ကြည်နူးမှု မှတ်စုတစ်ပုဒ်

ထေရ၀ါဒဗုဒ္ဓသာသနာမှာ ကျွန်တော်တို့မြန်မာနိုင်ငံဟာ အတော်ကို ထွန်းကားတဲ့ နိုင်ငံလို့ ပြောနိုင်ပါတယ်။ စေတီပုထိုးတွေဟာ လက်ညှိုးထိုးမလွဲ နေရာတိုင်းမှာ တည်ထားကိုးကွယ်ကြပါတယ်။

အမိမြန်မာနိုင်ငံမှာ နေစဉ်ကတော့ နေရာတိုင်းမှာ စေတီပုထိုးတွေ တွေ့နေရတာမို့ ရိုးသလိုလို ဖြစ်ခဲ့ပေမယ့် မိဝေးဖဝေး တိုင်းတပါးမှာ နေရတဲ့အချိန်မှာတော့ စေတီပုထိုးဆိုတာ ဝေးလို့ ဘုန်းကြီးကျောင်းတောင် မရှိဖြစ်ခဲ့ ရပါတယ်။ `နှလုံးသားမှာ ဘုရားတည်` ဖို့က အရေးကြီးတာပါ။ စိတ်ထဲမှာ ရတနာသုံးပါးကို ကြည်ညိုခြင်းသာ ပဓာနပါလို့ ဘယ်သူကပြောပြော ကျွန်တော့်စိတ်ထဲမှာ ဘုရားပုထိုးတွေကို လက်တွေ့ကျကျ ဖူးချင်နေမိတာ ထိန်းမနိုင်လောက်အောင်ပါပဲ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မြန်မာပြည်ကို ကျွန်တော်အလည်ပြန်တော့ ရွှေတိဂုံစေတီကို အရင်ဖူးဖြစ်ခဲ့ပါတယ်။ ရွှေရောင်တွေ ၀င်းဝါပြီး သပ္ပါယ်လွန်းလှတဲ့ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီကို ဖူးရင်းနဲ့ မျက်ရည်တွေလည်လာမိပါတယ်။ ဘုရားပန်းဝယ်သူ၊ ပန်းကပ်သူ၊ ဆီမီးပူဇော်သူ၊ ရေသပ္ပါယ်သူ၊ တရားထိုင်၊ တရားမှတ်သောသူများ၊ ဓမ္မစကြာ၊ ပရိတ်ရွတ်ဖတ်နေသူများကို ငေးမောကြည့်နေရင်းနဲ့ အမိမြန်မာပြည်မှာ နေရတာလောက် ဘယ်မှာကံကောင်းနိုင်မလဲလို့ တွေးမိပါတယ်။ ဒီတစ်ခေါက် မြန်မာပြည်မှာ မလုပ်ဖြစ်ခဲ့သော၊ မကြုံဖြစ်ခဲ့သော လုပ်အားဒါန ကုသိုလ်တချို့ကို လုပ်နိုင်ခဲ့ပါတယ်။

လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံ

ကျွန်တော်ရန်ကုန်ကိုရောက်ပြီး ပထမဆုံးအပတ် စနေနေ့ညနေမှာတော့ သူငယ်ချင်းနဲ့အတူ ရွှေတိဂုံ အင်္ဂါထောင့်ကို ရောက်ခဲ့ပါတယ်။ ဒီနေရာမှာ စနေနေ့ညနေတိုင်း တံမြက်စည်းလှည်း ကုသိုလ်ယူလေ့ရှိတဲ့ ကလျာဏပါရမီအသင်းရဲ့ ဆုံမြေဖြစ်ပါတယ်။ ဒီအသင်းကို ၀င်လိုရင်တော့ မှတ်ပုံတင်နဲ့တကွ လစဉ်ဝင်ကြေးကို ပေးပြီး ၀င်နိုင်ပါတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းကတော့ အချိန်အားရင်အားသလိုပဲ သွားနိုင်တာကြောင့် အသင်းတော့ မ၀င်ထားခဲ့ပါဘူး။ အဲဒီနေရာကိုရောက်တော့ ကျွန်တော်တို့အရွယ် လူငယ်၊ လူရွယ်တွေ စုရုံးထိုင်နေကြပါတယ်။ အားလုံးက ပုဆိုးတွေ၊ ထမီတွေကို ၀တ်ဆင်လို့ တကယ်ကို မျက်စိယဉ်လှပါတယ်။ သိရာကျွမ်းရာ အုပ်စုလိုက် ထိုင်စကား ပြောနေကြပါတယ်။ မကြာခင်မှာတော့ တံမြက်စည်းတွေ အစီးလိုက်လာချပေးပါတယ်။ တစ်ယောက်ကို တံမြက်စည်းနှစ်ချောင်းစီ ရွေးယူပြီး အသင့်ပြင် ကြပါတယ်။

မကြာခင် ခြောက်နာရီခွဲဝန်းကျင်လောက်မှာ မြောက်ဘက် စောင်းတန်းကို အရင်သွားကြပါတယ်။ ဘုရားစောင်းတန်းထိပ်မှာ ပထမဆုံးရောက်တဲ့ လူငယ်အယောက် ၂၀ ကျော်ကျော်က အရင်တန်းစီပါတယ်။ လုပ်အားဒါနပြုသူ လူငယ်တွေကို ရှေ့ကနေအော်ပြီး ကြီးကြပ်သူတစ်ယောက်ရှိပါတယ်။ အဲဒီလူကို `တန်းစည်း` လို့ခေါ်ပါတယ်။ သူကနေ ရှေ့ကနေ ဘယ်ဘက်ကို လှည်းပေးပါ.. ဘယ်နေရာမှာ အမှိုက်ကို စုပေးခဲ့ပါ စသဖြင့် အော်ပေးပါတယ်။ အဲဒီ ပထမတန်းရဲ့နောက်မှာ `ပုန်းကိုင်` ရှိပါတယ်။ သူကတော့ စုပေးထားတဲ့ အမှိုက်ကို ပုန်းထဲကျုံးထည့်ပါတယ်။ အဲဒီနောက်မှာတော့ ဒုတိယတန်းကို စီပြီး လှည်းလာပါတယ်။ အဲလိုမျိုး လေးတန်း တခါတလေ လူများလျှင် ငါးတန်းလောက်အထိရှိပါတယ်။ လူငယ်တစ်ယောက်စီက တံမြက် နှစ်ချောင်းကို ဘယ်လက်ရော၊ ညာလက်ရောကိုင်ပြီး ခပ်သွက်သွက် တန်းညှိပြီး လှည်းရပါတယ်။ အစပိုင်းမှာတော့ လက်ညောင်းပေမယ့် လုပ်အားဒါနအတွက် စိတ်ဓါတ်တက်ကြွပြီး လုပ်ရသမျှ မမောပန်းနိုင်ပါ။ ပြီးတော့ ခင်ရာမင်ရာစုပြီး ရယ်စရာမောစရာများကို ပြောကြတာမို့ တကယ်ကို ပျော်ရွှင်ကြည်နူး ရပါတယ်။

အရှေ့ဘက်စောင်းတန်း

မြောက်ဘက်စောင်းတန်းတလျှောက် မုခ်ဝအထိ လှည်းပြီးသွားရင်တော့ စောင်းတန်းအလယ် ရေအိမ်သွားတဲ့ လမ်းကြားကတဆင့် အရှေ့ဘက်မုခ်ကို ကူးပါတယ်။ အရှေ့ဘက်ကို အောက်ဘက်အထိလှည်းပြီးတော့ အလယ် ကားလမ်းကတဆင့် ဓါတ်လှေခါးနဲ့တက် ရင်ပြင်တော်ကတဆင့် တောင်ဘက်မုခ်ကို ကူးပါတယ်။ တံမြက်လှည်းသူတွေက လူငယ်တွေချည်းတော့မဟုတ်ပါ။ တခါတခါ လူကြီးအရွယ် အဒေါ်များကို တွေ့ရတာမို့ အသက်အရွယ်မရွေးသော လုပ်အားဒါနလေးဖြစ်ပါတယ်။ တောင်ဘက်စောင်းတန်းကို လှည်းပြီး မုခ်ဝကိုရောက်တော့ နောက်ဆုံးတန်းလှည်းပြီးတဲ့အထိ စုပြီးစောင့်ကြပါတယ်။ အားလုံးပြည့်ပြီဆိုတာနဲ့ တန်းစည်းများက ယဉ်ထိန်းရဲတွေကို အကူအညီတောင်းပြီး မီးပွိုင့်ကို ခဏရပ်ခိုင်းပြီး မဟာဝိဇယစေတီဘက်ကို အမြန်ကူးကြပါတယ်။ ဖိနပ်မပါ ခြေဗလာနဲ့ ခဲပြင်ကို ခပ်မြန်မြန်လေး ကူးရပေမယ့် နာရကျင်ရမှန်းမသိပဲ ပျော်ရွှင်ရပါတယ်။

မဟာဝိဇယစေတီ

မဟာဝိဇယစေတီအတွင်းလှိုဏ်ခုံးပေါ်မှ မြန်မာ့ရိုးရာ နက္ခတ်များ

မဟာဝိဇယစေတီရင်ပြင်တော်တွင် လှည်းကျင်းနေမှု

မဟာဝိဇယစေတီ ရင်ပြင်တော်ကိုရောက်တော့ ရှစ်နာရီ နည်းနည်းကျော်နေပြီ။ အားလုံး ရင်ပြင်တော်မှာ ခဏနား၊ ဘုရားရှိခိုး။ အသင်းရဲ့ လုပ်ဆောင်ချက်တချို့ကို ဥက္ကဌက ပြောသင့်တာပြောပါတယ်။ မကြာခင်တော့ ရင်ပြင်တော်တလျှောက် တန်းစီပြီး စလှည်းပါတယ်။ ကျွန်တော်တို့တွေကတော့ အမြန်ပဲ စေတီအထဲပိုင်းကို လှည်းရဖို့ တန်းဦးကြပါတယ်။ စေတီအတွင်းပိုင်း ပတ်လမ်းက ကျဉ်းတော့ လေးယောက်တစ်တွဲ၊ ဆန့်ကျင်ဘက် ပတ်ပြီး ပြန်ဆုံပါတယ်။ ပြီးတော့ အတွင်းလှိုဏ်ထဲမှာ လှည်းပြီး ကော်ဇော်တချို့ကို ဖုန်ခါသင့်တာခါ၊ အားလုံးသန့်ရှင်းရေးလုပ်ပြီး ဘုရားကန်တော့ပါတယ်။ အပြင်ဘက်ကိုရောက်တော့ ရင်ပြင်တော်ကို လှည်းနေတဲ့သူတွေက မပြီးသေးတာမို့ ခပ်သော့သော့ပဲ မဟာဝိဇယစေတီကနေ ရွှေတိဂုံဘက်ကို ကုန်းကျော်လူကူးတံတားကနေ တောင်ဘက်မုခ် ဓါတ်လှေခါးနဲ့ ရင်ပြင်တော်ကို တက်ပါတယ်။ အဲဒီအချိန်မှာတော့ ခြေလည်းညောင်း၊ လက်လည်းညောင်းနေပြီမို့ အနားယူရင်း အညောင်းဖြေကြပါတယ်။ ကိုးနာရီလည်း ထိုးလုပြီမို့ အိမ်ဝေးသော လူငယ်များက ပြန်ဖို့ပြင်ကြပါတယ်။ ကား တွေက ကိုးနာရီနောက်ပိုင်း အတော်ရှားတာကြောင့် အိမ်အမှီပြန်ဖို့ အသော့နှင်ကြပါတယ်။

ရွှေတိဂုံစေတီရင်ပြင်ပေါ်တွင် လှည်းကျင်းမှု

ကလျာဏပါရမီအသင်းမှာ လုပ်အားဒါနပါဝင်သူများအားလုံးကို အစာအဟာရ ကုသိုလ်လှူဒါန်းသူများဟာ အပတ်စဉ်ပြည့်နေပါတယ်။ ကိုးနာရီအမှီပြန်မယ့်လူငယ်တွေကို အရင်ဆုံး လှူဒါန်းသော အစားအစာများ ကျွေးမွေးပါတယ်။ ကျွန်တော်ပထမဆုံးလှည်းတဲ့ အပတ်က ထမင်းသုပ်နဲ့ ကော်ဖီတိုက်ပါတယ်။ ဆက်နေမယ့်လူငယ်များကတော့ မစားသေးပဲ ရင်ပြင်တော်ကို ဆက်လှည်းဖို့ စောင့်နေပါတယ်။ ရင်ပြင်တော်ကိုလှည်းဖို့ တစ်တန်းမှာ လူငယ် ၂၃ ယောက်ခန့်တန်းစီပြီး နှစ်တန်းလောက်က ရင်ပြင်တော်တလျှောက်၊ ကျန်သုံးတန်းလောက်က ရင်ပြင်တော် ကြိုကြားတလျှောက် လှည်းကြပါတယ်။ စေတီကို လက်ယာရစ်လှည်းပြီးသကာလမှာတော့ ကိုးနာရီကျော်နေပါပြီ။ ကျွေးမွေးတဲ့ အစားအစာတွေကို ပလုတ်ပလောင်းစား၊ အလုအယက်စားသောက်၊ ဟာသတွေပြောပြီး ဗိုက်ကို ကားနေအောင် စားကြပါတယ်။ ကျွန်တော်တို့တွေ တပျော်တပါးစားနေကြတာကို မြင်ရတဲ့ အလှူရှင်တွေလည်း ပိုပြီး ၀မ်းသာပီတိ ဖြစ်မိမယ်လို့ ထင်ပါတယ်။

ရွှေတိဂုံစေတီရင်ပြင်ပေါ်မှ နောက်ဆုံးတန်းပန်းဝင်လာသူများ

စားလို့သောက်လို့ ပြီးပြီဆိုရင်တော့ ဘုရားရှိခိုးပါတယ်။ အစားအစာလှူဒါန်းသူများကို ရည်စူးပြီး မေတ္တာပို့သပေးပါတယ်။ ပြီးတော့ မိမိအင်အားနဲ့ ပြုခဲ့မိသော ကုသိုလ်ကောင်းမှုအစုစုတို့ကို ၃၁ ဘုံ ကျင်လည်ကုန်သော သတ္တ၀ါအပေါင်းကို ရည်စူး၍လည်းကောင်း၊ ရောဂါဝေဒနာခံစားနေရသူ နာတာရှည်လူမမာများအားလည်းကောင်း ရည်စူးပြီး မေတ္တာပို့ပေးပါတယ်။ အားလုံးကို အမျှဝေပြီးတဲ့အခါ မြောက်ဘက်စောင်းတန်းကနေဆင်းပြီး မြေနီကုန်းအထိကို လမ်းလျှောက် ပြန်ပါတယ်။ လူငယ်တွေမို့ စကားတပြောပြောနဲ့ မကြာခင် မြေနီကုန်းကိုရောက်၊ အိမ်ဝေးတဲ့သူတွေက ဘတ်စ်ကားစီးပြန်၊ နီးတဲ့သူတွေက လက်ဖက်ရည်ဆိုင်ထိုင် စကားပြောပြီး အိမ်ရောက်တော့ သန်းခေါင်တိုင်ခါနီးနေပါပြီ။

အင်္ဂါထောင့်မှ ကလျာဏပါရမီအသင်း

တကယ်ကို ကြည်နူးစရာကောင်းသော လုပ်အားဒါနလေးပါ။ ရွှေတိဂုံစေတီတော်မှာ နေ့စဉ်ဘုရားဖူးတွေ မနည်းမနောလာကြတဲ့အခါ ရင်ပြင်တော်မှာထိုင်ပြီး ဘုရားရှိခိုးကြပါတယ်။ ဒီလိုရှိခိုးတဲ့ နေရာလေးကို သန့်ရှင်းအောင် ဆောင်ရွက်ပေးရတာမို့ ကုသိုလ်လည်း ထူးပါတယ်။ ပြီးတော့ ဗဟုသုတကြွယ်တဲ့ သူငယ်ချင်းတွေကိုလည်း ရတာမို့ ရွှေတိဂုံနဲ့ပတ်သက်တဲ့ မသိသေးသော အကြောင်းအရာများကိုလည်း မှတ်သားရပါတယ်။ စောင်းတန်းတလျှောက်ဖော်ထားသော ကနုတ်ပန်းတွေမှာ ဘယ်လက်ရာက အနုစိတ်ပြီး၊ ဘယ်လက်ရာက သိပ်မကောင်းတာမျိုး၊ ဘယ်တန်ဆောင်းဟာ ဘယ်ခေတ်လက်ရာမျိုး ဆိုတာတွေ၊ နောက် ညဘက်မှာ စိန်ဖူးတော်ကို အနီ၊ အပြာ၊ အစိမ်း၊ လိမ္မော်ရောင်တွေကို ဘယ်နေရာက ရပ်ပြီး ကြည့်ရင် မြင်ရတာမျိုးတွေကို ပိုပြီးသိလာရပါတယ်။

ရင်ပြင်တော်တလျှောက် လှည်းကျင်းရတာမို့ ဘုရားအမျိုးမျိုးကိုလည်း ဂရုတစိုက် လေ့လာဖြစ်ပါတယ်။ ကျောက်စာတွေကိုလည်း ဖတ်ရသလို ကမ္ဘာကျော် စဉ့်ကူးမင်း ခေါင်းလောင်းကိုလည်း စိတ်ဝင်တစား လေ့လာတတ်လာပါတယ်။ ဘုရင်မကြီး ရှင်စောပုတည်ခဲ့သော ဘုရားရှေ့က သစ်ပင်မှာ ဆုတောင်းရင်ပြည့်တယ်လို့ ဆိုတဲ့အတွက် ဆုတောင်းစာတွေ ပြည့်နှက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံရယ်လို့ နာမည်ကြီးနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ကိုယ်ကိုယ်တိုင်က ထေရ၀ါဒလား၊ သရဏဂုံတည်နေသူလားဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်ပဲ သိနိုင်မှာပါ။ ဆရာတော်တွေက ဟောပါတယ်။ သာသနာစစ်မစစ် ဘုရားမှာရှိတဲ့ ဂြိုလ်တိုင်တွေကိုပဲ ကြည့်ပါတဲ့။ တကယ်တော့ ဂြိုလ်တိုင်ဆိုတာ ဗြဟ္မဏ အယူပါ။ ဟိုးငယ်ငယ်ကတော့ ဘုရားပေါ်ရောက်ရင် ကိုယ့်မွေးနေ့ဂြိုလ်တိုင် ရောက်မှ ဘုရားရှိခိုးပါတယ်။ ကိုယ့်နံမဟုတ်တဲ့ ဘုရားမှာ ရှိခိုးရရင် မပြီးသလို ခံစားရတယ်။ အခုတော့ အရင်တက်ဖြစ်တဲ့ မုခ်မှာပဲ ရှိခိုးဖြစ် ပါတယ်။ ကိုယ့်မွေးနေ့နံဆိုတာကို ကျော်ကျော်သွားမိခဲ့ပါပြီ။

တစ်နေ့မှာ ဘုရားတွေကို အသေးစိတ်လေ့လာ နေရင်း ဘုရားရှေ့မှာ ကြက်အစိမ်း အမွေးနှုတ်ထားပြီး အကောင်လိုက်တင်ထားတာကို တွေ့တော့ အတော်ကို အံ့သြသွားမိပါတယ်။ ဓါတ်ပုံရိုက်လိုက်ချင်တာကို သူငယ်ချင်းက တားထားတာမို့ မရိုက်ခဲ့ရပေမယ့် အတော်ကိုတော့ ဘ၀င်မကျဘူးဖြစ်မိတယ်။ ဘုရားက ဘီလူးဘုရားပါ။ အရှေ့မြောက်ဘက်မှာရှိတဲ့ အဲဒီဘုရားမှာ အောက်နားမှာ ဘီလူးပုံတွေရှိပါတယ်။ ကပ်တဲ့သူက ဘီလူးတွေကို ရည်စူးပြီးကပ်တယ်ထင်ပါတယ်။ ဒါပေမယ့် ဘုရားပေါ်မှာ ဒီလိုရှေးရိုးစွဲ ယဇ်ပူဇော်နေတာကတော့ အတော်ကို အမြင်မသင့်ပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်မှာ `ကံ၊ ကံ၏ အကျိုးကို လက်ခံယုံကြည်ဖို့` အင်မတန်အရေးကြီးပါတယ်။ ကိုယ်ပြုသမျှကံ ကိုယ့်ထံပြန်လာမှာပါပဲ။ ကုသိုလ်ကောင်းမှုများတဲ့သူဟာ ချမ်းသာမှာ မလွှဲဧကန်ပါပဲ။ ဒါကိုမှ ကုသိုလ်ကောင်းမှုလုပ်ရမှာထက် `မစပါ၊ စောင်မပါ` ဆိုပြီး ယဇ်ပူဇော်နေသမျှ ကံနှင့်ကံရဲ့ အကျိုးကို ယုံကြည်ခြင်းမှာ သွေဖီနေတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

ဘာပဲပြောပြော ဒီတစ်ခေါက် မြန်မာပြည်ပြန်ဖြစ်တဲ့အခါမှာတော့ လုပ်အားဒါနကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ရလို့ အတော်ကိုကြည်နူးမိပါတယ်။ အဲဒီအသင်းမှာ အမြဲတမ်း လာရောက်ပြီး တံမြက်လှည်းနေကြတဲ့ လူငယ်လူရွယ်များကိုလည်း လေးစားလျက်ပါ။ ကိုယ်ကျင့်တရားတွေ တိမ်းပါးနေပြီး၊ အပျော်အပါးဖက် အားစိုက်နေတဲ့ခေတ်မှာ ဒီလိုလူငယ်တွေ ရှိနေကြတာမို့ ဂုဏ်လည်းယူမိပါတယ်။ အမြဲတမ်းလည်း လုပ်အားဒါန ပြုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ မှတ်တမ်းတင်အပ်ပါတယ်။ ညီအစ်ကို မောင်နှမများလည်း မြန်မာပြည်ကို ရောက်ခဲ့လျှင် စနေနေ့တိုင်း ညနေ ခြောက်နာရီခွဲ ရွှေတိဂုံစေတီ အင်္ဂါထောင့်မှာ သွားရောက်လုပ်အားဒါနပြုနိုင်ကြပါတယ်ခင်ဗျာ။

ခင်မင်လျက်
နေ၀သန်

Print

14 ယောက်က မှတ်ချက်ပြုသွားသည်။:

မောင်မျိုး said...

သာဓု ပါ ညီလေးရေ ပြုရတဲ့ကုသိုလ်ကြောင့် ဘ၀မှာ လိုတိုင်းတရနိုင်ပါစေဗျာ . ။

မေဓာဝီ said...

သာဓုခေါ်ပါတယ် နေ၀သန်ရေ ...
အမလဲ ရန်ကုန်မှာတုန်းက ဗိုလ်တထောင်ဘုရားမှာ သန့်၇ှင်းရေး ဝေယျာဝစ္စ လုပ်တဲ့ အသင်းထဲ ၀င်ထားတယ်။ တံမြက်စည်းလှဲတာတို့ ဘုရားပန်းနဲ့ သောက်တော်ရေချမ်း လဲတာတို့နဲ့ အလှူခံပုံတွေက ငွေတွေ ရေတွက်ပေးတာ၊ တပတ်တခါ စုပေါင်း မေတ္တာပွါးတာတွေ လုပ်ကြတယ်။ အလွန် ကြည်နူးစရာ ကောင်းပါတယ်။ လူငယ်တွေ အဲဒီလိုလုပ်အားဒါနတွေမှာ စိတ်ဝင်စားကြတာလဲ ချီးကျူးစရာပါပဲ။

ဟန်ကြည် said...

လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါသဗျား...ဘုရားမှာ အဲဒီလို ကုသိုလ်ယူနေတာကို တွေ့ရင် ရင်ထဲမှာ တကယ့်ကို ကြည်နူးပါရဲ့...

ဦးဟန်ကြည်လည်း နေ့တွေနံတွေ မစဉ်းစားတာ သိတတ်တဲ့အရွယ်ကတည်းက ဆိုပါတော့...ရုပ်ပွားတော်ကို ဦးချတာတောင် မျက်နှာလိုက်နေလို့ကတော့ မဟုတ်သေးဘူးလို့ ယူဆထားလို့...

ဘုရားရင်ပြင်တော်တွေမှာ နတ်တွေ၊ ဘိုးတော်တွေ ကိုးကွယ်ကြတာ မမြင်ချင်မှအဆုံး နေ၀သန်ရေ...တစ်ခါတစ်ခါမှာ ဘုရားရင်ပြင်တော်ထက်တောင် သူရို့ဆီမာ ပိုပြီးသာယာစိုပြည် လှူဖွယ်ပိုများနေသေးရဲ့...ဘုရားကအောက် မျောက်ကအထက်ဆိုတာ အဲဒါမျိုးပေါ့...

မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေဘ၀ကနေ ထေရ၀ါဒဘာသာဝင်စစ်စစ်တွေ ဖြစ်ကြပါစေကြောင်း ဆုတောင်းပေးသွားပါတယ်...

Anonymous said...

ငါ့ဆီက ကောင်းတဲ့ အကျင့်တွေအတုယူလာတာ
နင် တော်တော်တောင်
လိမ္မာလာပြီ ...
ကောင်းလေစွ ..
ကောင်းလေစွ ..း))
ဝမ်းသာတယ်ကွယ် ..

တကယ်ကြည်နူးဖို့ကောင်းတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Angelhlaing(May everybody be happy and healthy! said...

လိမ္မာလိုက်တဲ့ အကို.... သာဓုပါလို့ ...
ကြည်နူးအားကျရပါတယ်အကိုရေ..

...အလင်းစက်များ said...

သာဓုပါကွယ်။ ဘဘ တို့ လည်း အတက်ကြီးမှ ဒီလို ကုသိုလ်တောင် မပြုနိုင်သေးပါဘူး။ :P

ဖဘမှာ စလွယ်လေး သိုင်းလို့  ပုံတွေ့ ထားတယ်။ တကယ်ကို ကြည်နူးမိပါတယ် နေ၀ဿန်ရေ

မြသွေးနီ said...

ဝမ်းသာပီတိနဲ့အတူ သာဓုလှိုက်လှဲစွာ ခေါ်သွားပါတယ်ရှင်..။

mstint said...

ရွှေတိဂုံဘုရားကြီး ဖူးသွားတယ် မောင်နေဝသန်ရေ။
အားကြိုးမာန်တက် သန့်ရှင်းရေးတွေလုပ်ကိုင်နေတာ
မြင်တွေ့ရတာလည်းစိတ်ကြည်နူးစရာကောင်းတယ်။
သာဓု သာဓု သာဓုပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

သာဓုပါဗျား)
ရန်ကုန်ရောက်လာသေးတယ်ပေါ့

blackroze said...

နေဝသန်ရဲ့လုပ်အားဒါနလေးကို
ဝမ်းသာပီတီနဲ့သာဓုခေါ်ပါတယ်ရှင်

ညီရဲ said...

သာဓု သာဓု သာဓုပါဗျာ... ရွှေတိဂုံဘုရားကို ရောက်တုန်းက အဲဒီလို လုပ်အားဒါန လုပ်နေသူတွေကို တွေ့ ရတယ်။ သူတို့ ကို မြင်ရတာ တကယ်ကြည်နူးဖို့ ကောင်းတယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကုသိုလ်ကောင်းမှု ပါဝင်ခွင့်ရခဲ့တဲ့အတွက် ဝမ်းသာပါတယ် နေဝသန်ရေ..
ရွှေတိဂုံပုံတော်တွေ ဖူးမျှော်ရတာ ကျက်သရေရှိပြီး သပ္ပါယ်လှပါတယ်။
ဘုရားပေါ်က ကြက်အသေကိစ္စတော့ နေဝသန်ပြောသလို တော်တော်ရုပ်ဆိုးတာဘဲနော်။
ဘုရားတရားသံဃာရယ်လို့ ကိုးကွယ်စရာတွေ ရှိပါရက်နဲ့ ဘီလူးကိုပူဇော်တယ်။။ ထူးဆန်းပါပေ့.

san htun said...

သာဓုခေါ်ပါတယ် နေဝသန်ရေ..ဘုရားကို ရောက်လို့  သူတို့ ကို တွေ့ တိုင်း ပါဝင်ကုသိုလ်ယူချင်တာ..

Anonymous said...

အရမ်းကျေးဇူးတင်မိပါတယ်..နေ၀သန် ရေ...
နောက်ပိုင်း တန်းထိန်း(EC)တွေရဲ့ခံစားရေရတာလေးတွေကို ပြောပြခြင်ပါတယ်..။အသင်းမှာလက်ရှိတန်းထိန်းအဖြစ်
ကိုဘွန်,ကိုမျိုး,ကိုသန်းထွေး,ကိုဝင်းနိုင်,ကျနော် ကိုသျှားညို,ကိုစန်းဘို တို့အဓိကထိန်းပါတယ်..။facebook မှာgroupလေးဖွဲ့ထားတယ်..လာခဲ့ပါဦး..ဖိတ်ခေါ်ပါတယ်နော်..။ကျေးဇူးလဲတင်..အားလဲရပါတယ်..။share ချင်တယ်..post လဲလာရေးပေးပါဦးနော်..။
ာကိုဆိုလျှက်ပါ..။နေ၀သန်ရေ..။