ကြယ်နှင့်ကသော ဇာတ်လမ်း


အချစ်နဲ့ စတင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အချစ်နဲ့ပဲ အဆုံးသတ်ချင်တယ် ကောင်မလေးရယ်.....

အခန်း(၁)

လွန်ခဲ့သော ၁၀ နှစ်။  ကျောင်းသားသစ်အဖြစ်နဲ့ ဒီကျောင်းကို ကျွန်တော်ရောက်ခဲ့ပါသည်။ အတန်းထဲမှာ ၀င်လို့ နေရာယူရင်း စူးရှတဲ့ မျက်ဝန်းတစ်စုံကို သတိပြုမိခဲ့သည်။ အရောင်တောက်နေသော မျက်လုံးကို အကြည့်လွှဲရင်း ကျွန်တော့်ဘာသာ ထိုင်နေမိသည်။ ပြဿနာကို ရှောင်လွှဲချင်သော ကျွန်တော့်ဆီကိုမှ ပြဿနာသည် တည့်တည့်ကို ရောက်လာခဲ့သည်။ 

ကလေးမဟုတ် လူကြီးမဟုတ် ဇကောဇကအရွယ်မှာပဲ ထိုကောင်မလေးတို့ အတန်းထဲမှာ စိန်လိုက်ပြေးတမ်း ကစားနေကြသည်။  စားပွဲရဲ့ အစွန်မှာထိုင်နေသော ကျွန်တော်၊ တစွန်းတစထွက်နေသော ခြေထောက်ကိုမှ ခလုတ်လာတိုက်ပြီး ဟပ်ထိုးလှဲကျသွားတာက ထိုကောင်မလေး။ သူအတော်နာသွားမှာပဲလို့ စိုးရိမ်တကြီးတွေးမိနေဆဲမှာပဲ စူးရှသော ရန်ထောင်သံကို ကြားလိုက်ရသည်။ 

“နင်ယုတ်မာလှချည်လား။ အခုမှ အသစ်လည်းဖြစ်သေးတယ်။ ရန်လာစနေတယ်။ နာလိုက်တာ”  လို့ပြောရင် မျက်စောင်းတွင်တွင်ထိုးနေလေသည်။  ဖုံးဖိထားသော မာနကိုမှ လာစွနေသူကို ပြန်ပြောဖို့ ပါးစပ်ပြင်လိုက်ရင်းမှ စိတ်ပြန်လျှော့ကာ တောင်းပန်စကားပဲ ဆိုလိုက်မိသည်။ “မလိုပါဘူး..” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ကျွန်တော့်တောင်းပန်စကားကို သူမ ခါချသွားခဲ့သည်။ 

ထိုနေ့ နေ့လည်ကျောင်းဆင်းတော့ ထမင်းဘူးကိုဖွင့်ပြီး စားနေမိသည်။ မုန့်စားရန် မုန့်ဆိုင်တန်းဘက်သို့ လှည့်အထွက် ဗွမ်းကနဲ ကျွန်တော့်ကျောတပြင်လုံး စိုရွှဲသွားသည်။ ဒေါသတကြီးလှည့်ကြည့်လိုက်တော့ နှုတ်ခမ်းကို မှည့်ပြုံးကာ အောင်နိုင်သူ အသွင်ဆောင်နေသော ထိုကောင်မလေး။ မထီတထီကြည့်ပြီး လှည့်ထွက်သွားခဲ့သည်ကိုတော့ ဘယ်လိုမှ သည်းမခံနိုင်ဆုံး သူမလက်ကို ဆွဲလှည့်လိုက်သည်။ 

“ဒါဘာလုပ်တာလဲ” လို့ မေးလိုက်တော့ “မြင်တဲ့အတိုင်းပဲလေ... ငါနာသလို နင်ပြန်ခံရမယ်ဆိုတာ သိပြီမလား”  စွာတာတာပြန်ပြောသော စကားကို သည်းမခံနိုင်ဆုံး ကျွန်တော်အော်ဟောက်ပစ်မိသည်။ 

“မင်းအခု ငါ့ကို ချက်ချင်းတောင်းပန်၊ မင်းသာ မိကောင်းဖခင်သားသမီးဆိုရင် မင်းအမှားကို မင်းချက်ချင်းဝန်ခံ”

“ဆောရီးပဲ... တောင်းပန်တယ်ဆိုတာ ငါ့ရာဇ၀င်မှာ မရှိဘူး.. နင်ငါ့လက်ကို လွှတ်.. ငါ့ကို ကိုယ်ထိလက်ရောက် လုပ်ရဲလုပ်ကြည့်လေ.. ဘာဖြစ်သွားမယ်ထင်လဲ”

ခံနိုင်ရည်ကုန်ခန်းစွာ သူမကို ဆောင့်တွန်းလိုက်မိသည်။ သူမ ၀ုန်းကနဲ ပစ်လှဲကျသွားသည်။ ဖြစ်ချင်တော့ သူမ လှေကာအစွန်းနားမှာ ရပ်နေသည့်အတွက် လှေကားတလျှောက် ပြုတ်ကျသွားခဲ့သည်။ အား ကနဲ အော်လိုက်သော သူမအသံ.. နာကျင်လွန်းစွာ ငိုရှိုက်နေသော သူမအသံ အဆုံးမှာ...။ 

“ဖုန်း.. ဖုန်း.. ဖုန်း”

တဖုန်းဖုန်းကျနေသော ခြေသလုံးမှ ကြိမ်ဒဏ်တွေကို အံကြိတ်ခံနေမိသည်။ 

“အခုမှ ပြောင်းလာပြီးတော့ လူပါးလာဝချင်နေတယ် ဟုတ်လား။ ယဉ်ကျေးသိမ်မွေ့မှုဆိုတာ တခုမှ မရှိဘူး.. ကဲဟယ်.. ကဲဟယ်.. သူကျိုးကန်းသွားရင် နင်တသက်လုံး လုပ်ကျွေးမှာလား.. ဟင်..”

ကြမ်းတမ်းစွာ ရေရွတ်ကာ ရိုက်နှက်နေသော ဆရာမ၊ ဒေါသတကြီး ရိုက်နေသော ကြိမ်ဒဏ်...။  ဘယ်တော့မှ မေ့နိုင်မယ်မထင်တဲ့ အဖြစ်တွေပါပဲလေ...။

ထိုနေ့ည..။ ကျွန်တော်ရေမချိုးနိုင်ခဲ့ပါ။ စပ်ဖျဉ်းနေသော ကြိမ်ဒဏ်တွေ..။ ဆေးကို နာနာမတို့ရဲပဲ ဖွဖွလေးတို့ကာ လိမ်နေမိသည်။  ဖေဖေ မေမေ သိမှာစိုးလို့ လူကောင်းအတိုင်းနေပြရတော့ တကိုယ်လုံး ပိုနာကျင်နေမိသည်။  ဆေးလိမ်းနေရင်း ကျွန်တော်ငိုကြွေးနေမိသည်။ အသံထွက်မည်စိုး၍ ခေါင်းအုံးနှင့် ညှပ်ကာ ငိုကြွေးမိသည်။  ကျွန်တော့် ခြေထောက်က နာ၍ မဟုတ်ပါ။ ကျွန်တော့်နှလုံးသားမှာ သွေးစိမ်းရှင်ရှင် စီးကျနေ၍ပင် ဖြစ်သည်။ 

အခန်း (၂)

ဆေးရုံအခန်းတံခါးကို ဖွင့်လိုက်တော့ ကုတင်ပေါ်မှာ သူမကို တွေ့လိုက်ရသည်။  ပါလာသော ပစ္စည်းများကို ပေးလိုက်ပြီး သူမရှေ့မှာ ဒူးထောက်လိုက်မိသည်။ သူမကို တွန်းလိုက်မိသည့်အတွက် အနူးအညွှတ် တောင်းပန်နေမိသည်။ တင်းမာခက်ထန်နေသော သူမမျက်နှာ ပြေလျော့လာသည်အထိ တောင်းပန်ဖို့ ကျွန်တော်ဆုံးဖြတ်ထားမိသည်။ ဒေါသတကြီး အော်ငေါက်နေသော အသံများကို လျစ်လျူရှုကာ ကျွန်တော် ဒူးထောက်မြဲ ဒူးထောက်နေမိသည်။ တောင်းပန်မြဲ တောင်းပန်နေမိသည်။ 

တနေ့သော အခါမှာ သူမ ကျွန်တော့်ကို လက်ခံစကားပြောလာခဲ့သည်။ သူမကို ကျွန်တော် တနေကုန်စောင့်သည်။ သူမ စားချင်တာ မညည်းမညူ သွားဝယ်ပေးခဲ့သည်။ သူမ အလွန်ကြိုက်သော ပန်းသီးကို အခွန်နွှာကျွေးသည်။ သူမ နားထောင်ချင်သော ပုံပြင်လေးတွေ ရှာဖွေပြောပြသည်။ သူမ ကြိုက်သော သီချင်းများကို ဆိုပြမိသည်။ သူမအတွက် ကျွန်တော်သည် ပြည့်စုံလွန်းလှသော အဖော်တစ်ယောက်ပင် ဖြစ်ခဲ့ပါသည်။

သူမဆေးရုံဆင်းတော့ ကျွန်တော်သည် သူမအားထားရသော သူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့သည်။ သူမနှင့် စာကျက်ဖော်ဖြစ်ခဲ့ရသည်။ တစ်ခုတော့ရှိသည်။ ဘယ်အရာမှာမဆို သူမထက် တဆင့်နှိမ့်ကာ နေတတ်ခဲ့ရသည်။ သူမထက် တော်သည်ကို သူမ မလိုလား။ တနည်းဆိုသော ကျွန်တော်သည် သူမ လက်အောက်မှာသာရှိရမည့် သူငယ်ချင်းတစ်ဦးပင် ဖြစ်ရမည်။ ညတိုင်းညတိုင်း ကျွန်တော်တို့ ဖုန်းပြောခဲ့ကြသည်။  ဖုန်းထဲမှာ သူမကြိုက်သည့် ပုံပြင်တစ်ပုဒ် အမြဲပြောပြရသည်။  ထိုနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ကျွန်တော်သူမကို ရည်းစားစကားပြောခဲ့သည်။ ထင်သည့်အတိုင်းပဲ ကျွန်တော်လိုချင်သောအဖြေ နောက်တစ်နေ့မှာ ရခဲ့သည်။ သူမနှင့် ကျွန်တော် ဒီလိုနဲ့ ချစ်သူတွေ ဖြစ်ခဲ့တော့သည်။ 

ကျွန်တော် မထင်မှတ်စွာ သူမ ကျွန်တော့်ကို အရမ်းချစ်နေခဲ့သည်။  ငါးဟင်းထည့်လာသည့် နေ့တိုင်း သူနွှင်ပေးသော ငါးနှင့် စားရသည်။ အရိုးနွှင်နေရင်းနှင့် သူမ ဘယ်တော့မှ ထမင်းကို ၀အောင် မစားရခဲ့။  ဗလမရှိသော ကျွန်တော့်လက်မောင်းကို သူအမြတ်တနိုး ခေါင်အုံးအိပ်ချင်ခဲ့သည်။ ချိုင့်ဝင်နေသော ကျွန်တော့်ပါးချိုင့်လေးကို သူမအရမ်းသဘောကျ၍ ခဏခဏ ရယ်ပြရသည်။ ချစ်သူဖြစ်လာခဲ့သည့် နောက်ပိုင်း သူမ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။  ဖုန်းပြောတိုင်း ကျွန်တော့်ကို ပုံပြင် မပြောပြခိုင်းတော့ပါ။ စာကျက်တိုင်း သူမ အနိုင်မလိုချင်တော့ပဲ ကျွန်တော့်ကို ဦးစားပေးလာခဲ့သည်။  ဖိုးကြယ်ဟူသော ကျွန်တော့်ကို သူမ တွင်တွင်ပြောသော စကားတစ်ခွန်းမှာ “ကြယ်.. ငယ့်ကို ဘယ်တော့မှ ခွဲမသွားပါနဲ့နော်... ” ဆိုသော စကားတစ်ခွန်းပင်ဖြစ်သည်။ 

အခန်း (၃)

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်။ ရန်ကုန်သို့ ကျွန်တော်ထွက်ခွာလာခဲ့သည်။  ကျွန်တော့်အသိထဲမှာ အဖေအမေအတွက် အောဒီရအောင် ဖြေပေးရမည်။ 

“အဖေနဲ့ အမေ။ ၁၀ တန်းစားမေးပွဲကို သားရန်ကုန်မှာ ဖြေမယ်။ သားဒီကျောင်းမှာ ဖောင်မတင်တဲ့ ကိစ္စကို ဘယ်သူမှ မသိအောင် လုပ်ပေးပါ။ အဖေတို့ ကတိတည်ရင် သား အောဒီရအောင် ဖြေပေးမယ်... ” 

ဒီကတိတွေကို ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးအကြိမ်အဖြစ် တောင်းဆိုမိခဲ့သည်။  ငယ့်အတွက် ဒိုင်ယာရီတစ်အုပ်နဲ့ စာတစ်စောင်ကို ပေးခိုင်းလိုက်သည်။  ကားမှန်ပြတင်းထဲမှာ အပြင်ကို ငေးကြည့်နေသည့် ကျွန်တော့်မျက်ဝန်းတစ်စုံဟာ နာကျည်းမှုတွေနဲ့ ပြည့်နှက်နေသတဲ့လား...။ 

ငယ်..
ဒီစာနဲ့အတူ နင့်ကို နှုတ်ဆက်ခဲ့ပါတယ်။ ငါနင့်အတွက် စကားတစ်ခွန်းလက်ဆောင်ပေးခဲ့မယ်။ ငါနင့်ကို အရမ်းမုန်းတယ်။ အရမ်းနာကျည်းတယ်။  ဒိုင်ယာရီကို ဖတ်ကြည့်လိုက်ပါ။ နင်နားလည်လာလိမ့်မယ်။ အဲဒီ ဒိုင်ယာရီထဲမှာ နင့်ကြောင့် အရိုက်ခံခဲ့ရလို့ သွေးစို့နေတဲ့ ငါ့ခြေသလုံးက သွေးစတွေကိုပါ ထည့်ပေးလိုက်တယ်။ အဲဒီနေ့က ဆရာမပြောခဲ့တဲ့ စကားတစ်ခွန်းမကျန် ငါရေးပေးထားခဲ့တယ်။ ထာဝရ နှုတ်ဆက်ပါတယ်..။ ဘယ်တော့မှ ပြန်မတွေ့ချင်ပါဘူး။ ဘယ်ဘ၀မှာမှလည်း မဆုံချင်ပါဘူး။ အဟက်... နင်လို တော်တဲ့ မိန်းကလေးတစ်ယောက်က ငါ့လိုလူတစ်ယောက်အတွက် ၁၀ တန်းစာမေးပွဲကိုတော့ အရှုံးခံမှာ မဟုတ်ပါဘူးနော်... ဟားဟားဟား...

ဖိုးကြယ်... (သို့မဟုတ်) ကြယ်သောကြာ

အခန်း (၄)

ကားပတ်ကင်မှာ ကားကိုရပ်ရင်း မမအခန်းသို့ ၀င်လာခဲ့သည်။ မမသူငယ်ချင်း ဒေါက်တာမမများကို ပြုံးပြရင်း မမအခန်းထဲသို့ ၀င်ထိုင်နေမိသည်။ မမက စိတ်ရောဂါကုဆရာဝန်။ ဒီနေရာကို လာရတာ အင်မတန် စိတ်ညစ်သည်။ အရူးတွေ အော်ဟစ်သောင်းကျန်းနေသည်မှာ စိတ်မချမ်းသာဖွယ်ရာပင်ဖြစ်သည်။ မမဂျူတီချိန်ပြီးခါနီးဆိုတော့ စိတ်ရှည်သည်းခံစောင်းစားနေဆဲ. စူးစူးဝါးဝါးအော်ဟစ်သံကို ကြားလိုက်ရသည်။ ၀ုန်းကနဲ ပြေးဝင်သွားသော ဆရာမများ။ အော်ဟစ်ရုန်းကန်နေသော အသံ။ စကားသံ မပီပဲ ၀ူးဝူးဝါးဝါးအော်နေသော အသံ။ ကြည့်ချင်စိတ်ကို မထိန်းနိုင်ပဲ ထိုအခန်းဆီသို့ ထွက်လာခဲ့မိသည်။ 

မမက အိပ်ဆေး အမြန်ထိုးပေးလိုက်တော့ ထိုကောင်မလေး အိပ်ပျော်သွားခဲ့သည်။ သူမ တကိုယ်လုံး ရေနွေးငွေ့လောင်သလို မီးဟပ်သလို ဖြစ်နေသည်။ နှုတ်ခမ်းများမှာ ကပ်နေပြီး အပေါက်သေးသေးလေးသာ ကျန်နေသည်။ သူမလက်ထဲမှာ ကိုင်ထားသော အရာကို ကြည့်လိုက်မိတော့ ဒိုင်ယာရီစာအုပ်လေး။ ဒိန်းကနဲ ရင်ထဲမှာ မြည်သွားသည်။ ဘယ်လိုမှ မမေ့နိုင်သော စာအုပ်လေး။ သူမကို အသေအချာ ပြန်ကြည့်မိသည်။ ဟုတ်တယ်... သူမ..။ ငယ်..။ ငယ် ဘယ်လိုဖြစ်တာလဲ..။ မမဆီကို အမြန်ပြေးပြီး Case History ကိုတောင်း ကြည့်မိသည်။ 

ငယ်..။ ငယ် ၁၀ တန်းလည်း မအောင်ခဲ့ပါ။ ကျွန်တော်ထွက်ခွာခဲ့သည့်နေ့က အလူးလူးအလွန့်လွန့် ငိုကြွေးနေသော ငယ်...။ စိတ်ထိခိုက်စွာခံစားရပြီး မူမမှန်တော့သည့် ငယ်..။ မျက်လုံးကြောင်စီစီနှင့် လုပ်ချင်ရာ လုပ်သော ငယ်...။ ကိုယ့်ကိုယ်ကို ရေနွေးနဲ့ လောင်းချသည့် ငယ်...။ ခြင်ထောင်ကို မီးရှို့ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သည့် ငယ်....။ မီးလောင်ဒဏ်ရော.. ရေနွေးလောင်ဒဏ်ရောကြောင့် စကားမပြောနိုင်တော့သည့်ငယ်.. တခွန်းတည်းသော ထွက်နိုင်သည့် အသံက “ကြယ်..”

.............................

သူမကို ကျွန်တော် ဒူးထောက်မတောင်းပန်နိုင်တော့ပါ။ သူမ အော်ဟစ်ဆဲဆိုတာကိုလည်း မခံရတော့ပါ။ သူမ အရမ်းကြိုက်သည့် ပန်းသီးကိုလည်း ခွာမကျွေးနိုင်တော့ပါ။ သူမ အလွန်ကြိုက်သော ပုံပြင်များကိုလည်း မပြောပြနိုင်တော့ပါ...။  သူမကို စွန့်ခွာခဲ့သည့် ကျွန်တော့်ကို သူမက ထာဝရ ပြန်လည်စွန့်ခွာခဲ့ပြီ။  ငယ့်အကြောင်း အိပ်မက်ဆိုးတွေ နေ့တိုင်းမက်သည့် ကျွန်တော်..။  ငယ်ကလွှဲလို့ ဘယ်မိန်းကလေးကိုမှ မချစ်တော့ လက်မထပ်တော့သည့် ကျွန်တော်..။ ငယ့်ကို ရက်စက်ခဲ့သည့် ဒဏ်တွေကို ခါးစည်းခံမည့် ကျွန်တော်...။ 

............................

တကယ်တော့ သက်ရောက်မှုတိုင်းမှာ တုံ့ပြန်မှုတစ်ခုစီတော့ ရှိနေကြသည်။  အချစ်တစ်ခုနဲ့ စတဲ့ ဇာတ်လမ်းတစ်ခု.. အချစ်နဲ့သာ အဆုံးသတ်ခဲ့မယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲ...။ ကြယ်တွေကြွေတာမြင်တိုင်း သူငယ်ချင်း ဖိုးကြယ်ကို သတိရမိသည်။ ငယ့်ကိုလည်း လွမ်းမိသည်။ ကြွေလွှင့်ပျက်စီးသွားသည့် ကြယ်နှစ်လုံးအတွက် ကျွန်တော်ဂျပန်ကောင်လေးမှာ ပရိသတ်တစ်ယောက်ပင်ဖြစ်ခဲ့ပါတော့သည်။

ငါ့ကိုယ်ပိုင်အလွမ်း


ဂစ်တာတီးပြီးလည်း
မလွမ်းတတ်ဘူး....

လမင်းကြီးကို ကြည့်ပြီးတော့လည်း..
လွမ်းခွင့်မရှိဘူး..

ဒိုင်ယာရီမှာ ချရေးပြီးလည်း.
မလွမ်းတတ်ဘူး...

နူးညံ့တဲ့.. ကဗျာတစ်ပုဒ်နဲ့လည်း..
ငါ့အလွမ်းကို ငါမဖွဲ့တတ်ဘူး..

ချတ်လစ်ထဲက
မည်းနေတဲ့ အချက်ပြမီးလေး..
ဘယ်အချိန် စိမ်းလာမလဲဆိုတာ
မျှော်လင့်နေရင်းနဲ့ပဲ..
ငါလွမ်းနေခဲ့တယ်...
လွမ်းနေရတယ်...
လွမ်းနေရဦးမယ်......

ကျွန်တော်နှင့် ထိုထိုသော......


၁၉၈၆ ရဲ့ ကန်ရာသီအတွင်းမှာ ဒီလူ့လောကထဲကို ကျွန်တော်ရောက်လာခဲ့သည်။ လုံးထွားသော ကိုယ်ထည်၊ ရှည်လျားသော ဆံပင်တို့ဖြင့် ခွဲခန်းထဲမှာ မွေးဖွားခဲ့သည့် ကျွန်တော်သည် တစ်ပတ်တိတိ ရက်လွန်ခဲ့သော ကလေးတစ်ယောက်ဖြစ်ခဲ့သည်။  ခန့်မှန်းရက်ထက် တစ်ပတ်တိတိနောက်ကျနေခဲ့သည့်တိုင် သာမန်အနေနဲ့လည်း မမွေးဖွားခဲ့ပါ။ အဖေ့သွေးဘယ်နှစ်ပုလင်းမှန်းမသိ အမေ့ဆီကို သွင်းပေးခဲ့ရသည်။ အခက်အခဲတွေ အားလုံးအဆုံးမှာ ကျွန်တော်လူဖြစ်လာခဲ့သည်။  ထိုနေ့သည် အာဂမိန်းမသားတစ်ဦးဖြစ်သည့် ကျွန်တော့်မိခင်နှင့် ပထမဆုံး ဆုံစည်းသည့် နေ့ဖြစ်ခဲ့သည်။ 

ကျွန်တော်သည် အလွန်ဆိုးပေတေခဲ့သည့် ကလေးတစ်ယောက်ဖြစ်ခဲ့သည်။ ၀န်ထမ်းဘ၀နှင့် နေရာဒေသအမျိုးမျိုးသို့ ပြောင်းရွှေ့ခဲ့ရသည့် မိခင်အတွက် အငယ်ဆုံး ကလေးဖြစ်သည့် ကျွန်တော့်ကို ထိန်းကျောင်းဖို့ဆိုသည်မှာ မကြီးနှင့် မငယ်တို့တာဝန်ဖြစ်လာခဲ့သည်။ လူကြီးတစ်ယောက်၏ လက်ထဲတွင် အငြိမ်မနေပဲ တွန့်လိမ်အော်ဟစ်တတ်ခဲ့သည်မှာ ကျွန်တော်မမှတ်မိနိုင်တော့သည့် ကျွန်တော့်သမိုင်းဖြစ်ခဲ့သည်။  သွားရည်တမြားမြားနှင့် ချီသမျှ လူတို့ ပေကျံခဲ့ရသည်။  တခါတရံ အမတို့အပေါ်မှာ သေးပေါက်ချသည်။ စိုသွားသော ဘောင်းဘီတို့ကို လဲပေးနေစဉ်မှာပဲ “ပစ်” ကနဲ အီးပါချတတ်သည်။ တကြိမ်ကဆိုလျှင် အားမာန်ပါပါ ပါချလိုက်သည့် အီးတို့ လွင့်စင်သွားကာ အမကြီးမျက်နှာ တစ်ခုလုံး ပေကျံခဲ့ရသည်။ ကျွန်တော်၏ အနွံအတာကို သူတို့ တကယ်ပဲ ခံခဲ့ရပါသည်။ သူတို့သည် ကျွန်တော်၏ အရေးကြီးသော မိန်းမသားများပင်ဖြစ်ခဲ့သည်။  ငယ်ငယ်က ရွာတကာလိုက်နေခဲ့စဉ် ဆိုးသွမ်းသည့်လူမိုက်ကြီးတစ်ဦးဖြစ်ခဲ့သည့် ကျွန်တော့်ကို အမေထိန်းကျောင်းရသည်မှာ အင်မတန် လက်ပေါက်ကပ်သည်ဟု ဆိုသည်။ တုတ်တစ်ချောင်း အမြဲဆောင်ထားရသည်။ သူငယ်ချင်းအပေါင်းအသင်း များအပေါ်တွင်လည်း အင်မတန် အနိုင်ယူတတ်သည့်အတွက် ကျွန်တော့်ကြောင့် ငိုသွားရသော သူငယ်ချင်းတို့ အင်မတန်များသည်။ ချော့တဖန် ခြောက်တလှည့် ဆုံးမပေမယ့် ဘယ်လိုမှ မရသော ကျွန်တော်၊ ကျွန်တော့်ဘာသာ ပြောင်းလဲသွားတာကိုလည်း အမေအလွန်အံ့သြနေဆဲပင်ဖြစ်သည်။

မိခင်နှင့် အမနှစ်ယောက်တို့ကို ချစ်လည်းချစ်သည်။ ရိုလည်း ရိုသေသည်။ ဆိုးလည်း ဆိုးခဲ့သည်။ ပေလည်း ပေခဲ့သည်။ ကျွန်တော့်ဆိုးသွမ်းမှုကို အမနှစ်ယောက်ခံခဲ့ရသည်ကို တွေးမိတိုင်း ရယ်ချင်မိသည်။ ကျွန်တော် သူငယ်တန်းတက်တုန်းက အပေါင်းအသင်းတွေ အတန်းနားတိုင်း သေးပေါက်လေ့ရှိသည်။ သေးပေါက်တိုင်း သေးပေါက်ပြိုင်တတ်သည်။ ဘယ်လောက်ဝေးဝေးပြေးသလဲတို့ ဘယ်သူ များများပေါက်သလဲတို့ စသဖြင့် ပြိုင်တတ်သည်။ သေးပေါက်ပြီးပြီးချင်း ဘယ်သူ အတန်းထဲကို အရင်ရောက်မလဲလို့လဲ ပြိုင်သည်။ ထို့ကြောင့် အနိုင်ယူချင်စောနှင့် ရေများများသောက်သည်။ သေးများများပေါက်သည်။ ပြီး အမြန်အမြန် အတန်းထဲသို့ ပြန်ပြေးသည်။ ထိုအခါ ကျွန်တော့်ငယ်ပါ(.....) ကို ဇစ်နှင့် ညှပ်မိတော့သည်။ ဇစ်ကို ပြန်ဖြုတ်လို့လည်း မရ၊ ဖယ်လို့လည်း မရတဲ့အဆုံး ကျွန်တော်ထငိုပါတော့သည်။  အမရောက်လာပြီး ဖြုတ်သည်။ ကြိုးစားဖြုတ်သည်။ ကျွန်တော်နာမှာလည်း စိုးသည်။ သူအတော် ချွေးပြန်သွားသည်ထင်သည်။ အိမ်မှာလည်း ခဏခဏ ညှပ်သည်။ နောက်တော့လည်း မညှပ်အောင် ကြိုးစားရင်း အခုထိ မညှပ်တော့ပါ..း))။ သူတို့သည် ကျွန်တော်၏ အရေးပါဆုံးသော မိန်းမသားသုံးဦးပင် ဖြစ်ပေတော့သည်။

ကျွန်တော်သည် ဆရာမများကို ပုံမှန်ဆက်ဆံတတ်သူ မဟုတ်ပါ။ ကျွန်တော့်နည်း ကျွန်တော့်ဟန်နှင့် ဆက်ဆံသည်။ ချွဲလည်း ချွဲသည်။ ဆိုးလည်း ဆိုးသည်။ အနိုင်လည်း ကျင့်သည်။ ချစ်လည်း ချစ်သည်။ ထို့ကြောင့် ၅ ယောက်တွင် တစ်ယောက်သော ဆရာမက ကျွန်တော့်ကို အင်မတန်ချစ်ပါသည်။ ကျန်သော လေးယောက်က ကျွန်တော့်ကို မုန်းချင်မုန်းပေ့စေ ဂရုတောင် မစိုက်တော့ပါ။ ဘယ်လိုပဲ ပြောပြော ဟိုးငယ်စဉ်သူငယ်တန်းကတည်းက ဘွဲ့ရတဲ့အထိ ကျွန်တော်ချစ်သော ကျွန်တော်ကလည်း ချစ်သော ထိုထို ဆရာမတို့သည် ကျွန်တော့်ဘ၀၏ အထိအတွေ့အများဆုံးသော မိန်းမသားများပင် ဖြစ်ခဲ့ပါတော့သည်။

ကဲ.. ဆယ်ကျော်သက်ဘ၀ရောက်တော့ သစ်ရွက်ကလေး လှုပ်တာတောင် ရယ်ချင်တာပေါ့။ ကျွန်တော်လည်း ရယ်ပါသည်။ ရယ်တာမှ တဟားဟားနှင့်ကို ရယ်ပါသည်။ သူမကို ချစ်ခဲ့စဉ်က တလောကလုံး သာယာလွန်းသည် ဟုထင်ခဲ့ပါသည်။ သူမနှင့် ကွဲကွာစဉ်ကလည်း တလောကလုံးမှာ နေစရာမရှိတော့သလို ခံစားခဲ့ရပါသည်။ သို့ပေမယ့် သူမကို ကျွန်တော် အလွန်ကျေးဇူးတင်ပါသည်။ ကျွန်တော့်ကို အတွေ့အကြုံကောင်းကောင်း သင်ပေးခဲ့သည်။ အချစ် သင်ခန်းစာတွေ သင်ပေးခဲ့သည်။ လူတစ်ယောက်နှင့် တစ်ယောက်ကြားက အချစ်ဆိုသည့် ရှုပ်ထွေးသည့် အမျှင်တွေကို နားလည်တတ်လာအောင် လုပ်ပေးခဲ့သည်။ မိုးမမြင် လေမမြင်သည့် အချစ်က တချိန်ချိန်မှာ အဆုံးသတ်တတ်ပါလားဆိုသည်ကိုလည်း အသိပေးခဲ့သည်။ ကျေးဇူးတင်ပါသည်။ ကျွန်တော့်အတွက် တကယ့်ကို အတွေ့အကြုံကောင်းတစ်ခုပင် ဖြစ်ခဲ့ပါသည်။

ဘာပဲဆိုဆို ထိုမိန်းမသားတို့သည် ကျွန်တော့်ဘ၀ထဲမှာ ၀င်ရောက်ကပြခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ အနာဂတ်တလျှောက်လုံးမှာ ဘယ်လို မိန်းမသားတွေနဲ့ ကပြရဦးမယ်ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိနိုင်ပါ။