လက်ထဲက ဒိုင်ယာရီထဲမှာ ကဗျာတစ်ပုဒ် ချရေးကြည့်သည်....
သည်းဦးပန်း
မငြိုးနွမ်းမယ့်
သည်းဦးပန်းလေးမို့..
မောင့်ရင်ထဲမှာ..
ထာဝရ ပန်ထားချင်တယ်...
အချစ်နဲ့စစ်မှာ
မတရားတာ မရှိဘူးဆိုပေမယ့်
မင်းအချစ်ရဖို့..
မောင်တိုက်စစ်မဆင်ပါဘူး....
ကောင်းကင်ထက်က
လမင်းလေးလိုပဲ
မင်းလေးကို မောင်..
မော့ကြည့်ခွင့်လေးရရင်..
မောင်ကျေနပ်ပါပြီကွယ်...
အချိန်က ညစာကျက်ချိန်ပါ။ ၈ နာရီလောက်ပေါ့။ နေရာကတော့ နယ်မြို့ကလေးက အိမ်လေးမှာပါ။ အချိန်ကတော့ ကျွန်တော် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသားတုန်းကပါ။
စာကျက်ရင်းနဲ့ ရင်ထဲမှာ ဆွေးမြေ့လာတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြို့ကလေးမှာ ဘာသံမှ မကြားရပဲနဲ့ ကျွန်တော့်စာကျက်သံလေးပဲ တိုးတိုးထွက်လာတော့ ရင်ထဲမှာ တမျိုးပဲ။ တခါတခါ အဝေးက ဆွဲငင် အူလိုက်တဲ့ ခွေးဟောင်သံတွေက ထွက်လာလိုက် တိတ်သွားလိုက်ပေါ့။ အိပ်ခန်းသုံးခန်း၊ ဧည့်ခန်း၊ ဘုရားခန်း၊ ကျယ်ဝန်းတဲ့ မီးဖိုချောင်တွေပေါင်းထားတဲ့ ဒီအိမ်လေးမှာ ကျွန်တော်တစ်ယောက်တည်းပါ။ လျှပ်စစ်မီးလာပေမယ့် မီးအားတအားနည်းလို့ မီးချောင်းတောင် မထွန်းနိုင်ပါဘူး။ ဘက်ထရီမီးလေးကို အားကိုးရင်းနဲ့ပဲ ကျွန်တော် စာကျက်ဖို့ ကြိုးစားနေမိပါသည်။
မျက်လုံးက ကုတင်ပေါ်မှာ တင်ထားတဲ့ သိုင်းဝတ္ထုဆီကို ခဏခဏရောက်နေပေမယ့် မနက်ဖြန်မှာ ဆိုရမယ့် စာရှိနေတော့ မရမချင်း ကျက်ရဦးမယ်လေ။ အိမ်အပြင်မှာ ပတ်ပြေးနေတဲ့ ကျွန်တော့်ခွေးလေး နီတိုးအသံကို ကြားလိုက်မိတော့ စိတ်ထဲ တကယ်ပဲ လုံခြုံသွားသည်။ ဓါတ်မီးလေးကို ထိုးပြီး မီးဖိုချောင်ထဲကို ထွက်ခဲ့မိသည်။ ကွေကာအုပ်တစ်ထုပ်ဖျော်လိုက်သည်။ မှောင်မည်းတိတ်ဆိတ်နေသော ဒီအိမ်ထဲမှာ ကျွန်တော်တစ်ယောက်တည်းသာ သက်ရှိ အဖြစ် နေထိုင်နေသည်။
ညဘက် မိုးချုပ်စပြုတာနဲ့ အိမ်တံခါးတွေကို အလုံပိတ်ရသည်။ ကျွန်တော့်အိမ်က အစွန်ဆုံး။ ကျယ်ဝန်းသော ခြံဝင်းထဲမှာ မခုတ်ထစ်ရသေးသည့် မြက်ကိုင်းတို့က ရှည်လာသည့်အတွက် ဘယ်လို ရန်သူပုန်းအောင်းနေမယ် ဆိုတာ မသိနိုင်ဘူးလေ။ ဒါနဲ့ပဲ တံခါးတွေ ပြူတင်းပေါက်တွေကို ပိတ်တိုင်း အထက်အောက် အသေအချာ စစ်ပိတ်ရသည်။ အိမ်သာက အိမ်နောက်ဖေး ကိုက်တစ်ရာ အကွာမှာ ရှိသည်။ ထိုအိမ်သာဘေးမှာ ငါးကန်နှစ်ကန်။ ထိုအိမ်သာနောက်မှာ အုပ်မှိုင်းစိမ်းစိုသော ပိန္နဲပင်။ အမှန်အတိုင်း ၀န်ခံရလျှင် ဒီလို အခြေအနေမှာ ညဘက် အပြင်ဘက်ကို အိမ်သာမသွားရဲပါ။ သရဲကိုကြောက်လို့မဟုတ်ပဲ မမြင်ရသည့် အမှောင်ရိပ်ကို ကျွန်တော်စိုးရွံ့သည်။ ဒါကြောင့် ညမိုးချုပ်ခါနီးတိုင်း ရေအိုး၊ သေးအိုး အစုံ ကျွန်တော့်အခန်းမှာ ချထားရသည်။
ကျွန်တော် တခါတခါ အိပ်မက်ယောင်တတ်သည်။ တခါက အိပ်နေရင်းနှင့် ကုတင်ထက်မှ ကျွန်တော်ထသည်။ စိတ်ကလည်း သိနေသည်။ အဲဒီနောက် သေးပေါက်သည်။ အောက်ပိုင်းတစ်ခုလုံး စိုရွှဲသွားအောင် သေးပေါက်သည်။ ဒါကိုလည်း သိသည်။ အဲဒီနောက် ရေချိုးခန်းသွားပြီး အောက်ပိုင်းတစ်ခုလုံး ဆေးကြောကာ ဘောင်းဘီအသစ်လဲသည်။ အဲဒီနောက် အိပ်ရာထဲပြန်ဝင်သည်။ အဲဒီနောက် ကျွန်တော် အိပ်ပျော်သွားသည်။ မနက်မိုးလင်းလာတော့ ကျွန်တော်တခုမှ မမှတ်မိပါ။ တခါတလေ စဉ်းစားမိသည်။ တစ်ယောက်တည်းနေရတဲ့ ဘ၀မှာ ညည အိပ်မက်ဆိုးတွေမက်လို့ ယောင်တာတောင်မှ ဘယ်သူမှ မသိပါလားလို့ပေါ့။ တခါတလေ ၀မ်းနည်းလွန်းလို့ မျက်ရည်တွေ ကျမိသည်။ ဖေးမမယ့်သူ ဘေးမှာ မရှိတော့လည်း ကိုယ့်ဟာကိုယ်ပဲ ဖေးမတတ်အောင် ကြိုးစားခဲ့သည်။ ဒီလိုနဲ့ပဲ ကျွန်တော်အားအင်တွေ ပြည့်ဝခဲ့သည်။
လက်ထဲက ကဗျာလေးကို ပြန်ဖတ်မိသည်။ စာလည်းရပြီမို့ စာအုပ်ကို ပိတ်ပြီး ကုတင်ထက်မှာ လှဲလျောင်းနေမိသည်။ အပြင်မှာ နီတိုးလေး ပြေးလွှားဆော့ကစားနေဆဲ။ ညကလည်း တဖြည်းဖြည်း မှောင်မိုက် သိပ်သည်းလာဆဲ...။ ကျွန်တော်လည်း မကြာခင်မှာ သိုင်းဝတ္ထုထဲမှာ နစ်မြောသွားတော့မည် ဖြစ်သည်။


15 ယောက်က မှတ်ချက်ပြုသွားသည်။:
အသက် ငယ်ငယ်ရွယ်ရွယ် ကတည်းက
ဒီလို ကဗျာ မျိုး လည်း
ခံစားတတ်နေတာ ကိုးးးး..
ငါတို့ တော့ အဲ့အရွယ်
ထုတ်စည်း တိုး လို့ကောင်းတုန်း ၊
ကုလားမ စည်း နင်းလို့ ကောင်းတုန်းး၊
အဲ့ဒါတွေ
ဘယ်နားနေမှန်းတောင် မသိ ...၊
ကဲကဲ
အနံ့ အသက် မကောင်းလို့
စကားမရှည်တော့ဘူးး..
မြန်မြန် ပြန်တော့မယ်...
အဲ ငယ်၂ကတည်းက အိပ်ရာပေါ်မှာ . . . တွေပေါက်ချတယ် ရှက်ဘူးလားလို့:)
အော် -ီး တင် ဆရာ မဟုတ်ပါ့ကလား..ေ-း မှာလည်း ဆရာ ပါ့လားဟ.
ခင်မင်လျှက်
ကဗျာရောစကားပြေရောအရေးကောင်းတယ်
အဲဒီအရွယ်ကတည်းက ကဗျာလေးတွေ ရေးတတ်တာပေါ့။ ကဗျာလေးက ခေါင်းစဉ်ပေးထားတာလေး အရမ်းကောင်းတယ်။ အိပ်ရင် ယောင်တာကလည်း အဆန်းပဲနော် မောင်လေး။ တော်သေးတယ် တခါတည်း မျောပါသွားတယ်လို့ မမက်လို့နော်။း))
ခင်မင်လေးစားလျှက်
၁၄ နှစ်သားလေးတုန်းကတောင် ဒီလောက်ကောင်းကောင်းကဗျာရေးနိုင်တယ် တော်တယ်
မောင်လေး ကဗျာခေါင်းစဉ်ကော စာသားကော အကုန်ကောင်းပါ၏။
၁၄ နှစ်ထိ အိပ်ယာထဲစိုရွှဲအောင်ပေါက်တယ်ပေါ့ 
ခွိခွိ.............................................. ရှက်ရှက်
ဘေးနားမှာ ခွေးတို့ ကြောင်တို့ ရှိတာ အရမ်းအားရှိတာ မှန်တယ် မောင်လေးရေ ကြုံဖူးပေမဲ့ မောင်လေးလို တော့  ရွှဲတာဟုတ်ဖူးနော် ကြောက်တာတစ်ခုပဲ
သာယာချမ်းမြေ့ပါစေနော်
မိုး
အိပ်မက်ဆို မက်တဲ့ညတွေ ကုန်ဆုံးလွန်မြောက်ပါစေ ဗျာ...
ကဗျာက ရေးတတ်လိုက်တာ
သေးက လဲ ပေါက်တတ်လိုက်တာနော်..
အဟဲဟဲ...
(ပြန်တော့မယ် ဆိုလို့ လာနှုတ်ဆက်တာပါ။ အခုပဲ မကြီးဝါဆီမှာ တွေ့လိုက်လို့လေ။)
းဝ)
ညီဂျပန်လေးရေ..
အစ်ကိုလည်း.....နေမကောင်းတာနဲ့ရော....၊ နေကောင်းပြီးတော့.စာကြွေးတွေရှင်း....၊ အလုပ်ကြွေးတွေရှင်းရင်းးး အခုမှ ရောက်တော့တယ်....။
အခုထက်ထိ...အိပ်ယာထဲမှာကော ချူချူးတွေပေါက်သေးလားဟ.......း))
(အစ်မ၀ါရဲ့ အိမ်လေးမှာ ညီလေးကိုတွေ့လိုက်တယ်....။ လူချောလေးပဲဟ........း))
ခင်မင်တဲ့
ဏီလင်းညို
ကောင်လေးရေ..မတွေ့တာတောင်ကြာပြီနော့..
လာရောက်ခံစားသွားပါတယ်။
ပန်ပန်က မထင်ရဘူးနော် ... ငယ်ငယ်ကထဲက ကဗျာပိုးရှိတယ်.. ဒါတောင် ကဗျာ မရေးတတ်ဘူး ဘာလေးနဲ့ ...း)
အလည်လာပါကြောင်း
ဟေ
၁၄ နှစ်တုန်းက ဘာလို့ တယောက်တည်းဖြစ်နေတာတုန်း ..
ယောင်တာလည်း အဆန်းနော်
ကြားဘူးပါတယ် အိပ်ရာထဲ အိပ်မက်မက်ပြီး ရှူးရှူးတွေ ပေါက်ချတာမျိုး
ဘောင်းဘီပါ လဲတယ်တော့ မကြားဘူးဘူး .. :D
ညီလေးပျောက်နေတယ်.......သတိရလို့လာခဲ့တာ.....။
အိမ်ပြန်သွားတာလားညီလေး........း))
ခင်မင်တဲ့
ဏီလင်းညို
ဟုတ်ပါ့  မောင်လေးစာလေးတွေ တရားသဘောတွေလည်းတွေ့ ရ ရယ်လည်းရယ်ရလို့ အသစ်မတင်သေးဖုးလားလာလာပြီးချောင်းချောင်းသွားရတာလည်းမောပြီ နေများမကောင်းတာလား အလုပ်ရှုပ်နေတာလား အရှုပ်တွေလုပ်နေတာလား အဲမှားလို့ ကဲပါ ကျမ်းမာလို့ စာရေးဖို့ အချိန်များများရပါစေနော်
Post a Comment