မြိုချခြင်း အနုပညာ

ဘယ်လိုကနေ ဘယ်လိုဖြစ်သွားတယ်မသိပါဘူး..။ ကျွန်တော်တစ်ယောက် အလိုလို ငြိမ်နေမိတယ်။ ဖွဘုတ်မှာ အရင်က Status စာတွေ တဖုန်းဖုန်းတင်နေရင်းကနေ အခုတော့ ဘာဆိုဘာမှ မရေးဖြစ်ဘူး..။ သူများလုပ်တာ ထိုင်ကြည့်..။ သူများတင်တဲ့စာ ထိုင်ဖတ်..။ သူများတင်တဲ့ ထမင်း၊ ဟင်း၊ စားစရာ ထိုင်ငမ်း...။ ခက်တာက တုံ့ပြန်မှုက နတ္ထိဖြစ်နေတယ်။

နောက် ဖွဘုတ်ဆိုတာ ဖွဘုတ်လို့ပဲဆိုရမလား..။ ဖွတဲ့သူက ဖွ..။ ပွလာတဲ့ဟာက ပွလာ..။ ပျောက်သွားတဲ့ဟာက ပျောက်သွားနဲ့လေ..။ ဟိုလူက ရှယ်၊ ဒီလူက ရှယ်တာတွေ ထိုင်ဖတ်..။ သဘောလေးကျရင် တဟီးဟီးနဲ့ ရယ်လိုက်..။ သဘောမကျဘူး၊ စိတ်နဲ့သိပ်မတွေ့ဘူးဆိုရင် ငြိမ်နေလိုက်ပြန်ရော။ အံ့သြစရာ.. ဟိုးအရင်က တခုခုမကောင်းတာမျိုး၊ မသင့်တော်တဲ့ဟာမျိုးတွေ့ရင် တခုခုတော့ ၀င်ပြောနေကျပါ။ အခုတော့ ပြောချင်တာဆို စိတ်ထဲမှာ တဒုံးဒုံးနဲ့ ပြောထည့်လိုက်တယ်..။ လက်တွေ့တော့ ဘာတစ်ခုမှ ၀င်မပြောဖြစ်ဘူး...။

နောက်.. ချစ်သော နိုင်ငံမှာက အပြောင်းအလဲလမ်းစလေးတွေ မြင်လာတော့ ၀မ်းသာမိရဲ့..။ ဘာတွေ ပြောင်းသွားသလဲတော့ သိသိသာသာမသိသေးပေမယ့်... ရန်ကုန်မြို့တော်တွင်းက ရာဇ၀တ်မှု သတင်းတွေကတော့ ကမ္ဘာကျော်လောက်ရဲ့..။ အဲဒီ အပြောင်းအလဲထဲမှာ လေဆိပ်အ၀င်ကော ပါမှာလားလို့ စိတ်ဝင်စားမိတယ်..။ ဘာလို့ဆိုတော့ နောက်လပြည်တော်ပြန်မယ်လေ..။ တစ်ခါက ပြန်တော့ အခွန်ဆောင်ပြီး ပလားတဲ့.. မေးတယ်..။ ကျောင်းသားပါလို့ဆိုတော့ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာပါလားတဲ့..။ ပါဘူး လို့ ဒီက ဒုံးတိတိဖြေတော့.. တဖက်က အူကြောင်ကြောင်ကြည့်တယ်..။ ဒါနဲ့ ဒီဘက်ကလည်း ကျောင်းသားကဒ်ကြည့်မလားလို့ ပြန်မေးလိုက်တော့ ရဒယ်.. ရဒယ်ဆိုပြီး ဒုံးဆို ပြည်ဝင်ခွင့် တံဆိပ်တုံးကြီး ထုပေးလိုက်တယ်။ ပြန်ထွက်ရင် D-Form လုပ်ထွက်တဲ့... ပြောတော့ ဟုတ် ဆိုပြီး ကိစ္စက ပြီးသွားတာပေါ့..။ သူများတွေလိုတော့ ဒေါ်လာရွက်ကလေး ဟိုထဲညှပ်ဒီထဲညှပ်တော့ မလုပ်ဖူးဘူး။ လုပ်လည်း မလုပ်ချင်ဘူး..။ အဲ.. အဲလို မလုပ်ချင်တော့လည်း အခုပိုကုန်တာပေါ့..။ အဲလို ညှပ်ထည့်ရင် မသကာ ၁၀ ဒေါ်လာပေါ့..။ ဟုတ်ဖူးလား..။ အဲဒါမျိုးတွေ လူမိုက်အားမပေးချင်တော့ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာကို သံရုံးမှာ ယူလိုက်တယ်..။ ထောက်ခံစာ ယူခတွေက သတ်မှတ်ထားပြီးသားလေ..။ စာတိုက်ပို့ခနဲ့ ပေါင်းလိုက်တော့ လားလား... ဒေါ်လာ ၅၀ လောက်သွားကျတယ်..။ မှတ်ကရော...။ ဘာဖြစ်လဲ.. `လာဘ်ပေးလာဘ်ယူ၊ တို့ရန်သူ` တဲ့..။ နိုင်ငံကြီးတောင် ပြောင်းလဲတော့မှာ တို့တတွေလည်း ပြောင်းရတော့မှာပေါ့..။ ဟုတ်ဖူးလား..။

ထပ်ပြောရဦးမယ်... မနက်က ထမင်းစားရင်း ဖေ့စ်ဘွတ်ကြည့်နေတာ..။ ကြက်ပေါင်ကို ကိုက်ရင်း တမြုံ့မြုံ့ ထမင်းဝါးရင်း မချောကွန်မန့်ပေးထားတဲ့ ကိုလတ်ရဲ့ ဓါတ်ပုံလေးက တက်လာတယ်..။ နွားကို လည်လှီးပြီး သတ်နေတာလေ..။ လည်ပင်းတစ်ပိုင်းက ပြတ်တော့မယ်..။ ကိုယ့်ကိုယ်ကို သိပ်သနားသွားတယ်..။ စားလက်စ ကြက်ပေါင်ကိုလည်း ဘာလုပ်ရမယ်မသိ..။ ပေါင်ဆိုလို့ ဟိုတစ်နေ့က ကိုယ်ကိုယ်တိုင် ဖွလိုက်တဲ့ စာတစ်ပုဒ်ကို သတိရမိပြန်တယ်..။ ပါကစ္စတန်ပြည်မှာဆိုလား.. ယောက်ျားလုပ်သူကို သတ်ပြီး ချက်စားပစ်လိုက်တာလေ။ ယောက်ျားလုပ်သူက သမီးကို စော်ကားဖို့ ကြံတယ်ဆိုလို့လေ..။ သမီးဇောနဲ့ သတ်တယ်.. ပြီးတော့ ပစ်ရလည်း ခပ်ခက်ခက်.. ဆင်းလည်း ဆင်းရဲဆိုတော့ အတုံးလိုက်အတစ်လိုက် ပိုင်းပြီး ချက်စားတယ်ပေါ့ဗျာ..။ ပေါင်သားကို မဆလာနိုင်နိုင်နဲ့ ချက်တယ်ဆိုပဲ..။ အင်း.. အဲဒါဖတ်ပြီးကတည်းက မဆလာနံ့ရရင် ... အင်း..။ အဲ.. တဆက်တည်းပြောဦးမှ.. ခုနက လည်လှီးတယ်ဆိုမှလေ... ဟိုးလွန်ခဲ့သော ၂ နှစ်ခွဲလောက်ကပေါ့... အလုပ်ကနေ MC လေးယူပြီး အိမ်မှာ နှပ်နေစဉ်ကပေါ့... ဖွဘုတ်မှာ တွေ့လိုက်တယ်။ ကြိုးတုပ်ထားတဲ့ လူတစ်ယောက်ကို အရှင်လတ်လတ် လည်လှီးသတ်နေတာလေ..။ အဲဒါကို ကြည့်ပြီးတော့ တံတွေးမြိုမရ... ရေသောက်ရင် လည်ပင်းမှာ ခို့လို့ခုလုနဲ့လေ..။ အဲဒါကြောင့် ဖွဘုတ်လို့ ပြောတာပေါ့..။ သူက ဖွလို့ အကုန်မြင်နေရတာ... ။ အစ်ကိုအစ်မတို့လည်း သတိထားမိသလားတော့မသိ..။ အခုတလော ဖွဘုတ်မှာ အနိဌာရုံတွေက တယ်များသလားလို့လေ..။ ဘယ်နားက ကားမှောက်သတဲ့..။ လူဘယ်နှစ်ယောက် သေသတဲ့။ ဘယ်နားမှာ ကားတိုက်တာ အူတွေကိုပွင့်ထွက်သွားသတဲ့..။ ဟူးဗျာ... ဒီကြားထဲ... မြန်မာ့ဂုဏ်ဆောင် ဘောလုံးအသင်းက ကြေးတံဆိပ်ကို ဗီယက်ကောင်းတွေကို ဂိုးပြတ်နဲ့ ယူပြလိုက်တော့.. သြော်.... တော်ပါသေးရဲ့လို့ သက်ပြင်းကို ရှူးခနဲချမိရဲ့..။ ပျော်စရာ သတင်းတွေကိုလည်း မြင်ချင်သေးတာကိုးဗျ နော့..။

ဒီမှာက အေးနေပြီဗျ..။ ဆောင်းရာသီ အေးတာ ဆန်းသလားလို့မေးရင် အေးတာက မဆန်းပေမယ့် နောက်ဆက်တွဲတွေက ဆန်းတယ်..။ အင်း.. ပြောရင် ကောင်းမလား... မကောင်းမလားမသိ..။ ကျွန်တော်ကလည်း ဘွင်းဘွင်းသမားကိုးဗျနော့..။ ဟိုးအရင်က အီးဋီကာ (၁) ဆိုတာသာ ဖတ်ကြည့်ရင် ဘယ်လောက်အခွက်ပြောင်သလဲဆိုတာ သိပါလိမ့်မယ်..။ ပြောရမယ်ဆိုရင် ကျွန်တော်က ရေအိမ်သုံးရင် စက္ကူကို မကြိုက်ဘူးခင်ဗျ..။ စိတ်ထဲမှာ မသန့်ဘူးလို့ပဲ ယူဆနေမိတယ်.. (စိတ်ရောဂါဟုခေါ်သည်)။ ဒါကြောင့် ရေပဲသုံးပါတယ်။ အခုကျတော့ ရေက စိမ့်နေပြီ..။ နောက် အိမ်က ကမုတ်ခွက်မှာက အနွေးပေးစက် မရှိဘူးလေ..။ ဒီတော့ သူသူကိုယ်ကိုယ်သုံးတဲ့ အနွေးဓါတ်ရတဲ့ အစွပ်လေးဝယ်ပြီး စွပ်ထားရတာပေါ့..။ ဒါမှ မဟုတ်ရင် () အေးတယ်လေဗျာ..။ အဲဒီမှာ ဒုက္ခရောက်တာပေါ့..။ အစွပ်က ရေထိလို့မှ မရတာ..။ အဲဒီတော့ ရေသုံးမရဘူးပေါ့..။ မဖြစ်မနေ စက္ကူပဲသုံးရတော့ စက္ကူတစ်လိပ်လည်း အလွန်ဆုံး သုံးရက်ပေါ့.. ခံတာ.. :P။ အဲဒီတော့ ကျောင်းက အိမ်သာကို အားထားရတာပေါ့..။ ကျောင်းမှာက ထိုင်ခုံကလည်း အနွေးဓါတ် ပါတယ်။ ရေကလည်း ရေနွေးလေးနဲ့ဆိုတော့ ဇိမ်ပဲ..။ ဒါပေမယ့် နေ၀သန်နဲ့ ဒုက္ခဆိုတာ ညီအစ်ကိုလိုပဲလေ..။ :P.. အိမ်သာတက်ချင်လို့ ၆ ထပ်ကနေ အောက်ဆုံးထပ်အထိ ဓါတ်လှေခါးနဲ့ ဆင်းတယ်.. မြေညီထပ်က အိမ်သာကိုဝင်တော့ မအားဘူး..။ ဒီတော့ အူယားဖါးယားနဲ့ ဒုတိယထပ်ကို ပြေးတယ်..။ သန့်ရှင်းရေးလုပ်နေလို့ ပြန်ထွက်လာရတယ်နဲ့လေ... ။ ဒါကြောင့် အေးလာပြီဆိုရင် ဒီဒုက္ခတွေက အတူတူပါလာကြရော..။

ကိုယ်နဲ့ ဆန့်ကျင်ဖက်အမြင်တွေရှိတဲ့သူနဲ့ စကားပြောကြည့်ရင်း ပေါင်းသင်းဆက်ဆံမှုကို သင်ယူပါတဲ့..။ ဘယ်သူမှ ပြောတာမဟုတ်ပါဘူး.. ကိုယ့်ဘာသာကို ပြောတာ...။ အမြင်မတူတာထက် အမြင်ဆန့်ကျင်နေတဲ့သူတွေနဲ့ ဆွေးနွေးကြည့်..။ ပထမ ဒေါသထွက်လာမယ်။ အငြင်းအခုန်ဖြစ်လာမယ်။ အခန့်မသင့်ရင် တုတ်စွဲ၊ ဓါးစွဲဖြစ်လာမယ်..။ အင်း.. ဒါဆိုရင် ခင်ဗျားဟာ Social world ထဲမှာ အောင်မြင်မှု မရသေးဘူးလို့ ဆိုရမယ်..။ ခင်ဗျားမှာ ရင့်ကျက်မှု၊ တည်ငြိမ်မှုဆိုတာမှ မရှိပဲလေ..။ တချို့တွေ မြင်ဖူးလား..။ တခုခုငြင်းရင် ပြုံးပြုံးလေးနဲ့ လေပြေလေးထိုးပြီး အချက်ကျကျကို ထိအောင်ပြောတာ..။ ဘာမှတော့ဟုတ်ဘူး။ အခုတလော Debate တွေကို မြင်နေကြားနေရလို့..။

ဟိုတစ်နေ့က ရေတံခွန်သွားတယ်..။ မေပယ်ရွက်တွေက အရောင်တွေ စပြောင်းပြီလေ..။ အဲဒီ ရေတံခွန်တောင် တစ်ခုလုံးက မေပယ်ရွက်တွေချည်းပဲ.. အရောင်တွေပြောင်းရင် နီရဲပြီး သိပ်လှတာ..။ ခက်တာက သွားတာက စောနေတယ်... အရောင်တွေက သိပ်မပြောင်းသေးဘူး..။ ဒါနဲ့ ကျောင်းသွားတဲ့ လမ်းက အပင်တွေကို ရိုက်ပြီး ဖွဘုတ်ပေါ် တင်လိုက်သေးတယ်..။ မဆိုးပါဘူး.. နေ၀သန်ရဲ့ မစို့မပို့ အတတ်ပညာနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို အပေါင်းအသင်းရောင်းရင်းများက အားပေးကြလို့..။ အဲဒါလေး.. စာလည်း မရေးဖြစ်တာကြာလာသကိုး... ဒါနဲ့ အဲဒါလေးနဲ့ တခြားမဖြစ်စလောက် အကြောင်းလေးနဲ့ပေါင်းပြီး စာလေးတစ်ပုဒ်လောက် တင်ဦးမှလို့ အကြံရတာနဲ့ တင်ဖြစ်လိုက်ပါတယ်..။ ဓါတ်ပုံတွေကတော့ ဘယ်သူရိုက်တယ်လဲ မရေးထားပါဘူး..။ မူပိုင်လည်းမလုပ်ထားပါဘူး..။ ကြိုက်သူယူ.. (ယူမယ့်သူလည်း ရှိမှာ မဟုတ်ပါဘူး.. :P)..။ အားလုံး စိတ်လက်ချမ်းသာဖို့သာ ရည်ရွယ်ပြီး တင်လိုက်ခြင်းပါ..။













ကဲ.. အားလုံးပဲ ဓါတ်ပုံလေးတွေကို ကြည့်ရင်းနဲ့ စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါစေဗျာ..။

ခင်မင်လျက်
နေ၀သန်


Print

13 ယောက်က မှတ်ချက်ပြုသွားသည်။:

Anonymous said...

အဲ့လိုတွေကြောင့် အသားစားချင်စိတ် တွေ
တစ်နေ့တစ်ခြား ပျောက် ပျာက်လာတာ...
တစ်ချို့ စာတစ်ပိုဒ်တော့ နားမလည်ဘူး

Saung Hnin Ywat

ဟန်ကြည် said...

အောင်မယ်မင်း...ပို့စ်အသစ်တစ်ပုဒ်တက်ဖို့အရေး ဒီလောက်တောင်ကြာတော်မူရသလား နေ၀သန်ရယ်...ဆောင်းဝင်လို့ အော့အော့ပြဿနာပေါ်မှပဲ တခုတ်တရ ရေးတော့တာပဲ...

ဖွဘုတ်ကို တစ်ရက်တစ်ခါတော့ ၀င်ကြည့်ဖြစ်ပေမယ့် ဆိုရှယ်ဆိုဒ်တွေနဲ့ သဟဇာတသိပ်မဖြစ်တာမို့ ချက်စားလိုက်တဲ့ သတင်းလည်း မရလိုက်ပေါင်...အခုမှပဲ သိတော့တယ်...

နောက်လဆိုရင် ပြည်တော်ပြန်မယ်ဆိုတော့ ပလေးဘွိုင်ကြီးရဲ့ “ ပြည်တော်ပြန်ပလေးဘွိုင် ”နဲ့ပဲ ပြန်ဝင်လာမလား ဆရာငြိမ်းရဲ့ “ ပြည်တော်ဝင် ” နဲ့ပဲ ပြန်ဝင်လာမလား စောင့်ကြည့်မဗျား...

ရွှေပြည်ကြီးပြန်ရောက်တုန်းရောက်ခိုက် နာနတ်သီးတို့ ငှက်ပျောဖူးတို့ မြင်ချင်ရင်တော့ ဦးဟန်ကြည်တို့ဘက်ကို အလည်လာခဲ့ပေရော့...

မအိမ်သူ said...

ရေးမဲ့ရေးတော့လည်း အကြောင်းပေါင်းကို စုံလို့ပါလား... အမလဲ ဖေ့ဘုတ်ကြည့်ရင်အဲလိုပဲ.. စိတ်ထဲမှာ ပြောချင်တာတွေရှိရင်တောင် အများအားဖြင့် no comment ပဲနေတာများတယ်။ ပြောချင်တာတွေကို ကိုယ့်ဟာကိုယ်စိတ်ထဲပြောလိုက်ပြီး ပြီးသွားတာများတယ်။ အတော်ကြီးကို မနေနိုင်လွန်းမှပဲ ကွန်မန့်ရေးဖြစ်တော့တယ်။ တခါတလေ သူများတွေ ဘာမဟုတ်တာလေးနဲ့ အကြီးအကျယ် ဆဲဆိုပြီး ငြင်းနေခုံနေကြတာမျိုးမြင်ရင် ပိုဆိုးသေး.. အသက်ကြီးလာလေ မြိုချတတ်လာလေပဲ။ အနုပညာက သက်တမ်းရင့်လာတာလေ..း))

မြသွေးနီ said...

ဟိုရောက်သည်ရောက်အရေးများက ဖတ်ပြီး ပြုံးတုန့်တုန့်ဖြစ်စေတယ်။ ဖွဘုတ်က မ၀င်ရဲဘူး။ ၀င်လိုက်တာနဲ့ မျောပါသွားရော..။ ဆောင်းတွင်းဝမ်းလျောလို့ကတော့ တစ်နေ့ တစ်ရှူး၅လိပ်လောက် ကုန်နိုင်တယ်။ လည်လှီးတာတွေ ကြားရတာများတော့ လည်ပင်းက ဖတ်နေရင်း ယားကျိကျိဖြစ်လာရတယ်..။ အငြင်းအခုန်ကတော့ တကယ်ဝါသနာပါပါတယ်။ ကိုယ်မှန်တယ်ဆိုမှ ငြင်းတာပေါ့..။ မေပယ်လ်ရွက်လေးတွေ လှလိုက်တာ..။

မောင်မျိုး said...

မြိုချလို့ပဲး))

ဒီပို့စ်လေးကြိုက်တယ် စိတ်ထဲရှိတာ ဟိုပြော ဒီပြော ပြောပြနေတာ ငါလည်း တစ်ခါတလေ ထုံထုံနေတယ် ဖတ်ပြီး ဘာမှမရေးပဲပြန်ပြန်လာနေတာကြာပေါ့ ။

မိုးခါး said...

နင်အစားပျက်တိုင်း သူများတွေပါ ပျက်အောင် ..
ငါလည်း ခုတလော အသားတွေစားရင် စားရင်း သတ်တဲ့အကြောင်း စဉ်းစားမိလိုက်လို့ကတော့ ဆက်စားလို့ မရတော့ဘူး ..း(

နောက်တခါ အိမ်သာတက်ချင်တော့မယ်ဆိုတည်းက ပြေးထား .. :D

ညိမ်းနိုင် said...

ဖွဘုတ်အကြောင်းတော့မပြောချင်ဘူးဟေ့.....၊ခုတလော
ဖွဘုတ်နဲ့ ကိုယ်နဲ့ ဓာတ်မတဲ့ဘူးဖြစ်နေလေရဲ့...။
အင်း...ဆောင်းဝင်တော့လည်း တစ်ဒုက္ခပဲနော်..၊အဝှာကို
အစွပ်တောင်စွပ်ထားရသတဲ့လား....ထူးဆန်းပါပေ့
ဆရာတွတ်ရယ်လို့ပြောရမလိုဖြစ်နေဘီ....၊အေးလေ ကိုယ်
တွေမှ အဲ့လောက်အေးတဲ့ပြည်မှမနေဘူးသကိုး....။

ကိုကိုမောင်(ပန်းရနံ့) said...

ကွန်မင့်တွေ အရှည်ကြီးရေးပြီးမှ အရေးပေါ် ရီစတာ့ လုပ်လိုက်ရတယ်။ ကတောက်။
ဘာကွန်မင့်တွေ ပေးလိုက်မိမှန်းမမှတ်မိတော့လို့ ကြုံရာဘဲ ရေးသွားလိုက်သည်။
နို့ဝင်ဘာလရောက်ပြီ။ အားလုံးကြုံ့ဝင်နိုင်သည်။ ရေအေးအေးဖြင့် ဆေးကြောခြင်းကို ရှောင်ကြဉ်ပါ။း)

ဓါတ်ပုံလေးတွေ လှသဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကော်မန့်က ပျောက်သွားတာလား တက်သွားလားမသိဘူး.. တက်သွားရင် ခုကော်မန့်ကို ပြန်ဖျက်ပေးနော်..

ဟုတ်တယ် နေဝသန်ရေ
အဲဒီပုံတွေမြင်ပြီး လူက ဘယ်လိုဖြစ်မှန်းမသိဘူး..
ဒါကြောင့် အဲဒီပုံတွေကို တစ်ခါမှ သေချာ ကလစ်လုပ်ပြီးမကြည့်ရဲဘူး။။
ရုပ်ရှင်ဇာတ်ဝင်ခန်းဆိုတာက effect တွေ လုပ်ထားတာမို့ ကြည့်ရတာ သိသိကြီးနဲ့ဆိုတော့ဘာမှ မဖြစ်ဘူး
တကယ့်ပုံတွေကျတော့ မခံစားနိုင်ဘူး..
ကြည့်လဲမကြည့်ချင်ဘူး...
လောကကြီးမှာ လူတွေပိုပိုပြီး ရက်စက်တတ်လာပြီလို့ဘဲ တွေးမိတော့တယ်..
မေပယ်ရွက်တွေ လှပါတယ်အေ.. ကျုပ်တော့ သဘောကျတယ်. ဘယ်သူမကူးကူး တို့တော့ကူးသွားပြီ.. ပုံလေးတွေ ဒီထက်ဆိုဒ်ကြီးရင်ပိုတောင်ကောင်းလိမ့်ဦးမယ်..
ရှုခင်းလှလှတွေဆိုစုဆောင်းထားတာမှ အများကြီးရယ်..
စိတ်ချမ်းသာစရာတွေဘဲ ရှာကြံကြည့်နေရတာအေ... :)

မချော

blackroze said...

ကျမလည်းfacebook ကို city valle
ဆော့တာတခုကလွဲရင်ကျန်တာမသုံးဖြစ်ဘူး..
အစကတော့အင်တိုက်အားတိုက်ပေါ့..
ဘယ်နေရာမှမလွတ်စေရဘူးလေ..
နောက်တော့လည်း ...ဒီလိုဘဲပေါ့
သိပ်မသုံးဖြစ်တော့ဘူး..
တခါတလေ..တချို့ပုံတွေဆိုရင်
စိတ်ထဲရှိတဲ့အတိုင်းးသာကောမက် ရေးပလိုက်
ရမယ်ဆိုရင်တော့..အခင်မင်တွေပျက်စရာ
လမ်းကြောင်းတွေရှိနေလို့..
လက်ကို stop ထားရတယ်...
ပုံတွေကလှတယ်ရူခင်းပုံတွေလှရင်အရမ်း
သဘောကျတယ်..

အသားကိုတပါတ်နှစ်ရက်မစားဘူး

အိမ်သာတက်တဲ့ကိစ္စကတော့
ဝိရီယ ထားပါ.. :P

...အလင်းစက်များ said...

နေ၀ဿန် စာရေး တအားကောင်းတယ်ဗျာ။ ဖတ်ရင်း မျောပါသွားတယ်။ ဟုတ်တယ် ကိုညိန်းနိုင်လည်း အဲ့သည် ဓါတ်ပုံကို ဖြုတ်ပစ်ဖို့  ပြောတယ်ဗျ။ ဒါပေမယ့် ကျနော်လည်း ခေါင်းက ခပ်မာမာပဲရယ်။

ဒါထက် ဖဘမှာ နေ၀ဿန်က ဘယ်နာမည်နဲ့ တုန်း။

san htun said...

ဓာတ်ပုံတွေက တကယ်လှတယ်ဗျို့ ..ပရိုပဲ..

chindwinthu said...

မဖတ်ရတာကြာပြီမို့လား မသိဘူး။ ဖတ်လို့ အရမ်းကောင်းတယ်။ နေ၀သန်နဲ့ သူ့၏ဒုက္ခတွေ မကြားရတာလည်းကြာပြီလေ။ ဒါနဲ့ စကားမစပ် ဓါတ်ပွုတွေလည်း အရမ်းလှတယ် သိလား။