ရှေးထုံးများနဲ့ ကျွန်တော်


မြန်မာလူမျိုးတွေမှာ ဆိုရိုးစကားတွေဟာ အရမ်းကို အရေးပါလွန်းပါတယ်။ ဆိုပါစို့ “ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မကြွယ်နဲ့” ဆိုတဲ့ ဆိုရိုးစကားတစ်ခုထဲနဲ့ကို ချုပ်ထားတော့ ဘာလုပ်လုပ် ဒီစကားကို ကြားယောင်ပြီးတော့ ဆိုရိုးတွေနဲ့ ရိုးရာယုံကြည်မှုတွေဟာ ခေါင်းထဲကို ကန့်လန့်ကန့်လန့် ၀င်ရောက်လာတတ် တာပါပဲ။ တချို့တချို့သော စကားတွေဟာ ကျွန်တော်တို့ဘ၀မှာအင်မတန် အရေးပါတယ်ဆိုပေမယ့် တချို့စကားတွေကျတော့လည်း လက်ခံရမလို လက်မခံရသလို အရမ်းခေါင်းစားပါတယ်။ 

ဟိုးငယ်ငယ်ကပေါ့။ အပေါင်းအသင်းတွေနဲ့ ဇယ်တောက်ကစားမယ်ဆိုရင် အရင်ဆုံး မောင်းထုတ်ခံရပါတယ်။ “သွား.. အိမ်မှာ လာမဆော့နဲ့ လာဘ်ပိတ်တယ်” ဆိုတာမျိုးပေါ့။ ဒီတော့ကျလည်း ခေါင်းလေးတွေ ငိုက်စိုက်ငိုက်စိုက်နဲ့ လူကြီးမရှိတဲ့ အိမ်မှာ သွားတောက်ကြတာပေါ့။ တခါတလေ သြဇာစေ့တွေ တောက်ဆော့ကြပါတယ်။ ကျွန်တော်နိုင်လို့ တပြုံးပြုံးနဲ့ အိမ်သယ်သွားရင် လူကြီးမမြင်အောင် ၀ှက်ထားရတယ်။ အိမ်က ဘာမှ မပြောပေမယ့် တချို့အိမ်တွေမှာ အရိုက်တောင်ခံရတယ်လေ။  အသက်နည်းနည်းလေးကြီးလာတော့ သီချင်းတအေးအေး လေတချွန်ချွန်လေးလုပ်မယ်ပြင်ရင် “လေမချွန်ရဘူး... လာဘ်ပိတ်တယ်. ” လာပြန်ပြီ။ ဒီလာဘ်ပိတ်တာ...။ ဘာပဲပြောပြော.. ဒီလို အတားအဆီးတွေကြောင့် လေကို မချွန်တတ်ခဲ့တာ စလုံးရောက်မှ လေချွန်ပြန်ကျင့်တာ အခုဆို အတော်ကို ကျွမ်းနေပေါ့... :P။

ကျွန်တော်ရှစ်တန်းရောက်တော့ ကျောင်းမှာ ဘင်ခရာအသင်းစလုပ်ပါတယ်။ ကျွန်တော်တို့တွေ သင်တန်းတက်ရတယ်ပေါ့။ ဒီဘင်ခရာမှာ ကျွန်တော်ဒရမ်တီးရတော့ ပုလွေမှုတ်သူတွေလောက် ပုလွေမှုတ်မတော်ဘူးပေါ့။ ဒါနဲ့ မဖြစ်သေးပါဘူး။ ကျင့်ဦးမှဆိုပြီးတော့ အိမ်မှာ ပုလွေမှုတ်ကျင့်တော့ အိမ်က အဖိုးက ငေါက်ပါလေရော။ သူနားအေးပါးအေး မနေရဘူးပေါ့လေ။ အဲဒါ နောက်တစ်နေ့ ဂရုမစိုက်ပဲ ဆက်မှုတ်တော့ ဘာနဲ့လည်းမသိဘူး အပေါက်ခံရတာ..။ ကျွန်တော်လည်း စိတ်ဆိုးပြီး အိမ်ဘေးက ၀ါးရုံတောအောက်မှာ သွားမှုတ်တာပေါ့။ နွေဦးအချိန် လေရူးတွေက တသုန်သုန်နဲ့ တရှဲရှဲမြည်နေတဲ့ ၀ါးရုံပင်အောက်မှာ ပုလွေလေးကို မှုတ်ရင်းနဲ့ အားပါး.... ကောင်းလိုက်တာ... တာာ.... တာ...။ အမလေး... မြွေ.. မြွေ... ။ မြွေတစ်ကောင် စိုက်စိုက်မြိုက်မြိုက်ကို ရောက်လာတယ်ဗျာ။ ကျွန်တော်လည်း ကြောက်အားလန့်အားနဲ့ ပြေးတာ နောက် အိမ်မှာ ပုလွေကို မမှုတ်ရဲတော့ပါဘူး။

ခြေသည်းလက်သည်းရှည်လို့ ညှပ်မယ်ဆိုရင် အိမ်ရှေ့မညှပ်ရတာတို့ ညအချိန် မညှပ်ရတာတို့ ပြောပြန်ရော။ ဒါကို အစက ကျွန်တော် ဘ၀င်မကျဘူး။ လက်သည်းညှပ်တာ ဘယ်နေရာညှပ်ညှပ်ပေါ့။ နောက်တော့ စဉ်းစားကြည့်တယ်။ လက်သည်းညှပ်တယ်ဆိုတာ အညစ်အကြေးတွေကို ရှင်းတာမျိုးပေါ့။ ဒီလိုအလုပ်ကို အိမ်ရှေ့ လူမြင်သူမြင်တဲ့နေရာ လုပ်တာ ဘယ်ကောင်းမလဲလို့ပဲ ယူဆလိုက်ပါတယ်။ နောက် ညဘက်ညှပ်ရင် မမြင်မကန်းနဲ့တို လက်အသားနုတွေ ပါမှာစိုးလို့ထင်တယ်လို့ပဲ ယူဆလိုက်တော့ စိတ်ချမ်းသာသွားရော။ 

ကျွန်တော်အသက်နည်းနည်းကြီးလာတော့ စဉ်းစားတတ်လာတယ်။ အိမ်ရှေ့အိမ်က မျက်နှာသစ်၊ သွားတိုက်ရင် အိမ်ရှေ့မှာ အမြဲလုပ်တယ်။ လူကြီးတွေပြောကြတယ်လေ။ အိမ်ရှေ့မှာ မသစ်နဲ့ လာဘ်ပိတ်တယ် ဘာညာပေါ့။ ဒါပေမယ့် ကျွန်တော့်ဦးနှောက်နဲ့ မီသလောက်မြင်တာကတော့ အိမ်ရှေ့မှာ ဒီလိုလုပ်တာ လာဘ်ပိတ်မပိတ်တာတော့ မသိဘူး။ လုံးဝကို အမြင်မသင့်တာကတော အသေအချာပဲ။ သွားတိုက်လို့ထွက်လာတဲ့ တံတွေး အပုပ်အဟောင်တွေကို ကိုယ့်အိမ်ရှေ့မှာ စွန့်ပစ်တာ ဘယ်ကောင်းမလဲဗျာ။ 

တချို့တချို့သော ကိစ္စတွေက မယုံလို့မဖြစ်တာမျိုးလည်းရှိပါတယ်။ ဥပမာ ကျွန်တော့်အိမ်မှာ တံခါးကို ရှေ့ကနေ နောက်အထိ တည့်တည့်လုပ်ထားပါတယ်။ အိမ်ရှေ့ကနေကြည့်ရင် အိမ်နောက်ဖေးအထိ မြင်ရတယ်ပေါ့ဗျာ။ လူကြီးတွေပြောပါတယ်။ ငွေဝင်လွယ်တယ်.. ပြီးတော့ တန်းပြီး ငွေထွက်လွယ်တယ်တဲ့။ ဒါက ကိုယ်ကိုယ်တိုင်ကြုံတော့လည်း ပြန်ပြင်ဆောက်လိုက်ရတယ်ပေါ့လေ။ 

တခါတလေ မေမေက ပြောပါတယ်။ ကိုယ်မယုံကြည်ပေမယ့် ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက်နေရတယ်တဲ့။  ကျွန်တော်ယုံကြည်ကိုးကွယ်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ ဘာသာဝင်စစ်ရိုးမှန်ရင် ဘာအယူမှ မရှိပါဘူး။ အားလုံးဟာ ရုပ်နဲ့ နာမ်ပါပဲ။ ဘယ်အရာမှ မတည်မြဲပါဘူး။ ကျွန်တော့်ဖေဖေဆုံးတုန်းကတော့ မယုံနိုင်လောက်အောင်ကိုပဲ ရိုးရာအယူတွေ များတယ်ဆိုတာကို မြင်လိုက်ရတယ်။ ဖေဖေဆုံးတော့ နယ်မှာဆိုတော့ အိမ်မှာ သုံးရက်လောက်ထားပါတယ်။ အဲဒီမှာ ဖေဖေ့ဓါတ်ပုံကို ခုံတစ်ခုပေါ်မှာ တင်ထားပြီးတော့ ဖယောင်းတိုင်ထွန်းထားပါတယ်။ ပြီးတော့ ကျွေးစရာတွေလည်း တင်ထားပါတယ်။ ဖေဖေ၀ိညဉ်ဘ၀နဲ့ စားဖို့ပေါ့လေ။ တကယ်တော့ နာမ်စိတ်တစ်ခု ပျက်ပြီးတဲ့နောက် ချက်ချင်းမှာပဲ နောက်နာမ်အသစ်ဖြစ်ပေါ်တယ်လေ။ ဖေဖေက ဒီအိမ်မှာ ဆုံးပေမယ့် ဆုံးဆုံးပြီးချင်းပဲ သူ့ဘ၀အသစ်ကို စနေပြီပဲလေ။ လာစားဖို့ ဘာညာဆိုတာ ထေရ၀ါဒမှာ မရှိပါဘူး။ ဒီလိုကျွေးတာကတော့ ကိုယ့်အဖေမို့လို့ ဘာမှ မဖြစ်ပါဘူးလို့ပဲ စိတ်ထဲထားလိုက်မိပါတယ်။ 

ပိုဆိုးလာတာက အလောင်းချတဲ့အခါမှာပါ။ ဖေဖေ့ကို ပိတ်စနဲ့အုပ်ပြီးတော့ မချီကြတယ်။ အဲဒီမှာ ကြားလိုက်ရတာကတော့ အလောင်းကို အိမ်ရဲ့ ဘယ်တိုင် ဘယ်အစိတ်အပိုင်းကိုမှ မထိစေနဲ့တဲ့။ အိမ်ခိုက် လိမ့်မယ်တဲ့။ သြော်... အသက်ရှင်တုန်းကတော့ တန်ဖိုးကြီးလိုက်တဲ့လူ... သေတော့မှပဲ အိမ်ကိုတောင် ယောင်လို့မှ မထိရဘူးတဲ့လား။ အိမ်တံခါးဝကနေ အပြင်ကိုထွက်မယ်လုပ်တော့ လှေကားလေးတစ်ခုကို အောက်မှာ ခင်းလိုက်ပါတယ်။ အဲဒီ လှေခါးကို သီးသန့် ၀ါးနဲ့လုပ်ရတာပါ။ အဲဒီလှေကားကို နင်းပြီး ဒီအလောင်းက ဆင်းရင် လူပျိုပြန်ဖြစ်ပြီး အေးအေးလူလူသွားလိုရာ သွားနိုင်ပါသတဲ့ဗျား။ ကျွန်တော့်မှာ ရယ်ချင်လွန်းတော့ ကြိတ်ကြိတ်ပြုံးနေရတာ။ အဲဒီတုန်းကတော့ အဖေဆိုတဲ့ မွေးသဖခင်ကြီး မီးတွေအောက်မှာ တမြေ့မြေ့လောင်ကျွမ်းသွားလိုက်တာ... ကျွန်တော့်ရင်ခွင်ပိုက်ထဲက ပြာအိုးလေးသာသာပဲ ကျန်ခဲ့တော့တယ်။ 

“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ဆိုတာကို လွဲပြီး ကလေးတွေကို သင်ပေးကြတာကလည်း ရှိသေးတယ်။ မသာတခါလိုက်ပို့တာ ကျောင်းဆယ်ခေါက်လိုက်ပို့တဲ့ ကုသိုလ်နဲ့ အတူတူပဲ လို့ သင်ပေးကြသတဲ့။ တကယ်က မသာတစ်ခေါက်လိုက်ပို့လိုက်လို့ ရလိုက်တဲ့ သံဝေဂတွေ၊ ရလိုက်တဲ့ တရားတွေဟာ ဘုန်းကြီးကျောင်းမှာ တရား ၁၀ ခါသွားနာရတာထက်တောင် ပိုနိုင်သေးတယ်လို့ ဆိုတာပါ။ ဖြစ်သလို လိုက်ပို့ပြီးတော့တော့ ကုသိုလ်က ဘယ်နားက ရမလဲ။ ငယ်ငယ်ကျောင်းသားဘ၀ကတော့ မသိပါဘူးလေ။ ဒီလိုကြားတော့ မသာဆို လိုက်ပို့ဖို့ လက်ငြှိုးဝိုင်းထောင်ကြတာ မှတ်မိသေး...:)) ။

အဲ... ဖေဖေ့အလောင်းကို တင်ထားတဲ့ ကုတင်က အသစ်စက်စက်လေ။ အဲဒီတော့ ဘေးလူတွေက ဘာပြောသလဲဆိုတော့ အဲဒီကုတင်ကို ဘုန်းကြီးကျောင်းလှူလိုက်ပါလားတဲ့လေ။ အိမ်မှာကျတော့ ထိမှာ ခိုက်မှာစိုးပြီး ဘုန်းကြီးတွေကျတော့ ထိပါစေတော့တဲ့လား ဗုဒ္ဓဘာသာဝင်တို့ရဲ့....။ အဲဒီရိုးရာအယူတွေကို ဆက်သာပြောရင်တော့ ကုန်မယ်မထင်ပါဘူးဗျာ။ မြန်မာလူမျိုးတွေကတောင် နည်းသေးတယ်ပြောရဦးမယ်။

ဘာပဲပြောပြော... အသိစိတ်ဆိုတာ ကိုယ်ကိုယ်တိုင် လုပ်မှ ရမှာမို့လို့ အသိတရားတွေပေးတဲ့ စာပေတွေကို ဖတ်ရှုဖို့ တအားအရေးကြီးပါတယ်။ ဘ၀မှာ မသေမချင်း သတိထားပြီး လုပ်ရမှာပေါ့... ဘာတဲ့။ “ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့” တဲ့.... :)))။

12 ယောက်က မှတ်ချက်ပြုသွားသည်။:

ညရဲ့ကောင်းကင် said...

မှန်တယ်ပန်ပန်ရ...

တချို့တွေက အယူဝါဒနဲ့ တယူသန်နေရင် ဘယ်အရာဖြစ်ဖြစ်ပြောစရာကြီးပဲ ...

တကယ်ကောင်းပြီး အကျိုးရှိတဲ့ ပို့စ်လေးပါ...

ကိုယ့်ကိုကိုယ်တောင် အားငယ်လာပြီ.. တခါလာလည်း အလွမ်း .. တခါလာလည်း အဆွေး ...တယူသန်များဖြစ်နေပြီလားလို့...

လျှာရှည်သွား၏...

may16 said...

အားလုံးမှန်တယ် ဂျပန်လေးရဲ့ အတွေးတွေကို ထောက်ခံတယ်....

ဆောင်းနှင်းရွက် said...

ပလွေ မှုတ် မှ မြွေလာတာ မဟုတ်ဘူးးး..
လေချွှန်ရင် လည်း မြွေလာတယ် ..
အဲ့ဒါ ငါ့ ကိုယ်တွေ့ ...
ငါ့ အိမ်မှာ ခဏ၊ ခဏ ကြုံတယ် ...
ပြောရင်းးး ကြက်သီးထတယ် ..

အိမ်ရှေ့ နဲ့ အိမ်နောက်
တံခါးပေါက်တည့်ရင်
ငွေဝင်လွယ်ပြီး ထွက်လည်း တယ် ဆိုတာလည်း
အမှန်ပဲ ...

ပြီးတော့
ငါကြုံဖူးတဲ့ လူဆုံးတဲ့ ဖြစ်ရပ်တစ်ခုမှာ
အိမ်မှာ ရှိတဲ့ ဆုံးသွားတဲ့သူရဲ့
အငယ်တွေရဲ့ အရပ်ကို အပ်ချည်ကြိုးနဲ့ တိုင်းပြီး
သူ့ရဲ့ အလောင်းထဲ ထည့်ပေးလိုက်ရတာ လည်း
ရှိတယ် ....

~ဏီလင်းညို~ said...

ညီလေးရေ...
တစ်ခါတစ်လေကျတော့လည်း...ဟုတ်သားကွ...။
ညီလေးမေမေပြောသလို “ကိုယ်မယုံကြည်ပေမယ့် ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက်နေရတယ်” ဆိုတာလေးလိုမျိုးပေါ့...း)
အစ်ကိုလည်း..အဲ့ဒီအတိုင်းပဲ...သိပ် အစွဲမထားတတ်ဘူး...။ အိမ်ကပြောတယ်... အနက်ရောင်မ၀တ်ရဘူးတဲ့...၊ ဒီကောင်ကတော့ ၀တ်လိုက်တာမှ အပြင်ထွက်ရင် အနက်ရောင်မပါရင်တောင်မပြီးဘူးလေ...ဟီးးးး
ခင်မင်တဲ့
ဏီလင်းညို

လသာည said...

အင်း..ဟုတ်တယ်..။ အစ်မလည်းအဖွားနဲ့ မကြာခဏ ငြင်းရ၊ စိတ်ကောက်ရတယ်။ အစ်မကလည်း အစ်မပဲ။ ကိုယ်ထင်တာဆို မလျှော့ဘူး။ တစ်ခုခုဆို “အဖွားရာ.. အရာရာကို သိပ္ပံနည်းကျ တွေးကြည့်စမ်းပါ၊ ဒါက မဖြစ်နိုင်ဘူး၊ ဒါဆိုရင် လုံးဝကို မဖြစ်နိုင်ဘူး” ဆိုပြီး အဖွားနဲ့ နိုင်အောင် ငြင်းတာပဲ:D/ မနိုင်ရင် စိတ်ကောက်ရတာ မောရော..။ သူကပြောတယ်..ခေတ်ကာလ သားသမီးများ ပြောမကောင်း ဆိုမကောင်း တယ်ခက်တာပဲကိုး..တဲ့..:D

ဆောင်းနှင်းရွက် said...

ပြောဖို့ မေ့သွားလို့
ထပ်လာ ပြောတာ ...

လေချွှန်ရင်
နှုတ်ခမ်းမွှေး အများကြီး
ပေါက်တတ်တယ် တဲ့ ....

ငါ တော့ အဲ့လို ကြားဖူးတယ် .. :P
တော်ကြာ
နင် ကုလားရုပ် ပေါက်သွားအုံးမယ် ...
အဟိ ... :P

ဒဏ္ဍာရီ said...

အခုလို အတွေးတွေနဲ့ ရေးလိုက်တဲ့ ပိုစ့်လေးအတွက် လေးစားမိတယ် မောင်လေး..။ မောင်လေး မေမေ ပြောတဲ့ စကား သိပ်မှန်ပါတယ်။ အခုလို ပတ်ဝန်းကျင် အသစ်နဲ့ ရေမြေခြားမှာ နေရတဲ့သူတွေ အတွက် ဒီအဆုံးအမလေးကို လက်ကိုင်ထားသင့်တယ်လို့ မမနွယ် ထင်ပါတယ်။

ခင်မင်လေးစားလျှက်

ရေတမာ said...

ဟိုတနေ့က ဒီအကြောင်းပြောကြသေးတယ်။ ကောင်းတဲ့အရာကိုတော့ လက်ခံပေါ့။ တရားလွန်ကြီးကိုတော့ အကျိုးသင့်အကြောင်းသင့် ငြင်းပယ်သင့်ပါတယ်။ နောက်မျိုးဆက်တွေမှာ အမှားတွေကို ချန်ထားခဲ့သင့်ပြီ။ ပန်ပန်ရဲ့ သဘောထားကို လေးစားပါတယ်။

မိုးခါး said...

ဘယ်အရာမဆို အလွန်အကျွံမဖြစ်ဖို့ပဲ အရေးကြီးပါတယ်
ဒီလူ့ပတ်ဝန်းကျင်မှာ နေနေရတာဆိုတော့လည်း လိုက်လျောညီထွေဖြစ်ဖို့က လိုသေးတာပေါ့
မဟုတ်ရင် လူ့ဂွစာဆိုပြီး ကင်ပွန်းတပ် ခံနေရဦးမယ် (ဂရုစိုက်လို့တော့ မဟုတ်ပါ :D)

အရာရာတိုင်းကို သူများပြောတိုင်း ခေါင်းညိမ့်ထောက်ခံနေစရာမှ မလိုပဲလေ
ကိုယ့်အသိဥာဏ်နဲ့ ဆင်ခြင်ပြီး လက်ခံသင့် မခံသင့် စဉ်းစားရတာပေါ့
နောက်မျိုးဆက်တွေအတွက်ကလည်း ဒါမှန်တယ် ဒါမှားတယ် ဆိုတာထက် ဒါ ဘာကြောင့် မှန်တယ် ဒါ ဘာကြောင့်မှားတယ်ဆိုတဲ့ အသိ ထည့်ပေးနိုင်ဖို့ ပိုအရေးကြီးတယ်လို့ ထင်တာပဲလေ ..း)

noblemoe said...

မောင်လေးရေ မောင်လေးစာဖတ်ပြီး အမတို့ အိမ်ကို
အရမ်းသတိရသွားတယ်။ အိမ်ကမိသားစုတွေကလည်း
အရမ်းကို တယူသန်တွေလေ ဟိုဟာမလုပ်ရ ဒီဟာမလုပ်
ရ လက်သည်းညှက်တာကစ ခေါင်းလျှော်တာကအစ အကုန်လိုက်ပြောနေကြတာ ငယ်ငယ်ကတော့ လုံးဝလက်မခံဖူး ပေါ့ ခုအကုန်မဟုတ်ပေမဲ့ လက်ခံသင့် တာ
လက်ခံတယ် ပေါ့ နော်။မောင်လေးရဲ့ စာတွေမှာ တရား
သဘောလေးတွေ အမြဲရေးတတ်လို့  တကယ်ကိုလေး
စားမိပါတယ်။
သာယာချမ်းမြေ့တဲ့ ဘ၀ကိုပိုင်နိုင်ပါစေနော်
မိုး

အနမ်း said...

ဗုဒ္ဓဟူးနေ့ခေါင်းလျှော်တာလည်း လဒ်ပိတ်တယ်တဲ့နော်း))
ပန်ပန်ပြောသလိုပါပဲ ရှေးထုံးတွေက ခုထိမပယ်နိုင်ကြသေး ဘူးလေ။
အယူအဆတွေကလည်း များသားပဲ။

kaungkinpyar said...

မွေးနေ့ သောကြာ တနင်္လာ ဆံပင် မညှပ်ရဘူးတဲ့ နော်..ညှပ်မိ နေဦးမယ်..:P