စာမျက်နှာ နှစ်ရွက်

စာမျက်နှာ ၁
မီးဖိုချောင်ထဲမှ အသံဗလံကြားလိုက်ရသဖြင့် ငတိုးလန့်နိုးလာသည်။ မျက်လုံးကို ပွတ်သပ်ပြီး မီးဖိုဖက် လှမ်းကြည့်လိုက်တော့ ဖယောင်းတိုင်မီးယောင်ကို မြင်လိုက်ရသည်။ ကျဉ်းမြောင်းလှသည့် အိမ်လေးမို့ အိပ်ရာပေါ်မှနေ တကုတ်ကုတ်နှင့် အလုပ်လုပ်နေသော အမေ့ကို မြင်လိုက်ရတော့ စိတ်တိုသွားသည်။ ငတိုး အမြန် ကုန်းရုန်းထလိုက်ရင်း

`ဟဲ့.. အငယ်မ၊ မိစိုး.. ထတော့..။ လာ အမေ့ကို ထကူ..။ ပြီးမှ ဆက်အိပ်...။ အမေတို့ကလည်းဗျာ...။ အမြဲတမ်း ပြောတယ်...။ အိပ်ရာထရင် ကျွန်တော့်အမြဲနှိုးပါဆိုတာကို...။ အခုကြည့် တစ်ယောက်တည်း လုပ်နေတယ်... ပေးပေး... `

`ငတိုးရယ်..။ မျက်ချေးဟောက်ပက်နဲ့..။ သွားမျက်နှာသစ်ချေဦး...။ အစောကြီးရှိသေးတယ်.. သားရယ်...။ အမေက ငါ့သားတွေ သမီးတွေ ပင်ပန်းမှာစိုးလို့ပါ...။ ဒီအလုပ်တွေက အမေအမြဲလုပ်နေကြပဲဟာ...။`
အဲလိုပဲ...။ အမြဲ ခပ်ပြုံးပြုံး ပြောတတ်တဲ့ အမေ့ကို ငတိုးမကျေနပ်...။ ဒီလောကထဲမှာ ဒီအမေရယ်၊ ဒီသားရယ်၊ ဒီသမီးရယ်..။ ဒါပဲရှိတဲ့ဟာကို..။ လုပ်တော့ အတူတူ စားတော့ အတူတူပေါ့...။ ဘယ့်နှယ်...။ ငတိုးက လူပျိုဖော်ဝင်စလေး..၊ မိစိုးကလည်း ဆယ်နှစ်ကျော်ပြီဆိုတော့ ဘာပဲလုပ်လုပ် နှစ်ယောက်လုံးကို ခိုင်းစေချင်သည်။ ဥစ္စာဓနကြွယ်ဝနေလို့ဆို တစ်မျိုး..။ အခုဟာက မနက်အစောကြီးထ ပဲပြုတ်ထွက်ရောင်းဖို့ ပဲပြုတ်အိုးတည်။ ဟော.. အဲဒီက ပြန်လာရင် ချက်ဟယ် ပြုတ်ဟယ်...။ ဒါနဲ့လား မပြီးသေးပါဘူး..။ နေ့လည်နေ့ခင်းဆို အမေက ရာသီစာထွက်ရောင်းရင်ရောင်း၊ အရောင်းပါးရင် အ၀တ်လိုက်လျှော်ရင်လျှော်...။ ဒီလောက် အလုပ်တွေ ဇယ်ဆက်ပြီး လုပ်နေရတဲ့ အမေ့ကို ကူချင်တာ ငတိုးအမှားလား...။

အမေ့ပဲပြုတ်တောင် ရတော့မည်။ အမေ့ကို အခုထိ စိတ်ဆိုးမပြေပဲ ငတိုး မျက်စောင်းလှမ်းထိုးတော့ အမေက ပြုံးပြီး ကလိလှမ်းထိုးသည်။ အမေက လှမ်းစတော့ ငတိုးက ပြုံးတုံ့တုံ့ဖြင့် ဆန်ထဆေးသည်။

`ဟင်း.. သမီးကျတော့ ပစ်ထားတယ်..။ သူတို့ပဲ ကျီစယ်နေ... `

စွာတာတာအသံလေးဖြင့် ၀င်လာသူကတော့ မိစိုး..။ ဒီလိုပါပဲ..။ ငတိုးတို့အိမ်မှာ အဖေမရှိတော့ဘူးဆိုပေမယ့် အားလုံးက ပျော်ပျော်ရွှင်ရွှင်ပဲနေကြသည်။ မနက်ဆို အမေ့ကို ပဲပြုတ်ထကူလုပ်ပေး။ ထမင်းဟင်း တတ်နိုင်သလောက် ကူချက်ပေး...။ မိုးလေးလင်းလာတာနဲ့ မောင်နှမနှစ်ယောက် အပြိုင်စာအော်ကျက်..။ အမေပဲပြုတ်ရောင်းပြန်လာရင် မိသားစု အတူတူထမင်းလေးစားကြ...။ မောင်နှမနှစ်ယောက်လုံးက စာတော်တော့ အောင်စာရင်းထွက်တိုင်း အမေ့မျက်နှာ တပြုံးပြုံး...။ ငတိုးရော... မိစိုးရော..။ နောင်တစ်နေ့မှာ အမေ့ကို တိုက်ကြီးတာကြီးနဲ့ ခမ်းခမ်းနားနားကြီး ထားမယ်ဆိုတဲ့ စိတ်ကူးတွေ ကိုယ်စီနဲ့ပေါ့....။

စာမျက်နှာ ၂

`ဟဲ့... သားငယ်လေး...။ မထသေးဘူးလား...။ ခုနှစ်နာရီခွဲနေပြီ...။ ဆယ်တန်းနော်.. ဘာမှတ်နေလဲ.. ထ...ထ`

အသံစီစီဖြင့် လှမ်းအော်ကာ နှိုးနေရသူက ဒေါ်သွယ်သွယ်..။ သားလေးတစ်ယောက်တည်း မွေးထားရလို့သာပေါ့...။ ဒီတစ်ယောက်တည်းနဲ့တင် လုံလောက်ပါပြီ...။ နှစ်ယောက်ဆိုရင်တော့ အသက်ပါထွက်လောက်မယ် ထင်ပါရဲ့...။ အခုဒီလောက်အသံနဲ့ နှိုးနေတာတောင် သားတော်မောင်က တုတ်တုတ်မျှ မလှုပ်...။ ဟောက်သံလေးပင် ညင်ညင်လေးထွက်နေလေသည်။ ကောင်းလေစွ...။ `ဟင်း` ကနဲ သက်ပြင်းချရင်း ဒေါ်သွယ်သွယ် အိမ်အောက်သို့ ပြန်ဆင်းသွားခဲ့သည်။

`အေးလေ...။ ညဘက်ကလည်း အိမ်ခေါ်ထားတဲ့ ဂိုဒ်က ည ဆယ့်နှစ်ကျော်တဲ့အထိ စာကျက်ခိုင်းတော့လည်း ပင်ပန်းရှာမှာပေါ့...။ နောက်နာရီဝက်လောက်မှပဲ ထပ်နှိုးတော့မယ်လေ.. ` လို့ နှလုံးပြုမိရင်း ဒေါ်သွယ်သွယ် မီးဖိုထဲမှာ အိမ်ဖော်မလေးကို ပြန်အမိန့်ပေးနေမိသည်။ ဟိုဟာ သည်ဟာသာ ခိုင်းနေရသည်။ စိတ်ထဲက မဖြောင့်...။ ဒီလို အရေးကြီးတဲ့ ဆယ်တန်းစာမေးပွဲကို သားငယ်လေး ကောင်းကောင်းမှ အောင်ပ့ါမလား...။ မိဘအနေနဲ့တော့ အတတ်နိုင်ဆုံး ပံ့ပိုးပေးထားသည်။ ကျူရှင်ဆိုလည်း နာမည်ကြီး ထိပ်သီးဝိုင်းမှာပဲ ထားသည်။ အိမ်မှာ ဂိုဒ်ကလည်း နှစ်ယောက်ခေါ်ထားသည်။

ဆယ်တန်းက ရိုးရိုးအောင်လို့မဖြစ်...။ မောင်နှမသားချင်းမရှိပဲ တစ်ယောက်တည်းပဲ မွေးထားမိလို့လည်း ပိုစိတ်ပူသည်။ အဖေရော အမေပါမရှိတော့ရင် လောကအလယ်မှာ တင့်တင့်တယ်တယ်နေနိုင်ဖို့ ပညာအမွေပေးမှ တန်ကာကျမည်လေ...။ ဒါကို ကလေးက နားမလည်ဘူး...။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်မှ ဆေးကျောင်းတက်ချင်တက်၊ နိုင်ငံခြားမှာ တက်ချင်တက်...။ ဒီလိုနဲ့ပဲ ဘွဲ့ရ၊ အလုပ်အကိုင် အဆင်ပြေပြီဆိုမှပဲ အသက်ရှူချောင်မှာပေါ့...။ အဖေလုပ်သူကလည်း ဒါတွေမသိ။ ပိုက်ဆံရှာပြီးရောများ ထင်နေလားမသိ..။ အားလုံး အမေပဲ...။

အခုလည်း ဂိုဒ်ရဲ့ ဆူသံ၊ မာန်သံတွေက နေ့တိုင်းကြားနေရတော့ ဒေါ်သွယ်သွယ့်ရင်မှာ ပိုပူလာသည်။ တော်သေးတာပေါ့...။ ခေါ်ထားသည့် ဂိုဒ်တွေက ရင့်ကျက်မှုတွေအပြည့်နဲ့မို့ပေါ့....။ သူတို့နဲ့ ဆွေးနွေးတိုင်ပင်ရတာလည်း ဖတ်ဖတ်ကို မောလို့...။ ဆယ်တန်းကို ဖြစ်သလို အောင်၊ ဘွဲ့ တစ်ခုကို ဖြစ်သလိုရဆိုလျှင် သေတဲ့အထိ ဒုက္ခလာပေးမှာ...။ တွေးရင်းတွေးရင်းနဲ့ အိမ်ဖော်မလေးကို ဘာတွေပြောမိကုန်သည်မသိ....။

`ဟဲ့.... ၀သန်ဦး... နင်မထသေးဘူးလား..။ နေဖင်ထိုးအောင်အိပ်..။ စာမေးပွဲက ဖင်ထဲရောက်တော့မယ်...။ မအေလုပ်တဲ့သူက ပူရပင်ရ..။ ကာယံကံရှင်ကတော့ အေးအေးလူလူပဲ...။ အေး.. ကောင်းတယ်.. သိလား...။ ငါပဲ ၀င်ဖြေလိုက်ချင်တော့တယ်.. အဲဒီစာမေးပွဲကို... `

ဒီအသံကတော့ ဒီလိုအချိန်ဆို ဒီလို ဒီဂရီအထိ တက်လာနေကျ ဒေါ်သွယ်သွယ့်အသံပေါ့....။ တဖက်သို့လှည့်ကာ ပြန်တောင်အိပ်နေသော သားတော်မောင်ကို စိတ်တိုစွာ ဖျန်းကနဲ ဖင်ကို ရိုက်ထည့်လိုက်သည်။

`ထစမ်း...။ ဟဲ့...။ နင့်အဖေ လမ်းလျှောက်ပြန်လာတော့မယ်.. ထတော့... `

အဖေဆိုတဲ့ အသံကြားမှ အညောင်းလေးဆန့်ကာ လွန့်လူးလာသည်။ လူပျင်းကြီးတစ်ယောက်လို အကြောဆံ့ပြီးမှ ရေချိုးခန်းကို ထထွက်သွားလေသည်။ အိပ်ချင်မူးတူး ယိုင်တိုင်တိုင်နှင့် ထွက်သွားသော သားရဲ့ ကျောပြင်ကိုကြည့်ရင်း ဒေါ်သွယ်သွယ် သက်ပြင်းတိုးတိုးလေး တစ်ခုသာ ချလိုက်နိုင်သည်။

Print

14 ယောက်က မှတ်ချက်ပြုသွားသည်။:

မေပယ်လ် said...

စာမျက်နှာတွေ နောက်ထပ်လှန်ကြည့်ချင်သေးပါရဲ့
အတွဲလိုက်လာမှာလား
စောင့်ဖတ်နေတယ်နော်

blackroze said...

လူတန်းစားနှစ်ခုကိုနှိုင်းယှဉ်ပြသွားပုံလေးက
ပညာသားပါလိုက်တာ....
ပြီးပြည့်စုံတဲ့လူရယ်လို့မရှိပါဘူးလေ...
တခုမဟုတ်တခုလိုနေတာကြီးပါဘဲ

ကိုဇော် said...

လာဖတ်သွားတယ် နေဝသန်ရေ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကံအကျိုးပေးမကောင်းတဲ့သူတွေက လုံးလ၀ီရိယ ပိုကောင်းကြတယ် ဒါကြောင့်လည်း ပိုကြိုးစားတယ်
အောင်မြင်မှုတွေ ရကြတယ်
ကံကောင်းသူတွေကျတော့ အပျင်းထူပြီး ၀ီရိယနည်းတော့ အောင်မြင်မှုက ဝေးသွားတတ်တယ်.. ကံလဲကောင်း ၀ီရိယလဲကောင်းရင်တော့ အတိုင်းထက်အလွန်ပေါ့

flowerpoem said...

စာမျက်နှာတွေ လာဖတ်ပါတယ်...

chindwinthu said...

ဘ၀ စာမျက်နှာလေးတွေကို လာဖတ်သွားတယ်နော်။

အဖြူရောင်နတ်သမီး said...

အဲဒါပါပဲ....
မမျှတတဲ့လောကကြီး...
မတရားတဲ့ လောကကြီး...
ဒါမှမဟုတ်..
ရှိလို့..မသိတတ်ကြတာလား...
မရှိလို့..သိတတ်ကြတာလား...
အတွေးများစွာဖြင့်..

မြစ်ကျိုးအင်း said...

ဖတ်သွားတယ် ညီရေ...။
များများရေးလေ လက်ရည်တက်လေပါ
အတွေးကောင်း အရေးကောင်းလေးတွေ စောင့်မျှော် ပါတယ်။

ပန်းနုနှင်းဆီ said...

မတူညီတဲ့ ဘ၀၂ခုရဲ့ အခြေအနေကို နှိုင်းယှဉ်ပြသွားတာ အရေးကောင်းတာမို့ ဖတ်လို့ကောင်းလိုက်တာ
သင်ခန်းစာကောင်းလေးပေးလိုက်သလိုပါဘဲ..
မရှိပေမဲ့ ရိုးသားပြီး ကြိုးစားမယ်ဆိုရင် အောင်မြင်မှု မရစရာ မရှိပါဘူးနော်..

Anonymous said...

စိတ်တက်ကြွစေတာပဲဗျာ
ကျေးဇူးး

မောင်ဘကြိုင်

အင်ကြင်းသန့် said...

အသိစိတ်ဓါတ်ရှိပုံနဲ့ မရှိပုံကွာခြားကြခြင်းဟာ အသက်အရွယ်နဲ့မဆိုင်ဘူးနော်....လိမ်မာတဲ့သူက လိမ်ကိုလိမ်မာတာပါ....

Dream said...

း(


ကိုရီးယား ကားကျနေတာပဲ။
တမျက်နှာ ကလဲ ၂ရွက်ပဲ.... ရဘူးနော်...ဆက်ရေးး...
တခြားစာမျက်နှာတွေလဲ
ဖတ်ချင်သေးတယ်။

အရေးအသားက တော်တော်ဆွဲံဆောင်တယ်။း))

eiwailay86 said...

ဘဝနှစ်ခုကို စာနှစ်မျက်နှာနဲ့ ဖော်သွားတာ အရမ်းကောင်းတယ်
ဒါပေမဲ့ ဖတ်ရတာ အားမရဘူး
အားပေးနေတယ်နော်

မေသိမ့်သိမ့်ကျော် said...

မတူညီတဲ့ ဘဝနှစ်ခုကို နှိုင်းယှဉ်ပြသွားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အတွေးကောင်း အရေးကောင်းလေးပဲနော်။ အမြဲအားပေးနေပါ့မယ်။


ခင်မင်လေးစားလျက်