိုးစားပါ သား` လို့ အမြဲ တဖွဖွ မှာနေသည့် ဖေဖေ့မျက်နှာကို မြင်ယောင်မိသည်။ မြန်မာပြည်မှာ MSc ဆက်တက်နိုင်ဖို့ အလုပ်တာဝန် သတ်မှတ်နှစ် ထမ်းဆောင်ရမည်မလား..။ ဒီတော့ ဖြိုးမှာ ရွေးစရာ လမ်းမရှိ..။ ချမ်းသာသည့် သားသမီးတွေလို နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့လည်း မဖြစ်နိုင်..။

အခုတော့ တိကျစွာ ဆုံးဖြတ်ချက်ချလိုက်သည့် ဇင်မျိုးအတွက် ဂုဏ်လည်းယူမိသည်။ သူငယ်ချင်းရဲ့ တက်လမ်းအတွက်၊ ရှေ့ရေးအတွက် ၀မ်းသာမိသလို အမြဲမခွဲတမ်း ပေါင်းခဲ့ကြသည့် သူငယ်ချင်းတစ်ယောက်နှင့် ခွဲခွာရတော့မှာကိုတော့ ၀မ်းနည်းမိသည်။

`ကောင်းတာပေါ့.. သူငယ်ချင်းရယ်..။ ဟိုမှာလည်း ငါတို့ရှေ့က အစ်ကိုကြီးတွေ ရှိတာပဲ..။ တချို့ဆို အမေရိကားတောင် ရောက်ကုန်ပြီ..။ မင်းအတွက် တကယ်ပျော်မိတယ်... `

ဇင်မျိုးလက်ကို တင်းတင်းဆုပ်ရင်း ဖြိုးကြည်နူးစွာ ပြောမိသည်။

`ဟုတ်တယ် ငဖြိုး..။ ဒီနေ့ ငါတို့ ဟော့ပေါ့လာစားတာ အဲဒီအကြောင်းတွေ မင်းကိုပြောပြဖို့ပါ..။ ငါလည်း အော်စီကို သွားတော့မယ်..။ ဟိုမှာ ဆေးသိပ္ပံကျောင်းတစ်ကျောင်းကို ၀င်ဖို့လုပ်မယ်..။ လောလောဆယ်တော့ ငါ့ဦးလေးအိမ်မှာပဲ နေဖြစ်မယ်..။ ပြီးတော့မှ ကျောင်းလျှောက်ပေါ့..`

ဖြိုးအံ့သြမိပြန်သည်..။ ငပြည့်ကပါ သွားတော့မှာပါလား..။ ဒီသူငယ်ချင်းသုံးယောက် တကယ်ကို ခွဲခွာရတော့မှာ ပါလား..။ ဖြိုး မျက်ရည်ဝဲမိသည်..။ ငပြည့်နဲ့ ဇင်မျိုးကို ရွှန်းရွှန်းစားစားကြည့်မိရင်း...

`မင်းတို့အတွက် တကယ်ဂုဏ်ယူပါတယ်.. သူငယ်ချင်းတို့ရယ်..`

ဒီနေ့စားတဲ့ ဟော့ပေါ့ဟာ သိပ်ကို အရသာရှိလှပါသည်။ စူးရှနာကျင်နေသည့် ရင်ဝထဲကို ပူပူနွေးနွေး အသားတုံးတွေ ပစ်ထည့်ဝါးမြိုမိရင်း နာကျင်မှုကို ဖြိုး ဖြေဖြောက်နေမိသည်။ ဒီနာကျင်မှုဟာ သူငယ်ချင်းတွေနဲ့ ခွဲခွာရမှာ တစ်ခုတည်းကြောင့်လား ဆိုတာကိုတော့ ဖြိုးကိုယ်တိုင်လည်း ဝေခွဲမရ...။ `ဖြိုး.. မင်းကော ဘာဆက်လုပ်မလဲ..` လို့ ဖြိုးသိပ်ကြောက်တဲ့ မေးခွန်းတွေ မေးမလာခဲ့တဲ့ သူငယ်ချင်းတွေကို ကြိတ်ပြီး ကျေးဇူးတင်မိသည်..။

ဖြိုးတို့.. ဟော့ပေါ့တွေ အများကြီးစားဖြစ်ကြသည်..။ ဘီယာတွေ အများကြီးသောက်ဖြစ်ကြသည်..။ စကားတွေ အများကြီးပြောဖြစ်ကြသည်... ။ ပြီးတော့.... ကျသင့်သလောက် ဘီလ်ကို တစ်သိန်းအုပ်ထဲကနေ ကျေကျေနပ်နပ်ကြီး ဖြိုးရှင်းလိုက်မိသည်...။

အိမ်အပြန်လမ်းလေးမှာတော့.. အားလုံး တိတ်ဆိတ်လို့နေသည်...။ မလှမပ မှောင်မည်းလို့နေသည့် ရန်ကုန်မြို့ပေါ်မှာ လရောင်ဖျော့ဖျော့လေးက မ၀ံ့မရဲ ဖြန့်ကျဲလို့...။ တိတ်တိတ်ကလေး ကားမောင်းနေသည့် ငပြည့်..။ ကူရှင်ပေါ်မှီရင်း အပြင်ကို ငေးနေသည့် ဇင်မျိုး..။ မျက်လုံးကို မှိတ်ထားသည့်.. ဖြိုး... အားလုံး ရင်ထဲမှာ ဘာတွေများ တွေးနေကြမလဲ......


(၄)

ဖြိုးကို အိမ်ရှေ့အထိ လိုက်ပို့ပေးပြီးတဲ့နောက် ငပြည့်နှင့် ဇင်မျိုးတို့ ပြန်သွားကြသည်။ ခြံဝင်းတံခါးကို ဖွင့်အ၀င်.. ဖြိုးငိုင်ကျသွားသည်..။ အိမ်... သိပ်အကောင်းစား အိမ်ကြီးမဟုတ်ပါ..။ ပျဉ်ထောင်အိမ်... သွပ်မိုးလေးနဲ့... သိပ်ချစ်ဖို့ကောင်းတဲ့အိမ်.. သိပ်သာယာတဲ့ အိမ်လေး..။ ဒီအိမ်ကို ဖေဖေ့ချွေးနဲစာနဲ့ ၀ယ်ခဲ့သည်။ ဆယ်တန်းအောင်ရုံကလွှဲလို့ တက္ကသိုလ်ဆက်မတက်ဖြစ်တဲ့ ဖေဖေ့ အိမ်ပါ..။ တနည်းအားဖြင့် ဘွဲ့ရမဟုတ်သည့် ဖေဖေ့အိမ်..။ အနည်းဆုံးတော့ အိမ်လေးတစ်လုံးကို ဖေဖေပိုင်ဆိုင်ခဲ့ပါသေးသည်..။

ဖြိုးကကော.... ဖြိုးက ဆရာဝန်တစ်ယောက်လေ...။ လူတိုင်းက ချီးကျူးဂုဏ်ယူတဲ့ အကြည့်တွေနဲ့ အထင်ကြီး လေးစားခံရတဲ့ ဆရာဝန်တစ်ယောက်...။ ဒီဆရာဝန်တစ်ယောက်က အိမ်တစ်လုံးဝယ်နိုင်ဖို့ ဝေးစွ... တစ်လရတဲ့ လခ ကိုယ်တိုင်သုံးဖို့တောင် လောက်ငှရဲ့လား.. မသိ..။ ဘွဲ့ရပြီးကတည်းက မေမေ့အဖို့ အိမ်စားရိတ်တောင် မပေးနိုင်သေးတဲ့ ဘ၀ကို ဖြိုးမလုံမလဲ ဖြစ်မိသည်..။

အိမ်တံခါးဝမှာ အပေါင်းလက္ခဏာလေးနှင့် ကပ်ထားသော ဆိုင်းဘုတ်တစ်ခု..။ ဘာတဲ့ `ဒေါက်တာ ဖြိုးမင်းသော် (MB.,BS, Ygn)` တဲ့လား။ `ဟက်` ကနဲ ဖြိုးရယ်လိုက်မိသည်..။ ဖြိုးတစ်ချက် ရှိုက်လိုက်တော့.. ပါးပြင်ပေါ် မျက်ရည်တွေ အလိုလိုကျလာမိသည်..။ ဖြိုးဘာကို မကျေမနပ် ဖြစ်နေတာလဲ..။ အခု အထိ ဖြိုးတတ်နိုင်သလောက် ကြိုးစားခဲ့ပြီးပြီ..။ ဦးနှောက်သေးသေးလေးတစ်လုံးကို အနှစ် ၂၀ ကျော်လုံးလုံး ဖြိုးကောင်းကောင်း အသုံးချပြီးခဲ့ပြီ..။ ဖြိုးဖြစ်ချင်တဲ့ ဆရာဝန်ဘ၀ မရောက်သေးလို့လား. ဒါမှ မဟုတ်.. ငပြည့်တို့လို ချမ်းချမ်းသာသာနဲ့ နိုင်ငံခြားထွက်ပြီး ပညာဆက်မသင်နိုင်တော့လို့လား... ဒါမှမဟုတ်.. ဖြိုးသိပ်ချစ်တဲ့ မိသားစုကို ဆရာဝန်တစ်ယောက်အနေနဲ့ မထောက်ပံ့နိုင်သေးလို့လား.. အဖြေကို ဖြိုးမသိ... ဖြိုးသိတာကတော့... တံခါးဘောင်ကို မှီရင်း တိတ်တဆိတ် ရှိုက်ငိုနေမိတာပါပဲ...။

လမင်းကြီးက သာလို့... ဖြိုးကို တိတ်တဆိတ် လှမ်းပြုံးပြနေသည်..။ ၀မ်းနည်းစွာ ကျဆင်းလာတဲ့ မျက်ရည်ကို ဖြိုး နာကျင်စွာ သုတ်လိုက်မိသည်..။ အိမ်တံခါးကို ဖွင့်ပြီးဝင်လိုက်တော့... မေမေက တီဗွီကြည့်နေသည်..။ ညီမလေးက စာကျက်နေသည်..။ မေမေနှင့် ညီမလေးကို နှုတ်ဆက်ပြီးတဲ့နောက်.. ဖြိုးမျက်လုံးက ညနေက ဖတ်ခဲ့သည့် ဂျာနယ်ဆီသို့ရောက်သွားခဲ့သည်..။ ဖြိုးလှန်လိုက်မိသည့်... စာမျက်နှာက.. အိမ်ခြံမြေဈေးကွက်...။ ဘာတဲ့.. `ရန်ကုန်မြို့မှ ဈေးအကြီးဆုံး ကွန်ဒိုတိုက်ခန်းများ စတင်ရောင်းချ`.. ဈေးနှုန်းကို ကြည့်လိုက်တော့.. `သိန်းပေါင်း သုံးထောင်ကျော်...` အိပ်ခန်းလေးခန်းပဲ ပါသည့်... တိုက်ခန်းတစ်ခန်းရဲ့ ဈေးနှုန်း...။ ဖတ်ရင်း .. ဖတ်ရင်း.. ဖြိုး.. ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်...။

တဟားဟားနှင့် ရယ်မောနေသည့် ဖြိုးကို မေမေရော ညီမလေးပါ.. နားမလည်နိုင်သည့် အကြည့်တို့ဖြင့် ကြည့်နေမလား...။ ဂျာနယ်ဖြင့် ဖုံးထားသည့် ဖြိုးမျက်ဝန်းမှာ မျက်ရည်တွေ အပြည့်နဲ့ ဆိုတာကိုတော့ ဘယ်သူများ မြင်နိုင်မှာလဲလေ....


ခင်မင်လျက်
နေ၀သန်

Print

12 ယောက်က မှတ်ချက်ပြုသွားသည်။:

Anonymous said...

စာရေးဆရာ တော်တော် တော်တယ်ဗျာ... ပြီးတဲ့အထိ ဆွဲခေါ်သွားတယ်...

မောင်မျိုး said...

ဇတ်လမ်းလေးသိပ်ကောင်းတယ် တစ်ခုပဲ မရှင်းတာ သူက ဘာလို့ ဟက်ဟက်ပက်ပက် ရယ်မောတာတုန်း အဲ့တာလေး မသိဘူးဟ ။

မိုးခါး said...

း( ထမင်းစားလက်မှတ်တွေနဲ့ ထမင်းမ၀ကြတဲ့လူတွေ ရှိတယ် .. ရင်လေးစရာကြီးပါလားနော် .......

မြစ်ကျိုးအင်း said...

ပညာရေးဘက်မှာ ပေးမယ့်အချိန်တွေကို စီးပွားရေး လောကအတွက်ပဲ ပေးလိုက်တော့မယ် ဆိုတဲ့ အတွေးတွေ လူငယ်တွေ မဝင်လာဖို့ ထိုက်သင့်တဲ့ အာမခံချက် ကောင်းကောင်း ရှိဖို့ လိုနေတာ ကြာပြီ။
ဒီလိုနဲ့ပဲ ပညာတတ်တွေ ပြည်တွင်းမှာ လျော့လျော့သွား ရတာ။

ညီရဲ said...

ဒီလိုအဖြစ်မျိုးနဲ့ ရင်နာနေသူတွေ အများကြီးကို တွေ့ နေရတယ်... ခုခောတ်က ပညာတစ်ခု တတ်ထားရုံနဲ့ ဘာမှ လုပ်မရတဲ့ ခောတ်ဖြစ်နေတော့ ဘယ်သူ့ ကို အပြစ်တင်ရမလဲလို့ တွေးကြည့်မိတယ်...

san htun said...

ကောင်းလိုက်တဲ့ ဝထ္ထုလေး နေဝသန်ရေ..ခေတ်ကို ထင်ဟပ်နေတယ်

ဟန်ကြည် said...

နေ၀သန်ရေ ... လူရုံစာရေးဆိုတာလေးကို လူယုံစာရေးလို့ ပြင်လိုက်ပါလား...အဓိပ္ပာယ်တစ်မျိုးဖြစ်နေလို့...

ဆေးလောကအကြောင်းတော့ စိတ်ကုန်လွန်းလို့ ရေးကိုမရေးချင်တော့တာ နေ၀သန်ရေ...ဒီပို့စ်ကို ပြန်ဖတ်တော့လည်း အဟောင်းတွေ အသစ်ပြန်ဖြစ်လာပြန်ရော...ဒါပေမယ့် ဦးဟန်ကြည်တို့ ဆရာဝန်တွေကပဲ တလွဲဆံပင်ကောင်းနေကြသလားလို့...တောနယ်တွေကိုကျတော့ တစ်ယောက်မှ ဆင်းမလာကြပဲကိုး...ဆရာဝန်မရှိတဲ့နေရာတွေ မြန်မာပြည်မှာ အများကြီး ကျန်သေးတာပဲ...အဲဒီဒေသတွေကိုသာ သွားရင် ဂျီပီကောင်းပါတယ်...

Anonymous said...

ရေးထားတာ တကယ် ကောင်းတယ် ..
ဖတ်သွားပါတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မဒမ်ကိုး said...

စိတ်ဝင်စားလွန်းလို့ ရုံးမှာမနည်းခိုးဖတ်လိုက်ရတယ် ..
ငါ့နှယ်နော် နေ၀သန်လင့်မချိတ်မိဘူးလားမသိဘူး
ပြန်ရှာဦးမှဘဲ ..

ထမင်းစားလက်မှတ်ကြီးကိုင်လို့လေ ..ကုန်သည်ပွဲစားလောက်တောင် မစိုပြည်လို့
ညိုးငယ်နေရတဲ့ဘ၀တွေအများကြီးရယ်.
အားပေးလျှက်

ဂျာရစ်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အင်းဗျာာ တန်ရာတန်ကြေးဆိုတာထက် ဘဝဖြတ်သန်းမှုမှာ ဝါသနာနဲ့စေတနာပါတဲ့အလုပ်မျိုးရွေး မိပြန်တော့လည်း ဘဝဝမ်းစာဖူလုံမှုဆိုတာက အရေးကြီးတဲ့အခန်းဏ္ဍဆိုတော့
ဒါကလည်း မြန်မာပြည်မှာမို့ဖြစ်နေတာပါ
မျှော်တွေးရင်း ပညာတတ်တွေရော ပညာမတတ်သူတွေ ရောအားလုံး အဆင်ပြေလာမယ်ထင်ပါတယ်

Angelhlaing(May everybody be happy and healthy! said...

ဦးနှောက်ယိုစီးမှု ရောဂါဆိုတာ အဲဒီလိုအခြေနေကနေ စတာပဲ.... တစ်ကယ်ကောင်းတဲ့ ပို့စ်လေးပဲ....နေဝသန်။

ကိုထွဋ် said...

ကျနော့ ထမင်းစားလက်မှတ်လဲ မှိုတက်လို့...း(