အချစ်နဲ့ စတင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အချစ်နဲ့ပဲ အဆုံးသတ်ချင်တယ် ကောင်မလေးရယ်.....
အခန်း(၁)
လွန်ခဲ့သော ၁၀ နှစ်။ ကျောင်းသားသစ်အဖြစ်နဲ့ ဒီကျောင်းကို ကျွန်တော်ရောက်ခဲ့ပါသည်။ အတန်းထဲမှာ ၀င်လို့ နေရာယူရင်း စူးရှတဲ့ မျက်ဝန်းတစ်စုံကို သတိပြုမိခဲ့သည်။ အရောင်တောက်နေသော မျက်လုံးကို အကြည့်လွှဲရင်း ကျွန်တော့်ဘာသာ ထိုင်နေမိသည်။ ပြဿနာကို ရှောင်လွှဲချင်သော ကျွန်တော့်ဆီကိုမှ ပြဿနာသည် တည့်တည့်ကို ရောက်လာခဲ့သည်။
ကလေးမဟုတ် လူကြီးမဟုတ် ဇကောဇကအရွယ်မှာပဲ ထိုကောင်မလေးတို့ အတန်းထဲမှာ စိန်လိုက်ပြေးတမ်း ကစားနေကြသည်။ စားပွဲရဲ့ အစွန်မှာထိုင်နေသော ကျွန်တော်၊ တစွန်းတစထွက်နေသော ခြေထောက်ကိုမှ ခလုတ်လာတိုက်ပြီး ဟပ်ထိုးလှဲကျသွားတာက ထိုကောင်မလေး။ သူအတော်နာသွားမှာပဲလို့ စိုးရိမ်တကြီးတွေးမိနေဆဲမှာပဲ စူးရှသော ရန်ထောင်သံကို ကြားလိုက်ရသည်။
“နင်ယုတ်မာလှချည်လား။ အခုမှ အသစ်လည်းဖြစ်သေးတယ်။ ရန်လာစနေတယ်။ နာလိုက်တာ” လို့ပြောရင် မျက်စောင်းတွင်တွင်ထိုးနေလေသည်။ ဖုံးဖိထားသော မာနကိုမှ လာစွနေသူကို ပြန်ပြောဖို့ ပါးစပ်ပြင်လိုက်ရင်းမှ စိတ်ပြန်လျှော့ကာ တောင်းပန်စကားပဲ ဆိုလိုက်မိသည်။ “မလိုပါဘူး..” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ကျွန်တော့်တောင်းပန်စကားကို သူမ ခါချသွားခဲ့သည်။
ထိုနေ့ နေ့လည်ကျောင်းဆင်းတော့ ထမင်းဘူးကိုဖွင့်ပြီး စားနေမိသည်။ မုန့်စားရန် မုန့်ဆိုင်တန်းဘက်သို့ လှည့်အထွက် ဗွမ်းကနဲ ကျွန်တော့်ကျောတပြင်လုံး စိုရွှဲသွားသည်။ ဒေါသတကြီးလှည့်ကြည့်လိုက်တော့ နှုတ်ခမ်းကို မှည့်ပြုံးကာ အောင်နိုင်သူ အသွင်ဆောင်နေသော ထိုကောင်မလေး။ မထီတထီကြည့်ပြီး လှည့်ထွက်သွားခဲ့သည်ကိုတော့ ဘယ်လိုမှ သည်းမခံနိုင်ဆုံး သူမလက်ကို ဆွဲလှည့်လိုက်သည်။
“ဒါဘာလုပ်တာလဲ” လို့ မေးလိုက်တော့ “မြင်တဲ့အတိုင်းပဲလေ... ငါနာသလို နင်ပြန်ခံရမယ်ဆိုတာ သိပြီမလား” စွာတာတာပြန်ပြောသော စကားကို သည်းမခံနိုင်ဆုံး ကျွန်တော်အော်ဟောက်ပစ်မိသည်။
“မင်းအခု ငါ့ကို ချက်ချင်းတောင်းပန်၊ မင်းသာ မိကောင်းဖခင်သားသမီးဆိုရင် မင်းအမှားကို မင်းချက်ချင်းဝန်ခံ”
“ဆောရီးပဲ... တောင်းပန်တယ်ဆိုတာ ငါ့ရာဇ၀င်မှာ မရှိဘူး.. နင်ငါ့လက်ကို လွှတ်.. ငါ့ကို ကိုယ်ထိလက်ရောက် လုပ်ရဲလုပ်ကြည့်လေ.. ဘာဖြစ်သွားမယ်ထင်လဲ”
ခံနိုင်ရည်ကုန်ခန်းစွာ သူမကို ဆောင့်တွန်းလိုက်မိသည်။ သူမ ၀ုန်းကနဲ ပစ်လှဲကျသွားသည်။ ဖြစ်ချင်တော့ သူမ လှေကာအစွန်းနားမှာ ရပ်နေသည့်အတွက် လှေကားတလျှောက် ပြုတ်ကျသွားခဲ့သည်။ အား ကနဲ အော်လိုက်သော သူမအသံ.. နာကျင်လွန်းစွာ ငိုရှိုက်နေသော သူမအသံ အဆုံးမှာ...။
“ဖုန်း.. ဖုန်း.. ဖုန်း”
တဖုန်းဖုန်းကျနေသော ခြေသလုံးမှ ကြိမ်ဒဏ်တွေကို အံကြိတ်ခံနေမိသည်။
“အခုမှ ပြောင်းလာပြီးတော့ လူပါးလာဝချင်နေတယ် ဟုတ်လား။ ယဉ်ကျေးသိမ်မွေ့မှုဆိုတာ တခုမှ မရှိဘူး.. ကဲဟယ်.. ကဲဟယ်.. သူကျိုးကန်းသွားရင် နင်တသက်လုံး လုပ်ကျွေးမှာလား.. ဟင်..”
ကြမ်းတမ်းစွာ ရေရွတ်ကာ ရိုက်နှက်နေသော ဆရာမ၊ ဒေါသတကြီး ရိုက်နေသော ကြိမ်ဒဏ်...။ ဘယ်တော့မှ မေ့နိုင်မယ်မထင်တဲ့ အဖြစ်တွေပါပဲလေ...။
ထိုနေ့ည..။ ကျွန်တော်ရေမချိုးနိုင်ခဲ့ပါ။ စပ်ဖျဉ်းနေသော ကြိမ်ဒဏ်တွေ..။ ဆေးကို နာနာမတို့ရဲပဲ ဖွဖွလေးတို့ကာ လိမ်နေမိသည်။ ဖေဖေ မေမေ သိမှာစိုးလို့ လူကောင်းအတိုင်းနေပြရတော့ တကိုယ်လုံး ပိုနာကျင်နေမိသည်။ ဆေးလိမ်းနေရင်း ကျွန်တော်ငိုကြွေးနေမိသည်။ အသံထွက်မည်စိုး၍ ခေါင်းအုံးနှင့် ညှပ်ကာ ငိုကြွေးမိသည်။ ကျွန်တော့် ခြေထောက်က နာ၍ မဟုတ်ပါ။ ကျွန်တော့်နှလုံးသားမှာ သွေးစိမ်းရှင်ရှင် စီးကျနေ၍ပင် ဖြစ်သည်။
အခန်း (၂)
ဆေးရုံအခန်းတံခါးကို ဖွင့်လိုက်တော့ ကုတင်ပေါ်မှာ သူမကို တွေ့လိုက်ရသည်။ ပါလာသော ပစ္စည်းများကို ပေးလိုက်ပြီး သူမရှေ့မှာ ဒူးထောက်လိုက်မိသည်။ သူမကို တွန်းလိုက်မိသည့်အတွက် အနူးအညွှတ် တောင်းပန်နေမိသည်။ တင်းမာခက်ထန်နေသော သူမမျက်နှာ ပြေလျော့လာသည်အထိ တောင်းပန်ဖို့ ကျွန်တော်ဆုံးဖြတ်ထားမိသည်။ ဒေါသတကြီး အော်ငေါက်နေသော အသံများကို လျစ်လျူရှုကာ ကျွန်တော် ဒူးထောက်မြဲ ဒူးထောက်နေမိသည်။ တောင်းပန်မြဲ တောင်းပန်နေမိသည်။
တနေ့သော အခါမှာ သူမ ကျွန်တော့်ကို လက်ခံစကားပြောလာခဲ့သည်။ သူမကို ကျွန်တော် တနေကုန်စောင့်သည်။ သူမ စားချင်တာ မညည်းမညူ သွားဝယ်ပေးခဲ့သည်။ သူမ အလွန်ကြိုက်သော ပန်းသီးကို အခွန်နွှာကျွေးသည်။ သူမ နားထောင်ချင်သော ပုံပြင်လေးတွေ ရှာဖွေပြောပြသည်။ သူမ ကြိုက်သော သီချင်းများကို ဆိုပြမိသည်။ သူမအတွက် ကျွန်တော်သည် ပြည့်စုံလွန်းလှသော အဖော်တစ်ယောက်ပင် ဖြစ်ခဲ့ပါသည်။
သူမဆေးရုံဆင်းတော့ ကျွန်တော်သည် သူမအားထားရသော သူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့သည်။ သူမနှင့် စာကျက်ဖော်ဖြစ်ခဲ့ရသည်။ တစ်ခုတော့ရှိသည်။ ဘယ်အရာမှာမဆို သူမထက် တဆင့်နှိမ့်ကာ နေတတ်ခဲ့ရသည်။ သူမထက် တော်သည်ကို သူမ မလိုလား။ တနည်းဆိုသော ကျွန်တော်သည် သူမ လက်အောက်မှာသာရှိရမည့် သူငယ်ချင်းတစ်ဦးပင် ဖြစ်ရမည်။ ညတိုင်းညတိုင်း ကျွန်တော်တို့ ဖုန်းပြောခဲ့ကြသည်။ ဖုန်းထဲမှာ သူမကြိုက်သည့် ပုံပြင်တစ်ပုဒ် အမြဲပြောပြရသည်။ ထိုနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ကျွန်တော်သူမကို ရည်းစားစကားပြောခဲ့သည်။ ထင်သည့်အတိုင်းပဲ ကျွန်တော်လိုချင်သောအဖြေ နောက်တစ်နေ့မှာ ရခဲ့သည်။ သူမနှင့် ကျွန်တော် ဒီလိုနဲ့ ချစ်သူတွေ ဖြစ်ခဲ့တော့သည်။
ကျွန်တော် မထင်မှတ်စွာ သူမ ကျွန်တော့်ကို အရမ်းချစ်နေခဲ့သည်။ ငါးဟင်းထည့်လာသည့် နေ့တိုင်း သူနွှင်ပေးသော ငါးနှင့် စားရသည်။ အရိုးနွှင်နေရင်းနှင့် သူမ ဘယ်တော့မှ ထမင်းကို ၀အောင် မစားရခဲ့။ ဗလမရှိသော ကျွန်တော့်လက်မောင်းကို သူအမြတ်တနိုး ခေါင်အုံးအိပ်ချင်ခဲ့သည်။ ချိုင့်ဝင်နေသော ကျွန်တော့်ပါးချိုင့်လေးကို သူမအရမ်းသဘောကျ၍ ခဏခဏ ရယ်ပြရသည်။ ချစ်သူဖြစ်လာခဲ့သည့် နောက်ပိုင်း သူမ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ဖုန်းပြောတိုင်း ကျွန်တော့်ကို ပုံပြင် မပြောပြခိုင်းတော့ပါ။ စာကျက်တိုင်း သူမ အနိုင်မလိုချင်တော့ပဲ ကျွန်တော့်ကို ဦးစားပေးလာခဲ့သည်။ ဖိုးကြယ်ဟူသော ကျွန်တော့်ကို သူမ တွင်တွင်ပြောသော စကားတစ်ခွန်းမှာ “ကြယ်.. ငယ့်ကို ဘယ်တော့မှ ခွဲမသွားပါနဲ့နော်... ” ဆိုသော စကားတစ်ခွန်းပင်ဖြစ်သည်။
အခန်း (၃)
၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်။ ရန်ကုန်သို့ ကျွန်တော်ထွက်ခွာလာခဲ့သည်။ ကျွန်တော့်အသိထဲမှာ အဖေအမေအတွက် အောဒီရအောင် ဖြေပေးရမည်။
“အဖေနဲ့ အမေ။ ၁၀ တန်းစားမေးပွဲကို သားရန်ကုန်မှာ ဖြေမယ်။ သားဒီကျောင်းမှာ ဖောင်မတင်တဲ့ ကိစ္စကို ဘယ်သူမှ မသိအောင် လုပ်ပေးပါ။ အဖေတို့ ကတိတည်ရင် သား အောဒီရအောင် ဖြေပေးမယ်... ”
ဒီကတိတွေကို ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးအကြိမ်အဖြစ် တောင်းဆိုမိခဲ့သည်။ ငယ့်အတွက် ဒိုင်ယာရီတစ်အုပ်နဲ့ စာတစ်စောင်ကို ပေးခိုင်းလိုက်သည်။ ကားမှန်ပြတင်းထဲမှာ အပြင်ကို ငေးကြည့်နေသည့် ကျွန်တော့်မျက်ဝန်းတစ်စုံဟာ နာကျည်းမှုတွေနဲ့ ပြည့်နှက်နေသတဲ့လား...။
ငယ်..
ဒီစာနဲ့အတူ နင့်ကို နှုတ်ဆက်ခဲ့ပါတယ်။ ငါနင့်အတွက် စကားတစ်ခွန်းလက်ဆောင်ပေးခဲ့မယ်။ ငါနင့်ကို အရမ်းမုန်းတယ်။ အရမ်းနာကျည်းတယ်။ ဒိုင်ယာရီကို ဖတ်ကြည့်လိုက်ပါ။ နင်နားလည်လာလိမ့်မယ်။ အဲဒီ ဒိုင်ယာရီထဲမှာ နင့်ကြောင့် အရိုက်ခံခဲ့ရလို့ သွေးစို့နေတဲ့ ငါ့ခြေသလုံးက သွေးစတွေကိုပါ ထည့်ပေးလိုက်တယ်။ အဲဒီနေ့က ဆရာမပြောခဲ့တဲ့ စကားတစ်ခွန်းမကျန် ငါရေးပေးထားခဲ့တယ်။ ထာဝရ နှုတ်ဆက်ပါတယ်..။ ဘယ်တော့မှ ပြန်မတွေ့ချင်ပါဘူး။ ဘယ်ဘ၀မှာမှလည်း မဆုံချင်ပါဘူး။ အဟက်... နင်လို တော်တဲ့ မိန်းကလေးတစ်ယောက်က ငါ့လိုလူတစ်ယောက်အတွက် ၁၀ တန်းစာမေးပွဲကိုတော့ အရှုံးခံမှာ မဟုတ်ပါဘူးနော်... ဟားဟားဟား...
ဖိုးကြယ်... (သို့မဟုတ်) ကြယ်သောကြာ
အခန်း (၄)
ကားပတ်ကင်မှာ ကားကိုရပ်ရင်း မမအခန်းသို့ ၀င်လာခဲ့သည်။ မမသူငယ်ချင်း ဒေါက်တာမမများကို ပြုံးပြရင်း မမအခန်းထဲသို့ ၀င်ထိုင်နေမိသည်။ မမက စိတ်ရောဂါကုဆရာဝန်။ ဒီနေရာကို လာရတာ အင်မတန် စိတ်ညစ်သည်။ အရူးတွေ အော်ဟစ်သောင်းကျန်းနေသည်မှာ စိတ်မချမ်းသာဖွယ်ရာပင်ဖြစ်သည်။ မမဂျူတီချိန်ပြီးခါနီးဆိုတော့ စိတ်ရှည်သည်းခံစောင်းစားနေဆဲ. စူးစူးဝါးဝါးအော်ဟစ်သံကို ကြားလိုက်ရသည်။ ၀ုန်းကနဲ ပြေးဝင်သွားသော ဆရာမများ။ အော်ဟစ်ရုန်းကန်နေသော အသံ။ စကားသံ မပီပဲ ၀ူးဝူးဝါးဝါးအော်နေသော အသံ။ ကြည့်ချင်စိတ်ကို မထိန်းနိုင်ပဲ ထိုအခန်းဆီသို့ ထွက်လာခဲ့မိသည်။
မမက အိပ်ဆေး အမြန်ထိုးပေးလိုက်တော့ ထိုကောင်မလေး အိပ်ပျော်သွားခဲ့သည်။ သူမ တကိုယ်လုံး ရေနွေးငွေ့လောင်သလို မီးဟပ်သလို ဖြစ်နေသည်။ နှုတ်ခမ်းများမှာ ကပ်နေပြီး အပေါက်သေးသေးလေးသာ ကျန်နေသည်။ သူမလက်ထဲမှာ ကိုင်ထားသော အရာကို ကြည့်လိုက်မိတော့ ဒိုင်ယာရီစာအုပ်လေး။ ဒိန်းကနဲ ရင်ထဲမှာ မြည်သွားသည်။ ဘယ်လိုမှ မမေ့နိုင်သော စာအုပ်လေး။ သူမကို အသေအချာ ပြန်ကြည့်မိသည်။ ဟုတ်တယ်... သူမ..။ ငယ်..။ ငယ် ဘယ်လိုဖြစ်တာလဲ..။ မမဆီကို အမြန်ပြေးပြီး Case History ကိုတောင်း ကြည့်မိသည်။
ငယ်..။ ငယ် ၁၀ တန်းလည်း မအောင်ခဲ့ပါ။ ကျွန်တော်ထွက်ခွာခဲ့သည့်နေ့က အလူးလူးအလွန့်လွန့် ငိုကြွေးနေသော ငယ်...။ စိတ်ထိခိုက်စွာခံစားရပြီး မူမမှန်တော့သည့် ငယ်..။ မျက်လုံးကြောင်စီစီနှင့် လုပ်ချင်ရာ လုပ်သော ငယ်...။ ကိုယ့်ကိုယ်ကို ရေနွေးနဲ့ လောင်းချသည့် ငယ်...။ ခြင်ထောင်ကို မီးရှို့ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သည့် ငယ်....။ မီးလောင်ဒဏ်ရော.. ရေနွေးလောင်ဒဏ်ရောကြောင့် စကားမပြောနိုင်တော့သည့်ငယ်.. တခွန်းတည်းသော ထွက်နိုင်သည့် အသံက “ကြယ်..”
.............................
သူမကို ကျွန်တော် ဒူးထောက်မတောင်းပန်နိုင်တော့ပါ။ သူမ အော်ဟစ်ဆဲဆိုတာကိုလည်း မခံရတော့ပါ။ သူမ အရမ်းကြိုက်သည့် ပန်းသီးကိုလည်း ခွာမကျွေးနိုင်တော့ပါ။ သူမ အလွန်ကြိုက်သော ပုံပြင်များကိုလည်း မပြောပြနိုင်တော့ပါ...။ သူမကို စွန့်ခွာခဲ့သည့် ကျွန်တော့်ကို သူမက ထာဝရ ပြန်လည်စွန့်ခွာခဲ့ပြီ။ ငယ့်အကြောင်း အိပ်မက်ဆိုးတွေ နေ့တိုင်းမက်သည့် ကျွန်တော်..။ ငယ်ကလွှဲလို့ ဘယ်မိန်းကလေးကိုမှ မချစ်တော့ လက်မထပ်တော့သည့် ကျွန်တော်..။ ငယ့်ကို ရက်စက်ခဲ့သည့် ဒဏ်တွေကို ခါးစည်းခံမည့် ကျွန်တော်...။
............................
တကယ်တော့ သက်ရောက်မှုတိုင်းမှာ တုံ့ပြန်မှုတစ်ခုစီတော့ ရှိနေကြသည်။ အချစ်တစ်ခုနဲ့ စတဲ့ ဇာတ်လမ်းတစ်ခု.. အချစ်နဲ့သာ အဆုံးသတ်ခဲ့မယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲ...။ ကြယ်တွေကြွေတာမြင်တိုင်း သူငယ်ချင်း ဖိုးကြယ်ကို သတိရမိသည်။ ငယ့်ကိုလည်း လွမ်းမိသည်။ ကြွေလွှင့်ပျက်စီးသွားသည့် ကြယ်နှစ်လုံးအတွက် ကျွန်တော်ဂျပန်ကောင်လေးမှာ ပရိသတ်တစ်ယောက်ပင်ဖြစ်ခဲ့ပါတော့သည်။


14 ယောက်က မှတ်ချက်ပြုသွားသည်။:
ဖတ်ရတာ စိတ်မကောင်းလိုက်တာ မောင်လေးရယ်... လူ့ဘ၀တွေမှာ မမြင်နိုင်တဲ့ ကံတရားတွေ တိုက်ဆိုက်မှုတွေက အံ့သြစရာပါလားနော်..။
ခင်မင်လေးစားလျှက်
စိတ်ကောင်းးးးးးးဘူးးးးးးးးးးးးးး ....!
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းပါစေလို့ပဲ ဆုတောင်းပါတယ် ပန်ပန်ရေ။ အရေးအသားကောင်းတယ်။ စာထဲမှာ မျှောသွားတာပဲ။ 5/5
ညီလေးရေ...
ဒီစာလေးဖတ်ရတာ...စိတ်မကောင်းစရာလေးဗျာ...။
အစကတည်းက တစ်ကယ်ခွင့်လွှတ်လိုက်ရင် အားလုံးအဖြစ်ဆိုးတွေနဲ့ ကြုံရမှာမဟုတ်ဘူး....။
သူများကို နာကျင်စေရင် ကိုယ်လည်းထိုက်တန်တဲ့ နာကျင်မှုမျိုးခံစားကြရတတ်တာပဲနော်....။
ခင်မင်တဲ့
ဏီလင်းညို
ဟုတ်တယ် တကယ်ချစ်တဲ့ အချစ်စစ်တွေမှာ တုန့်ပြန်မှုချက် ပြင်းလွန်းတယ် ဘယ်သူပဲချစ်ချစ် တစ်ဘက်သတ်ပဲချစ်ချစ် နှစ်ယောက်လုံးပဲ ချစ်ချစ် ဖြစ်လာပြီးဟေ့ဆိုရင် ထိချက်က ပြင်းထန်လွန်းတယ် . . . . .
ကောင်လေးရေ.. ရင်နင့်စရာ ဇာတ်လမ်းလေးကို စိတ်မကောင်းစွာ ဖတ်သွားပါတယ်။ ရေးဖွဲ့ပုံကလည်း ကောင်းတော့ တကယ်ပဲ ရင့်နင့်သွားပါတယ်..
အား... ရင်ထဲမှာဆို့ သွားတာပဲ..
ဟင်... ဝမ်းနည်းစရာကြီး... သနားပါတယ်နော်..း(... ရေးထားတာလဲ ကောင်းလိုက်တာ.. မျက်ရည်တောင်ဝဲတယ်... T__T
Waa it makes me feel.....
Very good writing and creativity. i wish u to creative like this so many. Cheer...
စိတ်မကောင်းလိုက်တာ ပန်ပန်ရာ....
တုန်ပြန်မှုတိုင်းမှာ သက်ရောက်မှုရှိတယ်ဆိုတာ အမှန်ပဲနော်...
လောကမှာ အဲလိုအဖြစ်မျိုးကို ဘယ်သူမှ ထပ်ပြီး မဖန်တီးမိပါစေနဲ့ ... မတွေ့ကြုံရပါစေနဲ့တော့ကွာ...
စိတ်မကောင်းပါဘူး ဖတ်ရတာ
ရင်နာစရာလေး. . . . .
ဝတ္ထုတိုဆိုတော့ ဇာတ်လမ်းတစ်ပုဒ်လိုပဲ ဖတ်လို့ကောင်း တယ် မှတ်တာ။ true story ကိုးး
စိတ်မကောင်းစရာကြီးပဲ အဲလိုဖြစ်တာကို တကယ်လို့ ကို မထင်ဘူး။
ဒဏ်ရာတွေက မနာပါဘူး
နှလုံးသားက သွေးစိမ်းတောက်တောက်ကျနေလို့...
ဆိုတဲ့အရေးလေး ကြိုက်တယ်...
းဝ)
ထိတယ်..
Post a Comment