ဝါလည်းဝင်ပြီမို့...

အားလုံးပဲ မင်္ဂလာပါဗျာ..။ ဒီစာဟာ ဗုဒ္ဓဘာသာဝင်များအတွက်သာ ဖြစ်ပါတယ်..။ ဒီနေ့ဟာ ၀ါဆိုလပြည့်နေ့လည်းဖြစ်ပါတယ်..။ ဓမ္မစကြာနေ့လည်း ဖြစ်ပါတယ်..။ ၀ါတွင်းသုံးလကို စ၀င်တဲ့နေ့လည်းဖြစ်ပါတယ်..။ ကျွန်တော်ဒီကို ရောက်ကတည်းက ဘုန်းကြီးကျောင်းနဲ့ မထိတွေ့ခဲ့ရတာ ကြာပါပြီ။ မြန်မာဘုန်းကြီးကျောင်းလည်းမရှိတဲ့အတွက် အိမ်က လှူပေးဒါန်းပေးတာကိုပဲ သာဓုခေါ်နေခဲ့ရတာပါ။ ဘယ်နေရာမှာပဲ လှူလှူ၊ ဘာပဲလှူလှူ စိတ်ထဲကပါတဲ့ ဒါနသာ အဓိကပါလို့ဆိုပေမယ့် တကယ်တမ်းပြန်တွေးရရင် ကိုယ်တိုင်ကိုယ်ကျ ကိုယ့်လက်နဲ့ကိုင်ပြီး ၀ါဆိုသင်္ကန်းကပ်လှူချင်မိတယ်။ 

ဟိုတစ်နေ့က စင်္ကပူက သူငယ်ချင်းတွေအားလုံး စုပေါင်းပြီး ၀ါဆိုသင်္ကန်းကပ်ကြတယ်။ မမေဓါဝီဆိုလည်း အင်္ဂလန်မှာနေပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်နိုင်တယ်။ ဆရာတော်တွေဆီကနေ သြ၀ါဒတွေ ခံယူနိုင်တယ်ပေါ့လေ..။ ကျွန်တော်ကတော့ အင်တာနက်ကနေတဆင့် တရားတွေနေ့စဉ်လိုလို ဖွင့်ပြီး နာနေမိပေမယ့် တကယ့်လက်တွေ့ဘ၀မှာ ဘုရားရိပ်၊ တရားရိပ်သွားပြီး အေးအေးချမ်းချမ်း နာယူချင်မိသေးတယ်။ ပုထုဇဉ်ပီပီ စိတ်မခိုင်တဲ့သဘောပေါ့လေ..။ တကယ်တမ်းတော့ ဓမ္မသာ အဓိကပါ..။ တရားသာအဓိကပါ..။ တရားစိတ်ကို နှလုံးသွင်းလိုက်နိုင်ရင် ဘယ်နေရာကနေဖြစ်ဖြစ် တရားထူးရနိုင်ပါတယ်။ ဒါကိုဆက်စပ်ပြီး ကျွန်တော်တွေးမိတော့ ရှေ့ဘ၀ပါရမီဓါတ်ခံကောင်းခဲ့လို့ ဘုရား၊ တရား၊ သံဃာနဲ့ ထိတွေ့ခွင့်ရခဲ့တယ်..။ ဒါပေမယ့် ဘာလုပ်ခဲ့ပြန်လို့လည်းမသိဘူး... ဘုန်းကြီးကျောင်းမရှိတဲ့အရပ်၊ ကိုယ်တိုင်သင်္ကန်းကပ်မရတဲ့အရပ်၊ ကိုယ်တိုင်ဆွမ်းကပ်လှူလို့မရတဲ့ အရပ်ကို ရောက်နေပြန်ရော..။ ဒါန၊ သီလ၊ ဘာဝနာဆိုတာ ဘယ်နေရာဖြစ်ဖြစ် လုပ်လို့ရမယ့် ခုနက ပြောသလို ပုထုဇဉ်ဆိုတော့လည်း ...။ 

ပြောရရင် အိမ်ကဘုရားမှာ ပန်းမကပ်နိုင်တာ တစ်ပတ်ပြည့်တော့မယ်..။ စူပါမားကတ်ကို ဈေးဝယ်မကြုံတာနဲ့ ပန်းမပါပဲ ရေချမ်းနဲ့ ဆွမ်းတွေပဲ ကပ်နေခဲ့မိတာ.. ။ မနေ့ညက မြန်မာပြည်က အစ်မတစ်ယောက်သတိပေးတော့မှ ညကြီးမင်းကြီး ခပ်မြန်မြန်သွားပြီး ပန်းရယ်၊ အသီးတစ်ချို့ရယ်ဝယ်လာမိတယ်..။ အတော်ပူတဲ့လမို့လို့ အလိုလိုနေရင်း နုန်းနေရတဲ့အထဲမှာ ဒီလကုန်အမီ စာတမ်းတင်ရမှာကြောင့်ရယ် စိတ်ကနွမ်းနယ်နေတာနဲ့... ဆွမ်းထမင်းနဲ့ဆွမ်းဟင်းတော့ ဒီဝါဆိုလပြည့်နေ့မှာ မကပ်နိုင်တော့ဘူးရယ်..။ 

ဘာပဲပြောပြော ၀ါတစ်ဝါကို ထပ်ဝင်ပြန်ပြီ..။ အမေပြောတာကို သတိရမိတယ်..။ ကျွန်တော်ဘုရားပုံမှန်ရှိခိုးပါတယ်..။ ဆွမ်းလည်းပုံမှန်နီးပါး ကပ်ဖြစ်ပါတယ်..။ ငါးပါးသီလလည်း ခံမိပါတယ်..။ လုံတဲ့အခါလုံ မလုံတဲ့အခါ မလုံဖူးပေါ့လေ..။ အဓိကခက်တာက ညာတာနဲ့ အရက်ပဲ..။ ညာတာက ပါးစပ်က ပြွတ်ကနဲထွက်သွားတတ်တယ်..။ အရက်ကတော့ ပါတီတွေမှာ မရှောင်နိုင်တဲ့အခါပေါ့..။ ဒါပေမယ့် စဉ်းစားမိတယ်..။ ငါအခုနေ သေသွားတဲ့အခါ ဒါတွေက လုံလောက်ပြီလားပေါ့..။ အဖြေက ခေါင်းပဲခါမိတယ်..။ ဘယ်လိုမှ မလုံလောက်ပါဘူး..။ ဒါနနဲ့ သီလတန်ခိုးကြောင့် ကောင်းတဲ့ဘ၀ကို ရောက်တယ်ပဲထား သာသနာဆိုတာကို မသိတဲ့နောက်မှာ ထပ်ပြီးလားရမယ့်ဘ၀ဟာ အလားအလာမကောင်းဘူး..။ ဒါနဲ့ ပါရမီအခြေခံကောင်းအောင် လုပ်ရမယ့်နည်းက ဥာဏ်ဘုရားပွင့်ဖို့ပဲရှိပါတယ်...။ ဆိုလိုတာက တရားမှတ်ဖို့ပါ..။ အမေက အမြဲပြောပါတယ်.။ တစ်နေ့ကို ငါးမိနစ်၊ ဆယ်မိနစ် ရသလောက်ထိုင်ပါ ဆိုတာကို အခုထိ ကျွန်တော်စကားနားမထောင်သေးပါဘူး..။ အသိခေါက်ခက် အ၀င်နက်ဆိုတာ ဒါပေါ့..။ သိသိလျက်နဲ့ မလုပ်တာဟာ မသိတာထက် ပိုဆိုးပါတယ်..။ ဆိုတော့ကာ ဒီနေ့ဝါ၀င်တဲ့နေ့ကစလို့ တရားကို ရသလောက်နည်းနည်းစီ မှတ်ကြည့်မယ်လို့ စိတ်ပိုင်းဖြတ်မိတယ်..။ အဓိကက စိတ်မြန်ပြီး ဒေါသထွက်လွယ်တဲ့ ကျွန်တော်ဟာ တရားထိုင်တဲ့အခါမှာ သမာဓိကို ခိုင်ခိုင်မဆောက်နိုင်တာပါ..။ ဘာပဲပြောပြော ကြိုးစားရဦးမှာပေါ့..။

အခုတော့ ဒီမနက်ကပ်ခဲ့တဲ့ဆွမ်းကို အားလုံးအတွက် အမျှဝေချင်လို့ တင်လိုက်ပါတယ်..။ အားလုံး သာဓုခေါ်နိုင်ကြပါစေဗျာ..ျ.။

ပူအိုက်တဲ့ ရာသီမို့ ဘုရားကို သစ်သီးတွေနဲ့ အအေးကို ကပ်မိတယ်..။ ကီဝီသီးနဲ့ မက်မန်းသီးပါ..။ မက်မန်းသီးက ပုံထဲမှာ ကြီးသလိုလိုနဲ့ ပန်းသီးနဲ့တူသလိုလို..။ နောက် ဖျော်ရည်ပါ..။ ဘုရားဆွမ်းတော်ကပ်တဲ့အခါ အသီးအနှံတွေကို ကိုယ်ကိုယ်တိုင်စားသလို ပြုလုပ်ပြီးမှ ကပ်သင့်ပါတယ်..။ ဥပမာ အခွံခွာသင့်တာကို ခွာဖို့ပေါ့..။ တချို့တွေက အလုံးလိုက်တင်တယ်.။ သရက်သီးကို အလုံးလိုက်တင်တယ်..။ ကိုယ်ကိုယ်တိုင်ရော အလုံးလိုက် ကိုက်စားသလား..။ စေတနာဆိုတာ ပြုတဲ့အပေါ်မူတည်ပြီး လေးနက်တတ်ပါတယ်..။ ဘုရားကို ဆွမ်းကပ်ချင်တဲ့စိတ်လေးဖြစ်လာတာကိုက စေတနာပါ..။ ဒါနဲ့ပဲ သရက်သီးလေးဝယ်လာတယ်..။ ဒါလည်း စေတနာပဲ..။ ဒါပေမယ့် တစ်ယောက်က အလုံးလိုက် ကပ်ထည့်လိုက်တယ်..။ နောက်တစ်ယောက်က အခွံလေးခွာ၊ ပန်းကန်လေးထဲသေသေသပ်သပ်ထည့်၊ ခက်ရင်းလေးပါ တပ်ပေးလိုက်တဲ့အခါ ဘယ်သူ့စေတနာက ပိုသွားသလဲ..။ ဒါမျိုးလေးတွေ စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်တယ်..။ နောက်တစ်ခုက ဆွမ်းတော်စွန့်ပြီးသားကို စားသင့်မစားသင့်..။ စာအုပ်တွေ လိုက်ဖတ်မယ်ဆို ဟိုက စားသင့်တယ်၊ ဒီက မစားသင့်ဘူး..။ ဘာယူလို့ ယူရမှန်းမသိဘူး..။ ဒါပေမယ့် ကျွန်တော်တွေးတာက ဘုရားဆွမ်းတော်ကပ်မယ်ဆို စိတ်ကို ဒုံးဒုံးချပြီး ကပ်လိုက်ပါ..။ ဆွမ်းကပ်တယ်ဆိုတာ ပေးလိုက်တဲ့သဘောပဲ..။ အဆုံးစွန်ထိ အကုန်ပေးလိုက်ပါ..။ တစ်ချို့တွေက ပြောတယ်... ဟဲ့ .. ဆွမ်းတော်အရင်ကပ်.. ပြီးမှ စွန့်စားဆိုတာမျိုး..။ ဒါက ပေးပြီးသားပစ္စည်းကို ပြန်လုသလိုမျိုးဖြစ်နေတယ်..။ အဲလိုမျိုး မလုပ်သင့်ဘူး..။ ဆွမ်းကို အပြီးကပ်လိုက်ပါ..။ လိုချင်စိတ်မထားပါနဲ့.. အဲဒီပေါ်မှာ..။ အဲ.. ဆွမ်းတော်စွန့်ပြီးတဲ့အခါမှာ လွှင့်ပစ်ချင်ရင် လွှင့်ပစ်... အဆင်ပြေသေးလို့ စားချင်တယ်...ဆိုလည်းစား၊ ငှက်ကလေး ကြက်ကလေးကျွေးချင်တယ်ဆိုလည်း ကျွေး...။ ဒါက ဘုရားဆီက စွန့်လိုက်ပြီးသား...။ အဓိကက စိတ်ထားတတ်ဖို့လို့ ဆိုလိုချင်တာပါ..။ ကျွန်တော်ကတော့ များသောအားဖြင့် စွန့်ပြီးရင် လွှင့်ပစ်လိုက်တာ များပါတယ်..။ 

ဒီနေ့ ထူးထူးခြားခြားပဲ ကျောင်းမှာ Living library ဆိုတဲ့အစီအစဉ်လေးတစ်ခုရှိတယ်..။ ဒီ Semester မှာ ဒီအစီအစဉ်လေးလည်း ပြီးတော့မယ်၊ မသွားဖြစ်တာလည်းကြာပြီ၊ နောက် ဆရာမကလည်း အကူအညီတောင်းတယ်ဆိုတာနဲ့ မအားပေမယ့် ၂ နာရီစာလောက်တော့ဖြစ်တယ်ဆိုပြီး ကူညီမယ်ဖြစ်သွားတယ်..။ ဒါက စာကြည့်တိုက်မှာလုပ်မယ်..။ လူတွေက စာအုပ်တွေပေါ့..။ လူဆယ်ယောက်က စာအုပ်လိုပဲ..။ ဖတ်မယ့်သူက ဒါလေးဖတ်ချင်တယ်ဆိုရင် ဒီလူက စာအုပ်လိုပြောပေးရတယ်..။ အဓိကက နိုင်ငံနဲ့ ယဉ်ကျေးမှုတွေပေါ့..။ ဒီထဲမှာ မနေ့က အကြံပေါ်လာတာက ဆယ့်နှစ်လရာသီအကြောင်းပေါ့... `Twelve months-Twelve seasons-Twelve festivals of Myanmar` လို့ ခေါင်းစဉ်လေးတပ်ထားတယ်...။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့လည်း ၀ါဝင်တာနဲ့ဆိုတော့ ပြောလို့တော့ ကောင်းဦးမယ်ထင်ပါရဲ့..။ အားလုံးပဲ ဒီဝါတွင်းသုံးလမှာ တရားဘ၀နာတွေ ပွားများလို့ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှစ်ဖြာသော သုခနှင့် ပြည့်စုံကြပါစေလို့.. ဆုတောင်းလိုက်ပါတယ်..။ ကျွန်တော့်ထက် ကြီးသော၊ ငယ်သော မိတ်ဆွေသူငယ်ချင်းများအားလုံး ကျွန်တော့်ကြောင့် စိတ်ထဲမှာ တစ်ခုခုအဖုအထစ်ရှိခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်...။ အားလုံး ပျော်ရွှင်သော နေ့လေးဖြစ်ပါစေ..။


ခင်မင်လျက်
နေ၀သန်

(စကားချပ်။  ။ တစ်ခါက Anonymous နဲ့ ကျွန်တော့်ကလောင် နေ၀သန်မှာ ၀သန်မဟုတ်ပါဘူး ၀ဿန်ပါလို့ တစ်ယောက်က လာပြောသွားတယ်..။ ကျွန်တော်လည်း ယောင်တောင်ပေါင်တောင်နဲ့ လိုက်ပြောင်းလိုက်မိတယ်.။ မြန်မာစာမကျွမ်းတာလည်းပါတာပေါ့လေ..။ ဟိုနေ့ကမှာ သတ်ပုံကျမ်းမှာစစ်ကြည့်တော့ ပါဠိလို ၀သန္တ မြန်မာလို မိုးဆိုတာကို ၀သန်လို့ ရေးသတဲ့..။ ၀ဿန်ဆိုတဲ့ စကားလုံးကို မသုံးပါဘူးတဲ့..။ အဲဒါလေး ပြောချင်တာပါ )

Print

14 ယောက်က မှတ်ချက်ပြုသွားသည်။:

vampire said...

နေဝသန်
ကျွန်တော်တို့အိမ်မှာ ဒီနေ့ ဆွမ်းကပ်တယ်။
တရားလာရောက်နာသူတွေကို အုန်းထမင်ကျွေးပါတယ။်
ခင်ဗျားကို ကျွန်တော် လာ ဖိတ်တာ။ ;)
library မှာ စာအုပ်လိုလုပ်မယ့် ခင်ဗျား အတွေ့အကြုံ
ကိုသိချင်မိသားရယ်။
ကျွန်တော်တို့ မတွေ့တာကြာဘီနော်။
ဒီနေ့မှ ကျွန်တော် ခင်ဗျား ဆီလာခဲ့တာ။
ဒါပဲလေ။ နောက်မှထပ်လာတာပေါ့။

noblemoe said...

သာဓု သာဓု သာဓု ပါ
ကိုယ်တိုင်ကိုယ်ကျကိုယ့်လက်နဲ့
လှူခွင့်အမြန်ကြုံပါစေ...


သာယာချမ်းမြေ့ပါစေရှင်း
မိုး

san htun said...

ဘုန်းကြီးကျောင်းမရှိ၊ သံဃာမရှိတဲ့ နေရာရောက်တာချင်း တူပေမဲ့ ကိုဝသန်က တို့ ထက် သာတယ်။ သာဓု သာဓု သာဓု။

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့လည်း ဒီနေ့ ဘုန်းကြီးကျောင်းမှာ ၀ါဆိုသင်္ကန်းကပ် ဥပုသ်ယူဖြစ်ခဲ့တယ်။
ကံကောင်းတာက ဘုရားကျောင်းကန်နဲ့ နီးနီးနားနား နေရာမှာ နေခွင့်ရနေတာကို တကယ်ကျေးဇူးတင်မိတယ်။ နေ၀သန်ရဲ့ ဘုရားဆွမ်းတော်အမြဲတင်တာ ဘုရားအမြဲကန်တော့တာတွေကို လေးစားချီးကျူးပါတယ်။ အသက်ငယ်ငယ်ယောက်ျားလေးပေမဲ့ ဘုရားတရားသိတတ်တာ ချီးကျူးစရာပါ။

Angelhlaing(May everybody be happy and healthy! said...

ညီမလေးကတော့ ဘာမှမလုပ်ဖြစ်ပါ...အကို..:)
သာဓု ခေါ်ပါတယ် အကိုရေ..

ညိမ်းနိုင် said...

သာဓုပါညီရေ....၊အင်း....အဲ့သာကြောင့် သြကာသအချိုးမှာ
ရပ်ပစ်ရှစ်ပါးကိုထည့်ဆိုကြရတာနေမှာ....၊အဲ့လိုအရပ်မျိုး
ရောက်နေရတာကလည်း ဘာသာတရားကိုင်းရှိုင်းသူတွေ
အဖို့ တစ်ဒုက္ခပေါ့လေ....။
(အင်း...အကိုလည်း အဲ့လိုပေါင်းတယ်ထင်နေတာရယ်..၊
ဝသန်လို့ပဲပေါင်းတယ်လား....:))

ဟန်ကြည် said...

သာဓု...သာဓု
ယခုပြုရ ကုသလကြောင့်
ဒုက္ခများမြောင် လူတို့ဘောင်တွင်
ကျင်လည်ကူးခတ် စိတ်ဓာတ်ခိုင်မာ
တည်ကြည်စွာဖြင့် လူ့ရွာလောက
ကောင်းကြိုးရအောင် စွမ်းဆောင်နိုင်တတ်
ယောက်ျားမြတ်ဖြစ် သမိုင်းသစ်ကို
ညီချစ်ဝသန်ရေးနိုင်စေ...

Anonymous said...

သာဓု သာဓု သာဓု .ဘုန်းကြီးကျောင်း မရောက်ပေလို့ ကျွန်မလည်း အိမ်မှာဘဲ သစ်သီးဆွမ်းကပ်ပါတယ်.
ပျော်ရွှင်ပါစေ.

Anonymous said...

သာဓုဗျာ သာဓု သာဓု
မမေ့မလျှော့ မပေါ့မဆပဲ သတိလေးနဲ့ ဘဝကိုရင်ဆိုင် ဖြတ်သန်းကြတာပေါ့ဗျာ
ဘုရား တရား သံဃာ မိဘ ဆရာ ဂုဏ်ကျေးဇူးအထူး မမေ့ပဲ ကျေးဇူးသိတတ်သူ တစ်ယောက်ဖြစ်ပါစေဗျာာ

မောင်ဘကြိုင်
နေပြည်တော်မှ သာဓုခေါ်သည်

Anonymous said...

အရင်တုန်းက ဘုရားစင်မှာ
ဘုရားပုံ မပါသလိုပဲ ..
ခုတော့ ဘုရားပုံ ၊ ဆင်းတုတော် နဲ့ ဆိုတော့
ပိုပြီး သပယ် သွားတာပေါ့ ...

(ကီးဘုတ်မှာ ပ ၂ လုံးဆင့် ရိုက်တာ မရလို့)
စကားလုံး ပေါင်းတာ မှားသွားတယ် ..

မှတ်ချက် ..
ငါ ပြောပါတယ် ..
ဘလော့နာမည်
ခေါက်ဆွဲပြုတ် ရဲ့ အိုအေစစ် လို့သာ
ရေးပါ ဆို ...း)

ခင်မင်လျှက်
ဆောင်းနှင်းရွက်

mstint said...

ဗုဒ္ဓရှင်တော်မြတ်ကို သစ်သီးဆွမ်းကပ်ဖို့ရန် စိတ်ကရည်သန်နေကတည်းက ကုသိုလ် ဆိုတဲ့ အပင်ကြီးရဖို့ရာ စေတသိက်မှာ သန္ဓေမျိုးစေ့ ပျိုးနေပြီပဲ မဟုတ်လား။
အလုပ်သုံးမျိုးဖြစ်တဲ့ ကာယကံ ဝစီကံ မနောကံမှာ ဒေါသ လောဘ မောဟ မပါပဲ ဆောင်ရွက်ခဲ့တာမို့
သာဓု သာဓု သာဓုပါကွယ်။ အေးချမ်းပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကိုမောင်(ပန်းရနံ့) said...

လိမ္မာလိုက်တဲ့ ဖြစ်ချင်း။

ဒါနဲ့။ နေ၀သန်ကနေ နေ၀ဿန်။ အခု ထပ်ပြီး မူရင်း နေ၀သန်ကို ရောက်လာပြန်ပြီလား။ သူကြီးမင်းကတော့ တစ်ခါမှ နေ၀ဿန်လို့ မခေါ်ခဲ့ဖူးပေါင်။း))

ခင်မင်လျက်

စော(အဝါရောင်မြေ) said...

အင်း စုပုံ ရှင်းသွားပါလား။
ပြစ်ဆန်တရစ် အရပ်တဲ့လား။ ဘယ်နိုင်ငံမှာလဲဟင် ဘုန်းကြီးတစ်ပါး၊ တစ်လေများ အလည်ကြွလာတာ မကြားမိဘူးလား?

...အလင်းစက်များ said...

ရက်ကျော်မှပဲ ရောက်လာရတယ်..... ဘလော့နဲ့  ဝေးနေလို့ နေ၀ဿန်ရေ..... သာဓုပါဗျာ။ ကိုယ်တိုင်ဘာမှ မလုပ်နိုင်လိုက်တော့ သာဓုပဲ ပတ်ခေါ်နေရတယ်။ :(