မပိုင်သော မဆိုင်သော

`အဆောင်မှာ ခြောက်တဲ့ သရဲကြီးရယ်..၊ ဂန္ဓ၀င်မြောက်တဲ့ ချစ်မေတ္တာ..`

မူရင်းဘယ်သူဆိုတယ်ဆိုတာ ရေးရေးပဲရှိတော့ပေမယ့်၊ ကျွန်တော့်နားထဲ အတော်စွဲနေတာက `အောင်နိုင်` ထင်ပါရဲ့။ `တချိန်တုန်းက တက္ကသိုလ်` ဆိုတဲ့ ကက်ဆက်ခွေလေးပါ။ ကျွန်တော့်အသက် ၁၃ နှစ်လောက်ရှိမှာပေါ့။ စွဲစွဲမြဲမြဲနားထောင်ဖြစ်ခဲ့တယ်။

မောင်နှမလေးယောက်အနက်မှာ တက္ကသိုလ်ဆိုတဲ့ အရသာကို ပြည့်ပြည်၀၀ခံစားခွင့်ရခဲ့တာ အကြီးဆုံး အစ်မပဲ ထင်ပါရဲ့။ သူတစ်ယောက်သာ ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့တယ်။ အဓိပဓိလမ်းမှာ ခြေရာတွေ ထပ်ခဲ့တယ်။ အင်းလျားကန်ဘောင်က ဘူးသီးကြော်တွေကိုလည်း မြိန်ရည်ရှက်ရည် စားခဲ့ရတယ်။ ဂျပ်ဆင်ရှေ့က မြက်ခင်းပြင်မှာ စကားပန်းတွေကို ခြေနဲ့ခပ်ပြီး ကစားခဲ့ကြတယ်။ သစ်ပုပ်ပင်ကြီးနဲ့ သူငယ်ချင်း ဖြစ်ခဲ့ကြတယ်။ ကျောင်းပိတ်လို့ မကြီးအိမ်ပြန်လာရင် ပြောပြတာတွေ တ၀ကြီးနားထောင်ရင်း သိပ်ပျော်ခဲ့ရတာပါ။

`အင်းလျားဆောင်သူလေးရေ၊ အင်းလျားဆောင်သူလေးရေ.. သိပ်ချစ်မိတဲ့ အကြောင်းမင်းသိပါစေ` လို့ `ဗလ` ရဲ့သီချင်းလေးကို ကြားတိုင်း `သြော်... ငါ့အစ်မက အင်းလျားဆိုတဲ့ အဆောင်ကြီးမှာနေတဲ့ အင်းလျားဆောင်သူကြီးပါလား` လို့ ခဏခဏ တွေးမိခဲ့တယ်။ ညဘက်ညဘက် ဗိုက်ဆာရင် ဘယ်လိုခိုးပြီး၊ ဘာတွေချက်စားတဲ့အကြောင်း၊ ဘယ်တုန်းက ဘယ်အဆောင်သူက သေသွားပြီး ဘယ်ကုတင်မှာ ဘယ်လို ပုခက်လွှဲပြီး ခြောက်တဲ့အကြောင်း... ဘယ်တော့မှ နားထောင်မ၀ခဲ့ဘူး။ မကြီးရဲ့ အထပ်လိုက်သော ဓါတ်ပုံအယ်လ်ဘမ်တွေကြည့်ရင်း သီရေတာ အခန်းကျယ်ကြီးတွေမှာ စာသင်ရတာကို အားကျမိတယ်။ တက္ကသိုလ်ဆိုတာ ဘယ်လိုလဲလို့လဲ ကလေးပီပီ တွေးတွေပြီး စဉ်းစားရတာ အမောပါပဲ။

`အဓိပဓိလမ်းမက တို့လျှောက်ခဲ့တဲ့ ခြေရာ၊ ဂျပ်ဆင်ထိပ်က လရိပ်လေးသာရယ်...၊ စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့` ဒါတွေကို ဖန်တလဲလဲနားထောင်လို့ ရန်ကုန်တက္ကသိုလ်ဆိုတာ မျက်လုံးထဲမှာ အလွတ်ကိုရလို့..။ မိန်းကလေးဆို ထမီတိုတို၊ လွယ်အိတ်မွေးပွတွေနဲ့ ယောကျာ်လေးဆို ပုဆိုးနဲ့ ရှပ်အင်္ကျီ တွေဟာ အဲဒီခေတ်က ရေစီးကြောင်းတစ်ခုဖြစ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှုဆိုတာကိုလည်း မဆန့်ကျင်ခဲ့ဘူး။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ (Google မှယူပါသည်)

ကျွန်တော်တက္ကသိုလ်တက်တော့ ရန်ကုန်တက္ကသိုလ်ထဲကို ခဏခဏ ရောက်ဖြစ်ခဲ့တယ်။ တိတ်ဆိတ်နေတဲ့ ကျောင်းရဲ့ပုံရိပ်တွေက တခုခုကို လွမ်းဆွတ်နေစေသလိုလို...။ ပင်းယဆောင်ရှေ့က ခရေပင်ကြီးကလည်း အုပ်ဆိုင်းလို့... ခရေပွင့်တွေက တပွင့်ပြီးတပွင့်ကြွေလို့.... ဘယ်ရယ်မသိ.. အဲဒီ ခရေပန်းတွေကို ကောက်နေမိပြီး.... ဟိုးအရင်ကဆို ဒီခရေပွင့်လေးတွေနဲ့ ရန်ကုန်တက္ကသိုလ်သူတွေ ဘယ်လောက်များ လှပနေခဲ့မလဲလို့ တွေးနေမိပြန်တယ်..။

အဲဒီမှာ ကိုယ်ကိုယ်တိုင်က အင်ဂျင်နီယာကျောင်းသားဆိုတော့ မကြီးသူငယ်ချင်း YIT က အစ်ကိုကြီးတွေနဲ့ ခင်မင်မိပြန်တယ်။ YIT ကကြို့ကုန်းမှာဖြစ်ပြီးတော့ ကျောင်းသားတွေနေတဲ့ အဆောင်တွေက RC2 ထဲမှာ မလား။ အဆောင်နေကျောင်းသားဘ၀မှာ ဖဲကို ဘယ်လိုရိုက်ကြတဲ့အကြောင်း၊ အရက်ကို ဘယ်လိုမူးပြီး၊ အဆောင်မှာ သေးကို ဘယ်လိုပန်းကြကြောင်းက အစ... အကုန်သိခွင့်ရခဲ့တယ်။ အဆောင်မှာ ဘယ်လိုသောင်းကျန်းသောင်းကျန်း၊ စာဆိုတာကိုလည်း မလစ်ဟင်းအောင် ကြိုးစားကြတယ်။ စာမေးပွဲနီးရင် အချင်းချင်းဖေးမတတ်ကြတယ်..။ သူတို့ပြောပြတာတွေကို နားထောင်ရင်း သိပ်ပျော်တာပဲ..။ ဒါတင်ဘယ်ကမလဲ.. တာဝန်ကိုယ်စီနဲ့ နေရာအသီးသီးကို ရောက်နေကြတဲ့ သူငယ်ချင်းတွေ ပြန်ဆုံတဲ့အခါ ဟိုးအရင်ကလိုပဲ ကလေးတွေလို ပျော်နေကြတာကို ကြည့်ရင်းနဲ့ သိပ်အားကျမိခဲ့တယ်...။

မြန်မာပြည်ရဲ့ လက်ရှိ အခြေခံပညာရေးက နိုင်ငံတကာ မမီဘူးလေ..။ နိုင်ငံတိုင်းမှာ ၁၂ တန်းအထိရှိပြီး မြန်မာပြည်မှာ ၁၁ တန်းထိပဲရှိတယ်။ နောက် သင်ရိုးတွေကအစ မမီတဲ့အတွက် တက္ကသိုလ်မှာ ပထမနှစ်က Foundation Course အနေနဲ့ သင်ရတယ်..။ ကျွန်တော်တက္ကသိုလ်တက်တော့ ပထမနှစ်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အင်ဂျင်နီယာသင်္ချာ၊ အင်ဂျင်နီယာရူပ၊ အင်ဂျင်နီယာဓာတုနဲ့ ကွန်ပျူတာ သိပ္ပံဆိုတာ သင်ရတယ်။ ရူပနဲ့ ဓါတုက ပထမနှစ်ပဲ သင်ရပေမယ့် သင်္ချာကတော့ အသက်ဖြစ်တဲ့အတွက် ၃ နှစ်အထိ သင်ရပါတယ်။ အဲဒီမှာ ဆရာ၊ ဆရာမကြီးတွေက များသောအားဖြင့် YIT ကပြောင်းလာတာ များတယ်။ အရင်ကတော့ YIT မှာ ကျူတာပေါက်စလေးတွေ၊ ဆရာမအငယ်လေးတွေပေါ့..။ အခု ဒီဘက်မှာတော့ ဌာနမှူးတွေ ဖြစ်လာခဲ့တယ်။

ပထမနှစ် ရူပအတန်းတွေမှာ ဌာနမှူးရဲ့ လက်ချာတွေက မြင့်တယ်။ မြင့်သလို အပတ်တိုင်း ကျူတိုရီရယ်လည်း သိပ်အုံးစားတယ်။ Open Book ဖြေခိုင်းတယ်..။ တိုင်ပင်နိုင်တယ်။ ဆွေးနွေးနိုင်တယ်..။ ဒါတောင် ပထမတစ်နှစ်လုံး ကျူတိုရီယယ်ကို ကျွန်တော်တစ်ခါပဲ အောင်ဖူးတယ်။ အဲဒီမှာ ဌာနမှူးစာသင်တိုင်း ထွက်လာတတ်တဲ့ စကားရှိတယ်...။ ဟိုးအရင်က YIT ကျောင်းသားတွေကို သတိရလိုက်တာတဲ့..။ သိပ်ချစ်ဖို့ ကောင်းတယ်တဲ့..။ စာလည်း ကြိုးစားကြတယ်တဲ့..။ ဆရာ၊ ဆရာမတွေကိုလည်း ရိုသေလေးစား ကြတယ်တဲ့..။
ဂုဏ်ယူဝင့်ကြွားခဲ့ရသော ရန်ကုန်နည်းပညာတက္ကသိုလ်ကြီး (Google မှယူသည်)

နည်းနည်း အတန်းကြီးလာတော့ သင်္ချာဆရာမကြီးတွေရဲ့ ပါးစပ်ကလည်း ခဏခဏထွက်လာတယ်။ `စာသင်ချိန် ဆို ငြိမ်နေတာပဲ..။ အတန်းလည်း တော်ရုံမပျက်ကြဘူး။ အတန်းလာတက်တယ်ဆိုတာ ရိုးကော်လ် လိုချင်လို့ လာတာထက် သိချင်၊ တတ်ချင်လို့ လာတက်တာ။ ဒီလို သိချင်တတ်ချင်တဲ့အတွက် အသေးစိတ် နားထောင်တယ်။ အဲဒီတုန်းကဆို တို့တွေက ဆရာမပေါက်စလေးတွေ။ ဆရာကြီးတွေက လက်ချာပေးသွားတယ်။ တို့တွေက ကျူတိုရီယယ်တွေ ကိုင်ရတယ်။ စာမေးပွဲဖြေပြီးလို့ တစ်ပုဒ်ပုဒ်မှားခဲ့ရင် တက်တခေါက်ခေါက်နဲ့မကျေမချမ်း ဖြစ်ကြသေးတာ...။ တစ်ခုခုဆို ဒီလို မဖြေရှင်းပဲ၊ ဒီလိုဖြေရှင်းလို့ကော မရဘူးလား ဆိုတဲ့ မေးခွန်းတွေ သိပ်များတယ်..။ တို့တွေလည်း ပညာတကယ်ရတယ်...။ တကယ်ပါ..။ မင်းတို့တွေကျတော့ ရည်ရွယ်ချက်တွေ မဲ့နေတယ်..။ ဒီကျောင်းကို ၀င်ခွင့်ရတယ်၊ ကျောင်းတက်တယ်..။ ဒါပေမယ့် မင်းတို့မှာ ရည်ရွယ်ချက်ဆိုတာ ရေရေရာရာ မရှိဘူး။ ဦးတည်ချက်မရှိတော့ ကိုယ်လုပ်တဲ့အလုပ်ကို သိပ်အလေးမထားဘူး..။ အခုနေ ဆရာတွေက မင်းတို့ကို ညာပြီးသင်သွားလည်း မင်းတို့ သတိမထားလိုက်မိဘူး။ အရင်က ကျောင်းသားတွေများ တို့တွေ စာသင်တာ တခုခုအပြောမှားသွားပြီဆိုရင် တန်းပြီးထောက်တော့တာ...။ အခုတော့ အမှားရေးပြလည်း ကူး၊ ခေါင်းလေးငြိမ့်... တကယ် သနားစရာ ကောင်းလိုက်တာ...` ဆိုတဲ့ စကားတွေ နားနဲ့ မဆန့်အောင် ကြားခဲ့ရတယ်။

တက္ကသိုလ်စတက်တော့ လက်ချာဆိုတာကို တွေးပြီး ကြောက်နေခဲ့မိတယ်။ လက်ချာရိုက်တယ်ဆိုတာ ဆရာက ပြောချင်ရာပြောသွား၊ ကိုယ်ကလည်း ကောင်းမယ်ထင်တာတွေ ကိုယ့်ဘာသာကိုယ် ရွေးမှတ်၊ ပြီးမှ ကိုယ့်ဘာသာ ကိုယ်စာစီပြီး ကြည့်ရတာမျိုးဆိုတော့ လန့်တာပေါ့..။ ဒါပေမယ့် ပထမနှစ်မှာ ဆရာမတွေက သိပ်သဘောကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ သနားစရာမျက်နှာလေးတွေ ကြည့်ပြီး လက်ချာမရိုက်ကြပါဘူး။ ၁၆ နှစ်အရွယ်ကလေးတွေ၊ တချို့များ အမေတွေတောင် လိုက်ပို့ပြီး စောင့်ပေးနေကြသေးတယ်။ ကံကောင်းတယ်လား၊ ကံဆိုးတယ်လား မသိပေမယ့် ရူပနဲ့ မြန်မာစာနှစ်ခုကိုတော့ လက်ချာပေးခံရပါတယ်။ အဲဒီ အပေးခံရတဲ့ နှစ်ခုကို ကျွန်တော်အညံ့ဆုံးပါ။

ငယ်ငယ်က သီချင်းထဲမှာ `ဟိုးဟိုးဆရာ ရှေ့မှတ်တိုင်မှာ ဆင်းစို့အချစ်ရာ၊ လမ်းလျှောက်တာ ကောင်းပါတယ်` ဆိုတဲ့ သီချင်းလေး... စာသားလေးတွေက ရယ်ရတယ်..။ သီချင်းခေါင်းစဉ်တော့ သိပ်မမှတ်မိတော့ဘူး။ ဟိုးအရင်က တက္ကသိုလ်တွေမှာတော့ ၀ိဇ္ဇာ၊ သိပ္ပံ၊ ဆေးကျောင်းနဲ့ YIT ဆိုတာ တနေ့တနေ့ လူးလာကူးသွားလို့ ရတယ်မလား..။ ကျွန်တော်တို့မှာတော့ ကျောင်းက မြို့ပြင်မှာလေ..။ ရန်ကုန်မြို့လယ်ကနေ မိနစ်လေးဆယ်လောက် မောင်းရတဲ့ နေရာမှာရှိတော့ အိမ်ကနေဆို တစ်နာရီလောက် ကြာတာပေါ့လေ..။ မနက်ဆို ၇ နာရီ ၁၀ မိနစ်ဆို ဖယ်ရီထွက်ပြီ။ ဒါမှာ ၈ နာရီ ၁၀ မိနစ်လောက်ရောက်.. အတန်းက ၈ ခွဲဆို စပြီလေ။ ညနေဆို ကားတွေက ၄ နာရီဆို တန်းစီထွက် အိမ်ကို ညဘက် ၅ နာရီကျော်ဆို ရောက်ပြီ။

ကျောင်းဝင်းတစ်ခုလုံးမှာ ဆောက်လက်စ အဆောက်အဦးတွေနဲ့ ထွက်လက်စ သစ်ပင်ပုပုလေးတွေပဲရှိရဲ့။ လယ်ကွင်းကို ဖျက်ပြီးကျောင်းတည်ထားတာမို့ လေကလည်း ပြင်းတယ်။ နေပူတယ်။ ဖုန်ထူတယ်။ အသားလည်း မည်းတယ်။ ပြီးတော့ ကျောင်းတော်က သူများတွေလို လမ်းမကြီးပေါ်မှာ ရှိတာမဟုတ်ပြန်တော့ ဘတ်စ်ကား ဆိုတာလည်း ရှားပြန်တယ်။ ဒီတော့ တစ်ခုတည်းသော ဘတ်စ်ကားကိုပဲ အမှီပြုပြီး စီးရတာမို့ တော်ရုံဆို ကျောင်းကားကိုပဲ အားကိုးပြီး သွားပြန်လေ့ရှိပါတယ်။ အတန်းတွေက များသောအားဖြင့် ဇယ်ဆက်သလိုရှိနေတာမို့ အပြင်ဘက်ကို လှမ်းကြည့်လိုက်ရင် လူသွားလူလာရှင်းလို့။ တစ်ယောက်စ နှစ်ယောက်စသော ကျောင်းသားတွေကလည်း ထီးလေးကိုယ်စီနဲ့..။ ယောက်ျားလေးတွေ တန်မဲ့ ကျွန်တော်တို့မှာ နေပူထဲ ထီးဆောင်းကြရတယ်။

ညဘက်အိမ်ပြန်ရောက်ရင် ဘာရယ်မသိ နွမ်းနယ်နေမိတယ်။ နေကြောင့်လား၊ လေကြောင့်လားမသိပေမယ့်..။ တချို့တွေက ကျောင်းပြန်ရောက်တာနဲ့ ဂိုဒ်ပြရသေးတယ်။ အိမ်က ပို့တဲ့ ပိုက်ဆံနဲ့ မလောက်သူတွေအတွက် ဒီလိုနည်းနဲ့ပဲ ၀င်ငွေရှာရပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ community အတွက် အချိန်မရှိဘူး။ ဟိုးအရင်က အဆောင်မှာနေသလို တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင် ပျော်ပါးရတာတွေ မကြုံဖူးဘူး။ စာမေးပွဲဖြေခါနီး တစ်ယောက်နဲ့ တစ်ယောက်ဖေးမကူညီတာမျိုးတွေ နည်းပါးလာတယ်။ တစ်နေ့ တစ်နေ့ မိုင်ချီပြီးသွားနေရတဲ့ ကျောင်းခရီးအတွက် ကျွန်တော်တို့တစ်ဦးချင်း ပေးရတဲ့ ပိုက်ဆံတွေ၊ ဖယ်ရီကားတွေ သုံးနေတဲ့ ဓါတ်ဆီတွေ နေ့စဉ်ဆုံးရှုံးနေရတယ်။ လူမရှိ၊ သူမရှိတဲ့ နေရာတွေမှာ အထီးကျန် ဆန်ဆန် ပညာသင်ကြားခဲ့ရတယ်။ ဒီကြားထဲ ဖယ်ရီကားမှောက်လို့ အသက်ပေးသွားရတဲ့ ကျောင်းသားတွေ ဘယ်လောက်များခဲ့ပြီလဲ..။ ကျွန်တော် Criticize လုပ်နေတာမဟုတ်ပါဘူး..။ တကယ် ရင်နဲ့ရင်းပြီး ခံစားနေရတာတွေကို ရင်ဖွင့်ပြနေတာပါ။

လွန်ခဲ့သော လေးလလောက်က ညွှန်ကြားရေးမှူး အန်တီတစ်ယောက် ဒီကို လေ့လာရေးလာပါတယ်။ ကျွန်တော်တို့ မုန့်ဟင်းခါးအတူတူစားကြရင်း စကားစမြည်ပြောဖြစ်တယ်။ ဒီတော့ ကျွန်တော်က ဒီကတက္ကသိုလ်တွေမှာ တစ်ကျောင်းလုံး ပညာရပ်တွေ အကုန်သင်ကြတာ များတယ်နော်လို့ ပြောတော့.. အန်တီက ပြုံးတယ်..။ အဲဒီလိုပဲ ရန်ကုန်တက္ကသိုလ်ကြီးဆိုတာ ဟိုးအရင်က အဲဒီလိုပေါ့တဲ့..။ ရန်ကုန်တက္ကသိုလ် ဆိုတာရဲ့အောက်မှာ ဆေးကျောင်းဆို ဆေးကျောင်း၊ အင်ဂျင်နီယာဆို အင်ဂျင်နီယာ၊ စသဖြင့် သူ့ Faculty နဲ့ သူအုပ်ချုပ်တာတဲ့..။ Faculty of Medicine, Yangon University အဲဒီလိုမျိုးပေါ့...။ အဲဒီကနေ သီးသန့် တက္ကသိုလ်တွေအဖြစ် ကွဲသွားတယ်..။ အဲဒီထက်ပိုဆိုးသွားတာက တံတားတွေခြားနေတဲ့ နေရာဒေသတွေ ဆီကို တက္ကသိုလ်တွေ ရောက်ကုန်တာပေါ့လေ..။

အခု ဒီမှာ ကျောင်းတက်တော့ သေချာကြည့်မိတယ်။ ကျောင်းကို အလာခရီးရော၊ အပြန်ခရီးပါ သက်သောင့် သက်သာပါပဲ..။ အားလုံးဟာ လူငယ်တွေပီပီ ခောတ်မီမီ၊ လှလှပပ ၀တ်ပြီး ကျောင်းတက်နိုင်ကြတယ်။ ဖုန်မရှိ။ သဲမရှိ။ ဆက်သွယ်ရေးအတွက် ရထားရှိတယ်။ ကားရှိတယ်။ တယ်လီဖုန်းရုံတွေ ရှိတယ်။ တစ်ခုခုဖြစ်ရင် တက်ဖို့ ဆေးရုံရှိတယ်။ သွားဆေးရုံရှိတယ်။ အခမဲ့သုံးနိုင်တဲ့ အင်တာနက်ဝိုင်ဖိုင်တွေ လွှင့်ထားတယ်။ ကွန်ပျူတာ ပါမလာလို့ သုံးချင်တယ်ဆို အလကားသုံးနိုင်မယ့် ကွန်ပျူတာအခန်းတွေ ရှိတယ်။ တကယ့် သုတေသနလုပ်နေတဲ့ ဘွဲ့လွန်၊ ပါရဂူကျောင်းသားတွေအတွက် ကွန်ပျူတာတစ်ယောက်တစ်လုံး ရှိတယ်။ လိုအပ်ရင် လိုအပ်သလို အဆင့်မြင့်မြင့် ပေးထားတယ်။ တစ်ခုခုဖြစ်လို့ ပျက်ရင် နောက်တစ်လုံး ချက်ခြင်း ပေးတယ်။ ပရင့်တာရှိတယ်။ စက္ကူအလကားရတယ်။ စကင်ဖတ်လို့ရတယ်။ စာလုပ်ရလို့ ညောင်းလာရင် ကစားနိုင်ဖို့ ကြက်တောင်ကွင်း၊ တင်းနစ်ကွင်း၊ ဘေ့စ်ဘောကွင်း၊ ဘောလုံးကွင်း ရှိတယ်။ ကျောင်းလခသွင်းဖို့၊ ထောက်ခံစာယူဖို့ ဘယ်သူ့မှ အောက်ကျို့စရာမလိုဘူး။ စက်ရှိတယ်။ ကဒ်ထည့်လိုက်.. ဒက်ကနဲ ထွက်လာမယ်..။

ဒါတွေကို မြင်တော့ ကိုယ့်ဘ၀ကို ပြန်သတိရမိတယ်။ ကျောင်းလခသွင်းဖို့ ဖောင်ဖြည့်တာတို့၊ ငွေသွင်းတာတို့ ဆို အတော်မျက်နှာငယ်ရပါတယ်။ အထူးသဖြင့် ငွေစာရင်းဌာနပါ။ ဒါ ကျွန်တော်တစ်ကျောင်းတည်း မဟုတ်ဘူးနော်။ သူတို့ဟာ ကျောင်းတိုင်းမှာ ပါဝါသိပ်သုံးပါတယ်။ အခန့်မသင့်ရင် အအော်ခံရပါတယ်။ စာကြည့်တိုက်မှာ လိုချင်တဲ့စာအုပ်ကို ကိုယ်တိုင်ဝင်ယူလို့ မရပါဘူး။ ကက်တလော့ခ်မှာ စာအုပ်နာမည်ရယ် ရေးသူရယ် ထုတ်တဲ့နှစ်တွေကိုပဲ ရေးထားတယ်။ ဒါလိုချင်ရင် အဲဒီဟာကို ၀န်ထမ်းကိုပေးလိုက်။ သူက စာအုပ်သွားယူလာပေးမယ်..။ ဒီတော့ ကျွန်တော်ပြောမယ်.. စာအုပ်ဆိုတာ စာရေးသူမြင်တိုင်း၊ ခေါင်းစဉ်မြင်တိုင်း ကိုယ်နဲ့တည့်မယ်လို့ ပြောလို့မရပါဘူး။ အထဲက မာတိကာကို လှန်ကြည့်ရတယ်။ ကိုယ်ဖတ်ချင်တဲ့ အကြောင်းအရာပါလား.. ပါတယ်ဆိုရင်တောင်မှာ ဘယ်လောက်အတိုင်းတာ အထိပါလဲ.. ဆိုတာကို ကြည့်ပြီးမှ ငှားသင့်တယ် မငှားသင့်ဘူး ဆိုတာ ဆုံးဖြတ်လို့ ရတာပါ။ `ပညာရေးနဲ့ ခောတ်မီနိုင်ငံကို တည်ဆောက်မယ်` ဆိုရင်တော့ စဉ်းစားပေါ့။ စာဖတ်မယ့်သူကို စာဖတ်ချင်စိတ်ပျက်အောင် လုပ်နေသမျှ ထူးချွန်တဲ့ ကျောင်းသားလည်း ထွက်လာမှာ မဟုတ်ဘူးလေ..။ မိတ္တူ ကူးစက်.. တကျောင်းလုံး ခြေတိုအောင် လိုက်ရှာရင်တောင် တစ်လုံးတည်းရှိတယ်..။ စက်ပျက်နေရင် သေပြီ ဆရာပဲ..။

ဒီတော့ စဉ်းစားပေါ့ဗျာ..။ နိုင်ငံကို တိုးတက်အောင်လုပ်ဖို့ အဓိကလမ်းက ပညာရေးပဲ..။ သူများတွေကို မှီဖို့ သူများတစ်လှမ်းလှမ်းတိုင်း ကိုယ်က ငါးလှမ်းလှမ်းရမယ့်အချိန်မှာ ကိုယ့်ခြေလှမ်းတွေ နောက်ပြန်ဆုတ်နေလား လို့တော့ ပြန်တွေးဖို့လိုတာပေါ့။ စောစောက သီချင်းခွေထဲက ပိုဒါလီသိန်းတန်ရဲ့ `တစ်ချိန်တုန်းက တက္ကသိုလ်ဆီ` ဆိုတာလေးကို နားထောင်ရင်းနဲ့ အရင်ကလိုပဲ မော်ကြွားနိုင်မယ့် တက္ကသိုလ်ကြီးများ မြန်မာပြည်မှာ ပေါ်ပေါက်စေချင်မိတယ်..။ မပိုင်တော့တဲ့ မဆိုင်တော့တဲ့ အရာတစ်ခုကို ပိုင်ချင်ဆိုင်ချင်လွန်းပါတယ်ဆိုရင် ကျွန်တော့်အတ္တလို့ပဲ ဆိုပါတော့ဗျာ..။


ခင်မင်လျက်
နေ၀သန်

Print

18 ယောက်က မှတ်ချက်ပြုသွားသည်။:

mstint said...

ဒီပို့စ်ကိုဖတ်ပြီး တချိန်တုန်းက တက္ကသိုလ်ရဲ့ ပုံရိပ်တွေ
ပြန်မြင်ယောင်လာမိတယ် မောင်နေဝသန်ရေ။
မပိုင် မဆိုင်တော့တဲ့ အရာတစ်ခုကို
ပိုင်ဆိုင် ဆုပ်ကိုင်ချင်တာ သဘာဝတရားပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

သို့.. နေယံသော်(ပညာရေးဝန်ကြီး)

ဟုတ်ကဲ့ .. ဟုတ်ကဲ့ ..
စဉ်းစားပါ့မယ် .. စဉ်းစားပါ့မယ် .. :D

နင်နောင်တစ်ချိန်များ
ဆရာ ပြန်လုပ်ဖြစ်ခဲ့ရင်
ကျောင်းသားတွေကို ညာပြီး မသင်နဲ့ပေါ့ ဟယ်.. :D

ငါတို့ကျောင်းက ကွင်းပိုများတယ်.. သိလား..
ဘက်စကက်ဘောကွင်း, ရေကူးကန်ကွင်း.. :P

ဟန်ကြည် said...

ဟုတ်ပ...ဦးဟန်ကြည်တို့ငယ်ငယ်ကလည်း ဆရာငြိမ်းကျော်ရဲ့ ၀ထ္ထုတွေဖတ်ပြီး သစ်ပုတ်ပင်တို့ ဦးချစ်ဆိုင်တို့ကို သိပ်စိတ်ကူးယဉ်ခဲ့တာပေါ့...ဒါပေမယ့် ကိုယ်က မန်းလေးမှာပဲ တက်ခွင့်ရှိတော့လည်း ဒါတွေကို မရနိုင်မှန်းတော့သိပေသပေါ့...

တကယ်လည်း ကျောင်းတက်ရရော အထင်နဲ့အမြင်က ပါစင်အောင် လွဲပါရောလား...ကိုယ့်လက်ထက်က ဆေးကျောင်းသား ၃၀၀ လောက်ပဲ ခေါ်ခဲ့တာကို နောက်ထပ် သုံးနှစ်လောက်နေတော့ တစ်ပြည်လုံးက ဆေးကျောင်းသား ၃၅၀၀ ခေါ်ပါလေရော...ကျောင်းမှာက လိုအပ်တဲ့ အထောက်အကူပစ္စည်းဆိုလို့ နည်းနည်းပဲ ရှိတာကလား...ကိုယ့်လက်ထက်တုန်းက လူ ၂၀ ကို အလောင်းတစ်လောင်းခွဲခွင့်ရတာကို အားမရဖြစ်နေခဲ့ပေမယ့် နောက်တက်ကလေးတွေကျတော့ အလောင်းတောင်မလောက်လို့ ဗီဒီယိုနဲ့ ပြပေးလိုက်ရသတဲ့...လက်တွေ့တောင် မခွဲရတော့ဘူး...အရင်ခေတ်တွေက ယုန်တွေကိုလည်း ခွဲစိတ်လေ့လာရပေမယ့် ကိုယ့်လက်ထက်ကျတော့ ဖားနဲ့ ၀က်ပဲ ခွဲရတော့တာရယ်...နောက်ကလေးတွေကျတော့ ဖားတောင် လောက်ငအောင် ရတော့မယ် မထင်ဘူး...

တိုင်းပြည်တိုးတက်ဖို့ အခြေခံဟာ ပညာရေးဆိုတာ မှန်ပေသပေါ့ နေ၀သန်ရယ်...ဒီမိုကရေစီကျင့်စဉ်အတိုင်းသွားဖို့ လိုအပ်တဲ့ အခြေခံအုတ်မြစ်ကို ကျောင်းတွေက အထူးသဖြင့် အခြေခံပညာကနေ စရမှာပေါ့...ခက်တာက လောလောဆယ်မှာ မူလတန်းကျောင်းမှာတောင် ဒီမိုကရေစီမရှိသေးဘူး...ဆရာပြောချင်သလိုပြော၊ လုပ်ချင်သလိုလုပ်၊ သင်ချင်သလိုသင် မိဘနဲ့ကျောင်းသားမှာ ပြောပိုင်ခွင့်ကို မရှိတာ ရင်နာလွန်းလို့...

အဆောက်အဦပိုင်း၊ နည်းပညာပိုင်း၊ ပံ့ပိုးမှုပိုင်းကတော့ ကိုယ့်တိုင်းပြည်ဆင်းရဲလို့ မယှဉ်နိုင်သေးတာလို့ ဖြေနိုင်သေးပေမယ့် အလကားရနိုင်တဲ့ ဆရာတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြည့်ဝကျွမ်းကျင်မှုကိုတောင် မပေးနိုင်ကြတာ ရင်အနာဆုံးပါပဲ...

Anonymous said...

သို့.. နေယံသော်(ပညာရေးဝန်ကြီး)

ဟုတ်ကဲ့ .. ဟုတ်ကဲ့ ..
စဉ်းစားပါ့မယ် .. စဉ်းစားပါ့မယ် .. :D

နင်နောင်တစ်ချိန်များ
ဆရာ ပြန်လုပ်ဖြစ်ခဲ့ရင်
ကျောင်းသားတွေကို ညာပြီး မသင်နဲ့ပေါ့ ဟယ်.. :D

ငါတို့ကျောင်းက ကွင်းပိုများတယ်.. သိလား..
ဘက်စကက်ဘောကွင်း, ရေကူးကန်ကွင်း.. :P

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

ကိုယ်မတက်ခဲ့ရတဲ့ ကျောင်းတော်ကြီးမှာစိတ်ကူးယဉ်ပညာရှာမိတယ် တနေ့ ကံကော်တောမှာလမ်းလျှောက် ခရေးပင်တန်းမှာ ခရေကောက်ပြီး အင်းယားအဆောင်ရှေ့မှာ ဂီတာတီးဖို့ ငယ်ငယ်ကစိတ်ကူးယဉ်ဖူးတာပေါ့ ဒါပေမယ့်လေ

မောင်ဘကြိုင်

ကိုကိုမောင်(ပန်းရနံ့) said...

လွမ်းစရာတွေ သိပ်ပြောတတ်တယ်။
အင်း..
အားကစား ပညာရေး နိုင်ငံရေး..

ရွှေရောင်ခေတ်ကိုဘဲ တမ်းတ ရတော့မှာပေါ့လေ။
ဒါပေမဲ့
အနာဂါတ်မှာတော့ ပြန်ဦးမော့လာနိုင်ကောင်းပါရဲ့။

ချော(အစိမ်းရောင်လွင်ပြင်) said...

မြန်မာပြည်မှာ အညံ့ဆုံးက ပညာရေးနဲ့ ကျန်းမာရေးဘဲဖြစ်မယ်ထင်တယ်..
အသုံးစရိတ်ဘတ်ဂျက်ဆိုလည်း အနည်းဆုံးဘဲ
ကျောင်းတော်ကြီးတွေ ဟီးနေအောင် ဆောက်ထားပြီး
အတွင်းမှာ ဘာမှ ပြည့်ပြည့်စုံစုံမရှိရှာတဲ့ကျောင်းတွေမှာ တက်ရတဲ့ ကျောင်းသားတွေဘဝက သနားဖို့ တကယ်ကိုကောင်းတာပါ။

san htun said...

အမှန်ပဲ နေဝသန်ရေ..ကျောင်းတွေက အဝေးကြီး..နေပူ၊ ဖုန်ထူ၊ စာအုပ်ထူတွေနဲ့  ပရိဂရမ်းမင်းတွေကို စာရွက်မှာ ရေးရတာ..ကွန်ပျူတာခန်းကို ၂ခါလားပဲ ဝင်ဖူးတယ်..စာကြည့်တိုက်ဆိုတာလည်း အကန့် အသတ်နဲ့ ..အားကစားကွင်းလား ကျောင်းနောက်မှာ ကောင်လေးတွေ ဘောကန်တာ တားမြစ်တယ်..ယူနီဖောင်း ဝတ်ခိုင်း..Grading Transcript ယူဖို့  ၂ရက် ထိုင်စောင့်ရတယ်..ဘွဲ့  ရပြီးရင်လည်း အလုပ်မရှိ..ဟူး....

မောင်မျိုး said...

မင်းပို့စ်လေးက ကောင်းလိုက်တာ တကယ်ကို ငါတို့က ခေတ်နောက်ကျခဲ့တာရင်နာလိုက်တာ ဘာကိုမှန်းမသိ မကျေနပ်လည်းဖြစ်တယ် ။ ၁၀ တန်းအောင်တော့ ဂျီတီစီ တက်တယ် ဘာတွေသင်မှန်းလည်းမသိ နားလည်မလည်ဘူး စာတွေလည်းအများကြီးကျက်ရပြီး မေးခွန်း ပုံစံကလည်း ပုံမှန်မရှိတဲ့း(

ဂျီတီစိပြီးတော့ ရူပ အဝေးသင်ပြောင်းတော့ ကျောင်းသွားအပ်တာ အားပါးပါး ငါတို့များ နိုင်ငံရဲ့ မျိုးဆက်သစ် ပညာသည်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးမိတာ အဝေးသင်ဌာနက စာရေး ( ကုလားမကြီးတွေ မော်လမြိုင်က ကုလားပေါတာကိုး ) တွေက ဟောက်လိုက်ဆဲလိုက်တာများဆိုတာ သယ်ရင်းရာ ရင်နာချက် ငါ အဝေးသင် တစ်လပဲတက်ဖူးတယ် နှစ်ပါတ်စ်ခါ လက်တွေ့ရှိလို့ကိုယ့်မှာ ကျိုက်ထိုကနေ မော်လမြိုင်သွားတက်ရတာ ဟိုရောက်တော့ စနေ တနင်္ဂနွေ ၂ ရက်တောင် ဆရာက မလာဘူးတဲ့ အဖြစ်ဆိုးချက် အဲ့ကတည်းက ဆုံးဖြတ်လိုက်တယ် ဒီပညာရေးတော့ တော်ပါပြီလို့ စိတ်ကိုကုန်သွားတယ် ။

ပြောရရင်တော့ အများကြီး ပို့စ်တစ်ပုဒ်တောင်ထွက်လိုက်တယ် ကြုံရင်တော့ရေးအုံးမယ် မင်းပို့စ်က ငါခံစားခဲ့ရတာတွေ ပြန်ဆွလိုက်သလိုပဲ ။

Nyi Linn Thit said...

ပညာရေးမှာ အောက်ကျနောက်ကျ ဖြစ်နေခဲ့တာတွေက ပြောမယ်ဆိုရင် မိုးမဆုံး၊ မြေမဆုံးပါပဲ၊ ပညာရေးစနစ် ကောင်းဖို့ဆိုတာက နိုင်ငံရေး စနစ်ကောင်းမှ၊ တည်ငြိမ်မှ ဖြစ်မှာ ကျနော်တို့ အားလုံး အသိပါပဲ၊ အိမ်နီးချင်း နိုင်ငံတွေကို အမှီလိုက်ဖို့ ဆိုရင် အခြေခံက စ,ပြီး ပြင်ရမှာ ဖြစ်သလို အယောက်တိုင်းကလည်း ရေသာမခိုဘဲ အပြင်းအထန် ပြန်ကြိုးစားမှပဲ ဖြစ်တော့မှာ..။

ညီရဲ said...

ဟုတ်တယ် အစ်ကို...
ကျွန်တော်တို့ နိုင်ငံ ပညာရေးတဖြည်းဖြည်း နိမ့်ပါးလာတာကို မြင်ရတာ တကယ် စိတ်မချမ်းမသာ ဖြစ်ရတယ်။ ဒီပိုစ့်လေး ဖတ်ပြီး ကျွန်တော့် အစ်ကို ဘွဲ့ ယူသွားတော့ ရန်ကုန်တက္ကသိုလ်ထဲ ရောက်ဖူးခဲ့တာကို သတိရမိတယ်။ အဲဒီတုန်းက ငယ်ငယ်ပေါ့ ငါလဲ နောင်ဒီတက္ကသိုလ်ကြီးမှာ တက်ခွင့်ရရင် ကောင်းမယ်လို့ တွေးမိခဲ့ပေမဲ့လို့ ကျွန်တော်တို့ ခောတ်ကျ ကျောင်းတွေ ပိတ်ထားလို့ အဝေးသင်ဘဲ တက်ခဲ့ရတယ်။ ဘယ်တတ်နိုင်မလဲလေ ခောတ်ကိုက ဒိလို ဖြစ်ခဲ့တာကိုး...ကိုယ့်ကံပေါ့လေ...

ညိမ်းနိုင် said...

ဒီခေတ်လူငယ်တွေအကုန်လုံးကိုကိုယ်စားပြုသွားတဲ့
ပို့စ်လေးပဲ....၊ရွေခေတ်ကို တမ်းတရင်း နောင်တစ်ချိန်
အဲ့ဒီရွေခေတ်ကိုပြန်ရောက်ကောင်းရဲ့လို့ပဲ မျှော်လင့်နေ
ရတာပါပဲညီရာ

ကိုအောင်(ပျူနိုင်ငံ) said...

ဖတ်လို့ကောင်း၏ ...း)

...အလင်းစက်များ said...

မြန်မာပြည်သား တော်တော်များများမှာ ဒီခံစား ချက်ရှိတယ်ဗျ။ အကြံပေးချင်တာတော့ Do your best ပါ။ တစ်ချိန်ချိန်တော့ ဖြစ်လာမှာပေါ့။ ခံစားချက်တွေနဲ့ သာ မပူလောင်စေနဲ့ ။ ဒါဆို အိုကေ။

blackroze said...

ကျမတို့လည်းအဲဒီရန်ကုန်တက္ကသိုလ်ဆိုတာကို
ငယ်ငယ်တုန်းကအရမ်းကို
အိမ်မက်တွေမက်စိတ်ကူးတွေယဉ်ခဲ့ဖူးတယ်..
တကယ်တန်းကျောင်းတက်တဲ့အချိန်မှာတော့
အိမ်မက်..မက်ခဲ့ဖူးတဲ့တက္ကသိုလ်နဲ့
လုံးဝကိုကွဲပြားခြားနားတဲ့နေရာတခုမှာ
တက်ခဲ့ရတယ်..
စာမေးပွဲဖြေပြီးတိုင်း
ရန်ကုန်တက္ကသိုလ်ထဲကို
ဓါတ်ပုံသွားရိုက်ရတာအမောပါဘဲလေ..

မအိမ်သူ said...

နေ၀သန်ရေ.. ဒီပို့စ်လေးဖတ်ပြီး ကျောင်းတော်ကြီးကို လွမ်းသွားတယ်။ အမတို့ကတော့ ရန်ကုန်တက္ကသိုလ်ကြီးမှာ နောက်ဆုံးတက်ခဲ့ရတဲ့ Batch ပဲဖြစ်လိမ့်မယ်။ ကျောင်းတွေပိတ်ပြီး ပြန်ဖွင့်တဲ့အချိန်မှာ တနှစ်စာကို ၂လ ၃လ နဲ့အပြီးသင် စာမေးပွဲဖြေ တတန်းပြီး အဲဒီလိုပုံနဲ့ ဘွဲ့ရခဲ့တာ။ တက္ကသိုလ်ဆိုတာ တက်သာတက်ခဲ့ရတယ်။ University life ကို ခံစားခွင့် သိပ်မကြုံခဲ့ရဘူး။ ဒီနေ့ခေတ်ရဲ့ ပညာရေးစနစ်ကို မြှင့်တင်ဖို့ဆိုရင်တော့ ဆရာ ဆရာမတွေ ကျောင်းကရုံးဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ရေးရာပိုင်း ခံယူချက်ပိုင်း လူမှုဆက်ဆံရေးပိုင်းတွေကနေစပြီး အသေးစိတ်ပြုပြင်နိုင်မှပဲဖြစ်တော့မှာ... စနစ်ကြီး တစ်ခုလုံးက ပျက်စီးရုံမကတော့ဘူး ပြိုလဲနေပြီ။ အစကနေပြန် အခြေခံအုတ်မြစ်ချပြီး အသစ်ပြန်တည်ဆောက်ဖို့လိုနေတာ..

Anonymous said...

အရင် ရန်ကုန်တက္ကသိုလ် ကြီး အကြောင်းကို ဖတ်လိုက်ရတာ စိတ်ထဲမှာ တစ်မျိုးကြီးဘဲ.ဘာကို လွမ်းလို့ လွမ်းမိသွားမှန်း မသိဘူး
AA.

သတိုး said...

ကိုယ်တို့လည်း ငြိမ်းကျော်၊ နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း တို့ရဲ့ ၀တ္ထုတွေဖတ်ပြီး တက္ကသိုလ်ကို စိတ်ကူးအိပ်မက်ခဲ့ဖူးတယ်။ အိပ်မက်အတိုင်း ကံကောင်းတိုက်ဆိုင်စွာ တက္ကသိုလ်တက်ခွင့်ရခဲ့တော့ ကျောင်းပိတ်ခါနီးတိုင်း သူငယ်ချင်းတွေရဲ့ နှုတ်ဖျားမှာ ဆိုခဲ့ဖူးတဲ့ သီချင်းက...
"တက္ကသိုလ်မြေ နေ၀င်မှာကို စိုးတယ်"
....တဲ့။ သဘင်သည်စကား၊ ကလေးစကား တွေ မှန်ခဲ့တာလားလို့ ခဏ ခဏ တွေးမိတယ်။
ပျော်ရွှင်ပါစေ ဗျာ။
ခင်မင်လျှက်.....
သတိုး