သုနာဒတိုင်းသူပြည်သားတို့မှာ ထိုနေ့ရက်များကို လွန်စွာ တမ်းတနေမိသည်။ ဘယ်နေရာ ဘယ်ဒေသသို့ ရှာဖွေပါသော်လည်း မတွေ့ရှိနိုင်တော့ပဲ ဒဏ္ဍာရီပုံပြင်အဖြစ် လက်ဆင့်ကမ်းခဲ့ရသည့် အဖြစ်သို့ ရောက်ရှိလာခဲ့သည်။
.....................................
တခါတုန်းကပေါ့...။ လူသားတွေနဲ့အပြိုင် ဥာဏ်ရည်ထက်မြက်လွန်းတဲ့ ကျေးငှက်လေးတွေ အုပ်စိုးခဲ့တဲ့ ကာလရှိခဲ့လေသည်။ သုနာဒတိုင်းပြည်၏ တောင်စဉ်ထူပြောသော ဒေသတ၀ိုက်။ စိမ်းစိုအုပ်မှိုင်းသော တောအုပ်များကြားတွင် ကမ္ဘာဦးတေးဆိုငှက်တို့ ကျက်စားပျော်မြူးခဲ့ကြပေသည်။ ထိုငှက်တို့သည် တစ်မျိုးနွယ်လုံးစုစည်းနေထိုင်ကြပြီး ထိုတောအုပ်များထဲတွင်သာ ကျက်စားတတ်လေ့ရှိသည်။ ဥာဏ်ရည်ထက်မြက်ပြီး တေးဆိုရာတွင် သူမတူအောင်ထူးချွန်ကြသော ငှက်ကလေးများဖြစ်သည်။
တလောကလုံး မှောင်မိုက်၍ လူသားများအိပ်မောကျနေစဉ်တွင် သီချင်းသံများစတင်တွန်ကျူးလာကြသည်။ စတင်ဆိုညည်းရာတွင် တစ်ကောင်သော ငှက်ငယ်က စတင်ပြီး ထိုနောက်မှာတော့ တစ်ကောင်ပြီးတစ်ကောင် ပါဝင်သီဆိုလာကြသည်။ နောက်ဆုံးတွင် ငှက်တမျိုးနွယ်လုံး သံပြိုင်သီဆိုကြလေတော့သည်။ အိပ်ရာထက်မှ လူသားများသည် ပထမဆုံးငှက်ငယ်လေးသီဆိုချိန်တွင် စိတ်နှလုံးများနူးညွှတ်ပျော့ပျောင်းလာခဲ့ကြသည်။ ထို့နောက် ငှက်အနည်းငယ် ပါဝင်သီဆိုသည့် အချိန်မှာတော့ ခံနိုင်ရည်ကင်းမဲ့စွာ မျက်ရည်များတွင်တွင် စီးကျလာတတ်သည်။ တစ်ယောက်နှင့် တစ်ယောက်ဖက်ကာဖြင့် ကြည်နူးစွာ ငိုကြွေးကြရသည်။ ငှက်များအားလုံးသံပြိုင်သီဆိုသည့်အချိန်တွင် လူသားများ၏ စိတ်တွင် ခွန်အားများပြည့်ဖြိုးလာခဲ့သည်။ အားမာန်အဟုန် တက်ကြွလာကြသည်။ အားလုံးအဆုံးတွင်တော့ လူသားများ ပျော်ရွှင်စွာ အိပ်မောကျသွားခဲ့တော့သည်။
နံနက်မိုးသောက်လာလျှင် လူသားများမှာ ဒေါသ၊ မောဟ၊ မာန်မာန ဘာတစ်ခုမှ မရှိကြပဲ တစ်ဦးနှင့် တစ်ဦး မေတ္တာထားကာ ကူညီရိုင်းပင်းကြသည်။ တစ်ယောက်တစ်လက် ၀ိုင်းဝန်းလုပ်ဆောင်ကြရင်း တိုင်းပြည်ကြီးမှာ လွန်စွာသာယာဝပြောလာခဲ့တော့သည်။ ခိုးဆိုးလုယက်မှု ဘာတစ်ခုမှ မရှိပဲ အေးချမ်းလွန်းသည့် တိုင်းပြည်ကြီးမှာ ထိုငှက်ငယ်လေးများကို ဘုရင်မင်းမြတ်အဖြစ် တင်မြှောက်ခဲ့ကြသည်။
..................................
တောအုပ်တို့ အလယ်တစ်နေရာ...။ တေးဆိုငှက်တို့သည် တစုံတခုကို ၀ိုင်းအုံကြည့်နေကြသည်။ နီရဲစွေးနေသော အရည်အနည်းငယ်ပင်ဖြစ်သည်။ ဘယ်ကရောက်လာသည်မသိသော ထိုအရာကို စူးစမ်းကြည့်ရင်း အမျိုးမျိုးဝေဖန်ပိုင်းခြားကြည့်ကြသည်။ ထိုစဉ် ငှက်တစ်ကောင်က ထိုအရည်ကို အနီးကပ် နမ်းကြည့်လိုက်သည်။
“အမောင်တို့... ဤအရည်သည် အနံ့စူးလှပါတကား..... ”
ထို့နောက် သူသည် ရှေ့တလှမ်းတိုးကာ အနည်းငယ်သောက်ကြည့်လိုက်သည်။
“အမောင်တို့... ဘာအရသာမှ မရှိသော အရည်ပါတကား.... ။ တို့တမျိုးလုံးအတွက် အကျိုးမရှိသော အရာပင်ဖြစ်လိမ့်မည်။ ၀ိုင်းဝန်းဖျက်ဆီးကြပါစို့..”
ထို့နောက် ငှက်ငယ်တို့သည် ထိုအရည်အား ၀ိုင်းဝန်ဖျက်ဆီးလိုက်ကြပေတော့သည်။
နောက်တစ်နေ့တွင် ထိုနီစွေးသောအရည်မှာ ထပ်မံရှိနေပြန်လေသည်။ ငှက်မျိုးတို့မှာ လွန်စွာ သိချင်စိတ်ပြင်းပြရာ စမ်းသောက်ကြည့်ရန် ဆုံးဖြတ်ကြသည်။ ငှက်တစ်ကောင်က စမ်းသောက်ကြည့်ပြီး ဘာအရသာမှ မရှိသောကြောင့် အကျိုးမရှိကြောင်းပြောကာ ၀ိုင်းဝန်းဖျက်ဆီးလိုက်ကြပြန်သည်။
ထူးဆန်းစွာပင် ထိုအရည်သည် နေ့စဉ်အလိုလိုရောက်နေတော့သည်။ ထိုအခါ ငှက်တို့သည် ထိုအရည်ကို အရေးမလုပ်ကြရန် ဆုံးဖြတ်လိုက်ကြပြီး ဖျက်လည်းမဖျက်ဆီး၊ လှည့်လည်းမကြည့်ပဲ နေခဲ့ကြသည်။
ထိုငှက်တို့သည် ပုံမှန်အတိုင်းပင် ညစဉ်ညတိုင်း သံပြိုင်သီချင်းများသီဆိုနေလေ့ရှိကြသည်။ တနေ့ညမှာတော့ ထိုအရည်ကို ပထမဆုံးစမ်းသောက်ထားသော ငှက်ငယ်က “အမောင်တို့ ဒီနေ့ည ကျွန်ုပ်စဆိုပါရစေ.. သီချင်းသီဆိုရာတွင် ကျွန်ုပ်၏အသံအလွန်ကောင်းကြောင်း ပြပါရစေ...” ဟု တောင်းဆိုလိုက်လေသည်။ အေးချမ်းသာယာသော ငှက်အပေါင်းတို့က မကန့်ကွက်ကြပဲ ဆိုခိုင်းလေတော့သည်။ ထိုနေ့ညက ထိုငှက်ငယ်အစချီလိုက်သော သီချင်းသံသည် အလွန်ကောင်းလွန်းသောကြောင့် ထိုငှက်ဆိုနေဆဲမှာပင် လူသားများ အပြိုင် မျက်ရည်ကျခဲ့ကြရသည်။ ငှက်အပေါင်းတို့မှာ ကောင်းချီးသြဘာပေးခဲ့ကြလေသည်။
နောက်တစ်ညရောက်တော့ ထိုအရည်ကို ဒုတိယအကြိမ်စမ်းသောက်ထားသော ငှက်က သူဆိုလိုကြောင်း တောင်းဆိုလာပြန်သည်။ ငှက်များကလည်း ခွင့်ပြုကြသည်။ ထိုငှက်ဆိုနေဆဲမှာပင် လူသားများ၏ မျက်ရည်တို့သည် မိုးသို့လျှံခဲ့ရသည်အထိ ကြည်နူးဖွယ်ကောင်းလှသည်။ ထိုအခါ ငှက်တို့သည် စဉ်းစားကြသည်။ ထိုငှက်နှစ်ကောင်တို့သည် ထိုအရည်ကိုသောက်ပြီး အတိုင်းထက်အလွန်သာသော တေးသီချင်းများ သီဆိုနိုင်ကြသည်။ ငါတို့လည်း သောက်ချေမှ ဟု တွေးမိကာ အားလုံး ၀ိုင်းသောက်ကြလေသည်။
နောက်တစ်နေ့ညရောက်တော့ အားလုံးသော ငှက်များက သီဆိုလိုနေကြသည်။ မိဘဘိုးဘွားတို့ တားမြစ်သော်လည်း မရ။ သူဆိုလိုသည် ငါဆိုလိုသည် ဟုဆိုကာ ၀ိုင်းဝန်းငြင်းခုန်ကြသည်။ ဘိုးဘွားတို့က ၀ိုင်းဝန်းစဉ်းစားကြပြီး ဘယ်သူမှ မဆိုပဲ အားလုံးဝိုင်းဆိုရန် အမိန့်ပေးခဲ့သည်။ ထိုနေ့မှ လွန်သော် ငှက်တို့သည် သူ့အသံကောင်းသည် ငါ့အသံကောင်းသည်ဟုဆိုကာ ပြိုင်ဆိုင်လိုလာကြသည်။ ဟိုးအရင်က တစ်ကောင်ဆိုနေချိန်တွင် အားလုံး ပြုံး၍နားဆင်ကြသော်လည်း အခုတော့ တစ်ယောက်ဆိုရင် ကျန်တစ်ယောက်ပါဆိုသည်။ ထိုအခါ အသံများရှုပ်ထွေးလာပြီး စိတ်ညစ်ဖွယ်ရာ ဆူညံပွက်လောရိုက်နေပေတော့သည်။
ထို့နောက်တွင်တော့ ငှက်တို့အကြား ငြင်းခုန်မှုတွေ များလာသည်။ သံပြိုင်မဆိုတော့ပဲ သူတလူငါတမင်း သီဆိုလာကြသည်။ တစ်ယောက်နှင် တစ်ယောက်စောင်းချိတ်လာကြသည်။ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်လာကြသည်။ ထိုးဆိတ်လာကြသည်။
......................
သုနာဒပြည်တွင် တေးသီချင်းများ မကြားရသည်မှာ ကြာမြင့်လာခဲ့ပြီ။ ထိုတောအုပ်များသို့ သွားရောက်ရှာဖွေပါသော်လည်း တေးဆိုငှက်တို့ကို မတွေ့ရတော့ပါ...။ ထိုငှက်တို့၏ အသံကို လူသားတို့ ငတ်မွတ်လာကြသည်။ ငတ်မွတ်သလောက် နားမဆင်ရသည့်အတွက် ဒေါသများထွက်လာကြသည်။ အချင်းချင်းရန်မူတတ်လာကြသည်။ တိုင်းပြည်ကြီးသည် ဆိုးသွမ်းတိုက်ခိုက်မှုများ တဖြည်းဖြည်းပေါများလာခဲ့တော့သည်။ ဤတေးဆိုငှက်ပုံပြင်လေးကတော့ အိပ်ရာဝင်ပုံပြင်အဖြစ် လက်ဆင့်ကမ်းလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်နေတော့သည်။


11 ယောက်က မှတ်ချက်ပြုသွားသည်။:
ကောင်းလိုက်တာ ဘာမဟုတ်တဲ့ အရည်လေးတစ်ခုကြောင့် ပြိုင်ကြဆိုင်ကြ. . နောက်ဆုံး ပျက်ဆီးသွားကြတယ်နော်
ပုံပြင်လေးက တကယ်ကောင်းတယ် မောင်လေး။ တခါမှ မကြားဘူးသေဘူး။ ငယ်ငယ်က အဖွားပြောပြသမျှ ပုံပြင်တွေကို နှစ်သက်စွာ မှတ်မိနေပေမယ့် ဒီပုံပြင်လေးကို ခုမှ သိတယ်။
ဒီလို မာနပါတဲ့ အရည်လေးကြောင့် ပြိုက်ဆိုင်ရာကနေ ပျက်စီးဆုံးရှုံးပြီး တိုင်းပြည်ကိုပါ ထိခိုက်နစ်နာ လာစေတော့တာပေါ့။
ခင်မင်လေးစားလျှက်
မာန်ရည် သောက်လို့ မာန်ရောင်တွေ တောက်တဲ့အခါ မာန်သံတွေ ပေါက်လာတာပေါ့ မောင်ကလေးရေ :(
ဂျပန်ကောင်လေးရေ... ပုံပြင်လေးက မှတ်သားနာယူစရာလေးပါ.. ကိုယ့်အရည်အချင်းအတွက် မလိုအပ်တဲ့ တလွဲ မာန်မာနတွေကြောင့် မိမိကိုယ်တိုင်ရော မိမိပတ်ဝန်းကျင်ပါ ပျက်စီးဆုံးရှုံးရတဲ့ သာဓကလေးကို ဖတ်သွားမှတ်သွားပါတယ်...
အကိုရေ ..
အစ်ကို့ နာမည်လေးကို
ကြားနေ သိနေတာတော့ကြာပါပြီ
လာလည်မယ်လုပ်နေတာနဲ့ မရောက်ဖြစ်ဖူး
အခုမှပဲရောက်တယ်....
ဒါနဲ့ cbox မတွေ့ဘူးနော်
ဒီနေရာမှာပဲ ရေးသွားပါတယ်
ဌက်ကလေးများပေးတဲ့ သင်္ခန်းစာလေးက တကယ့်ကို သံဝေင်္ဂရစရာကောင်းတယ်..ရှိသင့်ရှိထိုက်တဲ့ မာနတစ်ခုကလွဲရင် သူများထက် သာချင်တဲ့ တလွဲမာနကတော့ တကယ့်ကို မကောင်းပါဘူး။ ဒီပိုစ်လေးအတွက် ကျေးဇူး။ နောင်ကို ဒါမျိုးလေးတွေ များများရေးဦးနော်
Hey dude where u got this idea. Awesome!! cheer..
ညီဂျပန်လေးရေ...
ထို့နောက်တွင်တော့..... ဆိုတဲ့ စကားလေးရဲ့ နောက်ကွယ်မှာ အစ်ကို့ရဲ့ အာရုံထဲမှာတစ်ခုခုကို မြင်တွေ့လိုက်ရသလိုပဲဗျာ....။
သူ့ထက်ငါ... သာတယ်....၊ သာချင်တယ်ဆိုတဲ့ အတွေးတွေ ကြီးစိုးနေခဲ့မယ်ဆိုရင်...ဘယ်အသိုင်းအ၀န်းမှ သာယာလာလိမ့်မယ်မထင်ဘူး....။
လှုံ့ဆော်မှုတွေကို တိတ်တစ်ဆိတ်ဖန်တီးတဲ့ နေရာတစ်ခုကိုလည်း.... မမြင်နိုင်ပေမယ့် စိတ်ထဲမှာ မနှစ်မြို့မိတာကတော့ အမှန်ပဲလေ...။
ဘာပဲ ဖြစ်နေဖြစ်နေ...ရိုးသားမှုရှိဖို့နဲ့ ကိုယ်လမ်းကိုယ် မှန်မှန်လျှောက်ဖို့က အဓိက အရေးကြီးတဲ့ အရာလို့ အစ်ကိုတော့ ထင်တယ်...။ အဓိက ကတော့ ထင်ပေါ်ချင်လွန်းအားကြီးရင် အားလုံးပျက်စီးကြရတယ်ဆိုတာလေးကို မြင်မိတဲ့ အတွက်...ကျေးဇူးဗျာ...။
ခင်မင်တဲ့
ဏီလင်းညို
နောက်ဆုံး စာကြောင်းလေး ဖတ်ပြီး
အတွေးလေး တစ်ခု ၀င်မိသွားတယ် ....
nice post ..!
ကိုယ်ကိုယ်တိုင်တောင် နည်းနည်းသောက်မိထားသလား မသိပါဘူး...
းဝ)
ပုံပြင်ပေမယ့် ဗဟုသုတအများကြီးပေးသွားတယ်...
Post a Comment