ဟိုဟိုသည်သည်....

လူတိုင်းဟာ အမှားနဲ့ မကင်းနိုင်ပါဘူး။ ဒါကြောင့် ခဲတံမှာ ခံဖျက်တပ်ထားပေးတာပေါ့။  လူ့စိတ်ဆိုတာ လေထီးတစ်ခုလိုပါပဲ။ မဖွင့်ချလိုက်ပဲနဲ့ ဘာမှ ဆက်ဖြစ်လာမှာ မဟုတ်ဘူး။ စိတ်ကို ပေါ့ပေါ့ပါးပါး လွှတ်ပေးလိုက်တဲ့အခါမှာ ကိစ္စအတော်များများ အလိုလိုပြီးသွားတတ်ပါတယ်လေ။ 

ပျင်းလွန်းလို့ အဖော်ဆိုတာကို လိုက်ရှာနေရင် လူမိုက်ဖြစ်နေပြီလို့မှတ်ပါ။ ဒီရက်တွေမှာ ကျွန်တော်ဟာ အကြီးစား လူမိုက်တစ်ယောက်ဖြစ်နေခဲ့တယ်။ ဘယ်သူတွေကိုမှ မယုံကြည်အပ်သလို ဘယ်သူ့ကိုမှ ကိုယ့်အကြောင်း အကုန်မပြောသင့်ပါဘူး။ ဘယ်အရာမှ မမြဲတဲ့ သင်္ခါရသဘောကို ကြားဖူးပြီး နားမလည်ရင် မထူးဘူးလေ။ လူ့စိတ်ဆိုတာ သင်္ခါရကို ဘယ်လွန်ဆန်နိုင်မလဲ။  ဒါကို သဘောပေါက်ရင်တော့ ရန်လည်းဖြစ်စရာမလို..စိတ်မကောင်းလည်း ဖြစ်စရာမလိုတဲ့ အေးချမ်းတဲ့ဘ၀ကို ရနိုင်တာ အသေအချာပဲလေ... ဟုတ်..။ 

ကံငါးပါးမှာ မုသာဝါဒကံဟာ အပြစ်အကြီးဆုံးတဲ့။ ဒါဆို ဒုက္ခပဲ..။ နေ့တိုင်း လိမ်လိုက်ရတဲ့ အလိမ်။ မြှောက်ထိုး ပင့်ကော်ပြောလိုက်ရတာ အမော..။ “မုသားမပါ လင်္ကာမချော” တဲ့။ ဘယ်သူတွေ ထွင်ထားတယ်မသိပေမယ့် ဒါအမှန်ပဲ။ ဒါမှန်တယ်ဆိုတာ သိနေတဲ့အချိန်မှာ ဒါဟာ တကယ့်အမှားဆိုတာကိုလည်း သိနေတော့ တမျိုးပဲ။ 

ဘ၀မှာ အရှင်းဆုံးနေထိုင်တာ အဓိပ္ပါယ်အရှိဆုံးပဲ။ ကိုယ်ပြုံးပြလို့ သူပြန်မပြုံးပြလည်း စိတ်ထဲမထားနဲ့။  သူကိုယ့်အကြောင်း အတင်းပြောနေလည်း စိတ်ထဲမထားနဲ့။ ဒေးကာနက်ဂျီက သင်ပါတယ်။ ကျွန်တော်လည်း လေ့လာပါတယ်။ အရမ်းခက်ခဲလွန်းလို့ ပေါင်းသင်းဆက်ဆံရေး မကောင်းလည်း နေပါတော့လို့ အကြိမ်ကြိမ်လက်လျှော့ဖူးသည်။ ဘ၀ကို သီအိုရီတွေနဲ့ ချတွက်လို့မှ မရပဲနော့။ 

ကိစ္စအတော်များများမှာ အတည်ပေါက် လေးလေးပင်ပင်တွေးတတ်တဲ့ ကိုယ့်ကိုယ်ကို တခါတလေ ပေါ့ပေါ့ပါးပါးနေခိုင်းကြည့်တယ်။ မရ..။ ဘာမဆိုအလေးမထားတတ်တဲ့ ဘ၀လေးမှာ ခဏလေး နေကြည့်မလားလို့။ ခံစားရတဲ့ မျက်ရည်ကို သုတ်ချ... ပါးစပ်က တဟားဟားနဲ့ ရယ်တတ်တဲ့ စိတ်ကလေး ဘာလို့များ မပါလာတာပါလိမ့်..??? 

ဒီလိုပဲနော့... “လမင်းကို ခွေးဟောင်လို့ ရွှေလရောင် ပြောင်မပျက်တယ်.. ထွန်းလျက်ပင်သာ” တဲ့...။  ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ ခွေးကမှ မဟောင်ခင် အပြောင်က ပျက်ချင်နေတတ်တော့ လမင်းမစစ်လို့ထင်ပါ့ကွယ်...။  “ဂိမှန်နွေဦး.. ပိတောက်တွေဖူးတဲ့ဒီရာသီ” ဆိုနေကြပါတယ်..။ ပိတောက်မရှိတဲ့ အရပ်မှာ မရတာ တမ်းတတော့ ဘာတတ်နိုင်မတုန်းဗျာ...။  ဂလိုပဲပေါ့... မရနိုင်တဲ့ အကြင်နာ နွေးထွေးမှု ခင်မင်မှုတွေကို တမ်းတမှတော့ “လေထဲ လက်သီးထိုး” သလိုဖြစ်နေမပေါ့ဗျာ။ 

“မာနဆိုတာ ရှိပါ..မကြီးပါနဲ့” လို့ ကြားဖူးသလိုလိုပဲ...။ ဒါပေမယ့်လည်း ကိုယ်တိုင်အထိခံလိုက်ရတဲ့အခါမှာ မာနတွေနဲ့ တင်းကနဲ ၀င်းကနဲ ဖြစ်သွားတဲ့ အကြည့်လေးတွေ.. အမယ်လေးဗျာ... တွေးရင်းနဲ့ သားသားကြောက်လာပြီ။ “ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးမရ” ဆိုသလို မာနကို မတောက်တခေါက် အသိကလေးနဲ့ ဖုံးထားလို့မှ မရပဲနော....။ “ဆင်ကျီစားရာ ဆိတ်မခံသာ” တဲ့။ ရွှတ်နောက်တတ်တဲ့ သူရဲ့ ကျီစားမှုကို မာနကြီးသူတို့ မခံနိုင်တာသင်ခန်းစာယူစရာပဲ။ 

“အရေးကြီး သွေးနီးရာ” တဲ့။ ခက်တာက သွေးကို ဘယ်နားလိုက်ရှာရမှန်း မသိဘူး။ မပူပါဘူး။ အင်တာနက်က ဟစ်လိုက်မယ်လေ... :P ။ “စိန်နားကပ်ရောင်နဲ့ ပါးပြောင်” ဆိုတာ ကြားဖူးရဲ့သားနဲ့ သူများနိုင်ငံမှာလာ ပါးပြောင်နေတာကို မြင်တော့လည်း သွေးနီးချင်စိတ် နည်းနည်းသွားသလိုလို....။ သွေးနီးဖို့ ကြိုးစားရင်းနဲ့ “ရေနစ်သူ ၀ါးကူလို့ထိုး” ဖြစ်ခဲ့ရတဲ့ သာဓကတွေကလည်း ရှေ့မှာ များတော့ ကြောက်သလိုလိုပဲ.... ။ 

ကဲကဲ... ပြောရင်းဆိုရင်းနဲ့ အနှောင့်မလွှတ် အသွားမလွှတ် ဖြစ်ရော့မယ်။ အတူ့ကို မှ ရည်ရွယ်ဝူးနော။  ဂနေ့တော့ ဟိုဟိုသည်သည်ပေါ့...။ ဒါနဲ့စကားမစပ် ဒီနေ့ ကြက်တောင်ပံ ကင်စားတယ်ဗျား..။ စားသွားဦးနော့... :P..


12 ယောက်က မှတ်ချက်ပြုသွားသည်။:

ဆောင်းနှင်းရွက် said...

!!!.. အဲ့ထဲ နာမပါ ဘူးးးးနော် ..!!!

ပေါက်ကွဲစွာနဲ့
ဒီနေ့
ကြက်တောင်ပံ ကင်စားတယ် ပေါ့ ..:P

အရာရာကို
အရမ်းအလေးထားနေရင်
စိတ်ရှုပ်ရတယ် ..
တစ်ခါတစ်လေ
ကြိုးစားပြီးး
ပေါ့ပေါ့ ပါးပါးနေပါကွာ ..>>>

SMILE .. SMILE ..

~ဏီလင်းညို~ said...

ညီလေးရေ...
ဒီစာလေးဖတ်ပြီး အစ်ကိုလည်း...ခေါင်းထဲမှာ ဟိုဟိုသည်သည် ဖြစ်သွားတယ်...း)
မုသာဝါဒမှာ အပြစ်ကင်းတဲ့ မုသာဝါဒမျိုးလောက်က သိပ်မဆိုးဘူးလေ...။
ဥပမာ ဆရာဝန်တွေက အရမ်းအခြေအနေဆိုးနေတဲ့ လူနာကို စိတ်ချမ်းသာအောင်နှစ်သိမ့်တတ်တဲ့ အမျိုးအစား မုသာဝါဒလေးပေါ့ဗျာ...။
ဘာခံစားချက်ဖြစ်ဖြစ်...ကိုယ့်အတွက် အကျိုးမရှိဘူးလို့ ဦးနှောက်က စဉ်းစားမိပြီး ရင်ထဲကို မထည့်တတ်ရင်တော့ အဆင်ပြေမယ်ထင်တယ်...း))
(ကြက်တောင်ပံကင် တစ်ခုဆွဲသွားပါသည်...း))
ခင်မင်တဲ့
ဏီလင်းညို

ဒဏ္ဍာရီ said...

မောင်လေးရေ........ လောကမှာ လူတွေနဲ့ လိုက်ရောညီထွေ နေနိုင်ဖို့က ဒီ မုသား ဆိုတာကြီးက တပါတည်းများ ပါလာသလားမသိ။ အဲဒီလို ဟန်ဆောင် အပြုံးတုတွေ နေ့တိုင်း မြင်ရပါများလာတော့ ကိုယ်ပါ သူတို့လို ဖြစ်လာသလား မပြောတတ်တော့ဘူး။ အတတ်နိုင်ဆုံးတော့ ဟန်ဆောင်မှုကင်းချင်တယ်။ မာန မကြီးတတ်ပေမယ့် တခါတရံမှာ မုသားတော့ သုံးနေရတယ် မောင်လေး။

ခင်မင်လေးစားလျှက်

စည်သူ said...

အာဂျီနိုမိုတိုရေ..

မုသားစကားဆိုတာကလည်း လူတွေရဲ့ ပါးစပ်ဖျားကနေ မပြောပေမယ့်လည်း အလိုလို ထွက်ကျလာတတ်တဲ့ သဘောရှိတယ်ထင်ပါတယ်..

ဒါပေမယ့် တမင်မုသားသုံးတာနဲ့ သူတစ်ပါးအတွက် မူသားသုံးမှ စိတ်ချမ်းသာရမယ့် ကိစ္စမျိုးကျတော့လည်း မတူဘူးပေါ့ဗျာ..

ကျွန်တော်လည်း မူသားသုံးပါတယ်.. ဒါပေမယ့် နောက်ပိုင်းတော့ မုသားကို လျှော့သုံးတယ်.. လျှော့နေတုန်းပဲဗျာ.. နည်းသသ်ထက် နဲအောင်ပေါ့ဗျာ..

ပြောလိုက်တဲ့ စကားပုံတွေကလည်း များပါ့ဗျာ
အတော်လေးကို စာပေတွေ လေ့လာလိုက်စားထားပုံရတယ်.. မသိတဲ့စကားပုံလေးတွေ သိသွားတယ် ဟဲဟဲဟဲ..

ပျော်ရွှင်ပါစေဗျာ
ခင်မင်ခြင်းများစွာဖြင့်
စည်သူ။

လသာည said...

ကောင်လေးရေ..
ဒီပို့စ်ကို အရမ်းကို ကြိုက်သွားတယ်.. ခံစားချက်ထပ်တူနေလို့ လေ.. :D
ဒီလိုပေါ့ကွာ.. ရောမမှာနေပြီး ရောမလို မကျင့်ရင် ရောမမှ ရပ်တည်လို့ မရဘူးမဟုတ်လား.. ဒီတော့ ပေါ့ပေါ့ပါးပါး မုသားဖြူကတော့ သူ့အကျိုး ကိုယ့်အကျိုး မထိခိုက်ဘူးဆိုရင် သုံးတာတွေ့လည်း ခွင့်လွှတ်လိုက်ပါ။ ကိုယ်လည်း သုံးသင့်သုံးပါ..
အော်.. အစ်မရေးထားတဲ့ မှတ်ချက်အပေါ်ဆုံးက စကားက မုသားမဟုတ်ပါဘူး.. တကယ်ပြောတာပါ :D

ညရဲ့ကောင်းကင် said...

မုသာဝါဒ ဆိုမှတော့ လိမ်ညာတာပဲပေါ့နော်....

ဒါနဲ့ စကားမစပ် ကြက်တောင်ပံကင်နဲနဲကျွေး...

ကိုလူထွေး said...

အမှားတခုခု လုပ်မိပြီးတိုင်း Back ပြန်လုပ်ဖို့ ခလုပ်ရှာနေမိတယ်...

ဘယ်လိုလုပ်ရမလဲ...

းဝ)

Anonymous said...

တကယ်ကို အနှစ်ရှိတဲ့စကားလေးတွေပါ။
စိတ်ကို ပေါ့ပေါ့ပါးပါး လွှတ်ပေးလိုက်တဲ့အခါမှာ ကိစ္စအတော်များများ အလိုလိုပြီးသွားတတ်ပါတယ်လေ။
ဘ၀မှာ အရှင်းဆုံးနေထိုင်တာ အဓိပ္ပါယ်အရှိဆုံးပဲ။
ွှအဲဒီစာကြောင်းတွေက တိုက်ဆိုင်လို့ လေ။
သာယာချမ်းမြေ့ပါစေနော်
မိုး

ပေါ့ဆိမ့် said...

အိပ်ခါနီးလေး အတွေးအခေါ် အဆန်းလေးတွေ ဖတ်လိုက်ရာတာ တန်ဖိုးရှိသွာပြီ..

PWA said...

Try not to take too much into your mind. Everything is not lasting. Sooner or later it will be gone. Nice message!!!!

flowerpoem said...

တစ်ခါတစ်လေ ဖြစ်တတ်ပါတယ် ဒါမျိုးက

kaungkinpyar said...

ခဲဖျက်လေး ရှိရင် ငှားစမ်းဘာာာာ..