ကျွန်တော်နှင့် ထိုထိုသော......


၁၉၈၆ ရဲ့ ကန်ရာသီအတွင်းမှာ ဒီလူ့လောကထဲကို ကျွန်တော်ရောက်လာခဲ့သည်။ လုံးထွားသော ကိုယ်ထည်၊ ရှည်လျားသော ဆံပင်တို့ဖြင့် ခွဲခန်းထဲမှာ မွေးဖွားခဲ့သည့် ကျွန်တော်သည် တစ်ပတ်တိတိ ရက်လွန်ခဲ့သော ကလေးတစ်ယောက်ဖြစ်ခဲ့သည်။  ခန့်မှန်းရက်ထက် တစ်ပတ်တိတိနောက်ကျနေခဲ့သည့်တိုင် သာမန်အနေနဲ့လည်း မမွေးဖွားခဲ့ပါ။ အဖေ့သွေးဘယ်နှစ်ပုလင်းမှန်းမသိ အမေ့ဆီကို သွင်းပေးခဲ့ရသည်။ အခက်အခဲတွေ အားလုံးအဆုံးမှာ ကျွန်တော်လူဖြစ်လာခဲ့သည်။  ထိုနေ့သည် အာဂမိန်းမသားတစ်ဦးဖြစ်သည့် ကျွန်တော့်မိခင်နှင့် ပထမဆုံး ဆုံစည်းသည့် နေ့ဖြစ်ခဲ့သည်။ 

ကျွန်တော်သည် အလွန်ဆိုးပေတေခဲ့သည့် ကလေးတစ်ယောက်ဖြစ်ခဲ့သည်။ ၀န်ထမ်းဘ၀နှင့် နေရာဒေသအမျိုးမျိုးသို့ ပြောင်းရွှေ့ခဲ့ရသည့် မိခင်အတွက် အငယ်ဆုံး ကလေးဖြစ်သည့် ကျွန်တော့်ကို ထိန်းကျောင်းဖို့ဆိုသည်မှာ မကြီးနှင့် မငယ်တို့တာဝန်ဖြစ်လာခဲ့သည်။ လူကြီးတစ်ယောက်၏ လက်ထဲတွင် အငြိမ်မနေပဲ တွန့်လိမ်အော်ဟစ်တတ်ခဲ့သည်မှာ ကျွန်တော်မမှတ်မိနိုင်တော့သည့် ကျွန်တော့်သမိုင်းဖြစ်ခဲ့သည်။  သွားရည်တမြားမြားနှင့် ချီသမျှ လူတို့ ပေကျံခဲ့ရသည်။  တခါတရံ အမတို့အပေါ်မှာ သေးပေါက်ချသည်။ စိုသွားသော ဘောင်းဘီတို့ကို လဲပေးနေစဉ်မှာပဲ “ပစ်” ကနဲ အီးပါချတတ်သည်။ တကြိမ်ကဆိုလျှင် အားမာန်ပါပါ ပါချလိုက်သည့် အီးတို့ လွင့်စင်သွားကာ အမကြီးမျက်နှာ တစ်ခုလုံး ပေကျံခဲ့ရသည်။ ကျွန်တော်၏ အနွံအတာကို သူတို့ တကယ်ပဲ ခံခဲ့ရပါသည်။ သူတို့သည် ကျွန်တော်၏ အရေးကြီးသော မိန်းမသားများပင်ဖြစ်ခဲ့သည်။  ငယ်ငယ်က ရွာတကာလိုက်နေခဲ့စဉ် ဆိုးသွမ်းသည့်လူမိုက်ကြီးတစ်ဦးဖြစ်ခဲ့သည့် ကျွန်တော့်ကို အမေထိန်းကျောင်းရသည်မှာ အင်မတန် လက်ပေါက်ကပ်သည်ဟု ဆိုသည်။ တုတ်တစ်ချောင်း အမြဲဆောင်ထားရသည်။ သူငယ်ချင်းအပေါင်းအသင်း များအပေါ်တွင်လည်း အင်မတန် အနိုင်ယူတတ်သည့်အတွက် ကျွန်တော့်ကြောင့် ငိုသွားရသော သူငယ်ချင်းတို့ အင်မတန်များသည်။ ချော့တဖန် ခြောက်တလှည့် ဆုံးမပေမယ့် ဘယ်လိုမှ မရသော ကျွန်တော်၊ ကျွန်တော့်ဘာသာ ပြောင်းလဲသွားတာကိုလည်း အမေအလွန်အံ့သြနေဆဲပင်ဖြစ်သည်။

မိခင်နှင့် အမနှစ်ယောက်တို့ကို ချစ်လည်းချစ်သည်။ ရိုလည်း ရိုသေသည်။ ဆိုးလည်း ဆိုးခဲ့သည်။ ပေလည်း ပေခဲ့သည်။ ကျွန်တော့်ဆိုးသွမ်းမှုကို အမနှစ်ယောက်ခံခဲ့ရသည်ကို တွေးမိတိုင်း ရယ်ချင်မိသည်။ ကျွန်တော် သူငယ်တန်းတက်တုန်းက အပေါင်းအသင်းတွေ အတန်းနားတိုင်း သေးပေါက်လေ့ရှိသည်။ သေးပေါက်တိုင်း သေးပေါက်ပြိုင်တတ်သည်။ ဘယ်လောက်ဝေးဝေးပြေးသလဲတို့ ဘယ်သူ များများပေါက်သလဲတို့ စသဖြင့် ပြိုင်တတ်သည်။ သေးပေါက်ပြီးပြီးချင်း ဘယ်သူ အတန်းထဲကို အရင်ရောက်မလဲလို့လဲ ပြိုင်သည်။ ထို့ကြောင့် အနိုင်ယူချင်စောနှင့် ရေများများသောက်သည်။ သေးများများပေါက်သည်။ ပြီး အမြန်အမြန် အတန်းထဲသို့ ပြန်ပြေးသည်။ ထိုအခါ ကျွန်တော့်ငယ်ပါ(.....) ကို ဇစ်နှင့် ညှပ်မိတော့သည်။ ဇစ်ကို ပြန်ဖြုတ်လို့လည်း မရ၊ ဖယ်လို့လည်း မရတဲ့အဆုံး ကျွန်တော်ထငိုပါတော့သည်။  အမရောက်လာပြီး ဖြုတ်သည်။ ကြိုးစားဖြုတ်သည်။ ကျွန်တော်နာမှာလည်း စိုးသည်။ သူအတော် ချွေးပြန်သွားသည်ထင်သည်။ အိမ်မှာလည်း ခဏခဏ ညှပ်သည်။ နောက်တော့လည်း မညှပ်အောင် ကြိုးစားရင်း အခုထိ မညှပ်တော့ပါ..း))။ သူတို့သည် ကျွန်တော်၏ အရေးပါဆုံးသော မိန်းမသားသုံးဦးပင် ဖြစ်ပေတော့သည်။

ကျွန်တော်သည် ဆရာမများကို ပုံမှန်ဆက်ဆံတတ်သူ မဟုတ်ပါ။ ကျွန်တော့်နည်း ကျွန်တော့်ဟန်နှင့် ဆက်ဆံသည်။ ချွဲလည်း ချွဲသည်။ ဆိုးလည်း ဆိုးသည်။ အနိုင်လည်း ကျင့်သည်။ ချစ်လည်း ချစ်သည်။ ထို့ကြောင့် ၅ ယောက်တွင် တစ်ယောက်သော ဆရာမက ကျွန်တော့်ကို အင်မတန်ချစ်ပါသည်။ ကျန်သော လေးယောက်က ကျွန်တော့်ကို မုန်းချင်မုန်းပေ့စေ ဂရုတောင် မစိုက်တော့ပါ။ ဘယ်လိုပဲ ပြောပြော ဟိုးငယ်စဉ်သူငယ်တန်းကတည်းက ဘွဲ့ရတဲ့အထိ ကျွန်တော်ချစ်သော ကျွန်တော်ကလည်း ချစ်သော ထိုထို ဆရာမတို့သည် ကျွန်တော့်ဘ၀၏ အထိအတွေ့အများဆုံးသော မိန်းမသားများပင် ဖြစ်ခဲ့ပါတော့သည်။

ကဲ.. ဆယ်ကျော်သက်ဘ၀ရောက်တော့ သစ်ရွက်ကလေး လှုပ်တာတောင် ရယ်ချင်တာပေါ့။ ကျွန်တော်လည်း ရယ်ပါသည်။ ရယ်တာမှ တဟားဟားနှင့်ကို ရယ်ပါသည်။ သူမကို ချစ်ခဲ့စဉ်က တလောကလုံး သာယာလွန်းသည် ဟုထင်ခဲ့ပါသည်။ သူမနှင့် ကွဲကွာစဉ်ကလည်း တလောကလုံးမှာ နေစရာမရှိတော့သလို ခံစားခဲ့ရပါသည်။ သို့ပေမယ့် သူမကို ကျွန်တော် အလွန်ကျေးဇူးတင်ပါသည်။ ကျွန်တော့်ကို အတွေ့အကြုံကောင်းကောင်း သင်ပေးခဲ့သည်။ အချစ် သင်ခန်းစာတွေ သင်ပေးခဲ့သည်။ လူတစ်ယောက်နှင့် တစ်ယောက်ကြားက အချစ်ဆိုသည့် ရှုပ်ထွေးသည့် အမျှင်တွေကို နားလည်တတ်လာအောင် လုပ်ပေးခဲ့သည်။ မိုးမမြင် လေမမြင်သည့် အချစ်က တချိန်ချိန်မှာ အဆုံးသတ်တတ်ပါလားဆိုသည်ကိုလည်း အသိပေးခဲ့သည်။ ကျေးဇူးတင်ပါသည်။ ကျွန်တော့်အတွက် တကယ့်ကို အတွေ့အကြုံကောင်းတစ်ခုပင် ဖြစ်ခဲ့ပါသည်။

ဘာပဲဆိုဆို ထိုမိန်းမသားတို့သည် ကျွန်တော့်ဘ၀ထဲမှာ ၀င်ရောက်ကပြခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ အနာဂတ်တလျှောက်လုံးမှာ ဘယ်လို မိန်းမသားတွေနဲ့ ကပြရဦးမယ်ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိနိုင်ပါ။

9 ယောက်က မှတ်ချက်ပြုသွားသည်။:

ဆောင်းနှင်းရွက် said...

ဖတ်သွားတယ် ... :)
ရယ် လည်း ရယ် သွား တယ် .. :P

~ဏီလင်းညို~ said...

ညီလေးရေ...
ဒီပို့စ်လေးကိုဖတ်ပြီး...မေမေတို့ကိုလည်း သတိရမိတယ်...။ နောက်ပြီး... ငယ်ငယ်တုန်းက ကျောင်းအိမ်သာမှာ သူငယ်ချင်းတွေနဲ့ ရှူရှူးပေါက်ရင် သေးမြှားကြတာကိုလည်းသတိရမိတယ်...။ မြှားရင်းနဲ့ သူဖြစ်ဖြစ်..ကိုယ်ဖြစ်ဖြစ် အရှိန်လွန်ကြရင် ဘောင်းဘီတွေ ခြေထောက်တွေမှာ ရှူရှူးတွေနဲ့ ပေကုန်တာတွေကို ပြန်တွေးမိရင်း...ရယ်မိတယ်...။
ဗညားရဲ့တက်ဂ်ပို့စ်လေးထင်တယ်...။
ဖတ်ရတာကောင်းတယ်....
ခင်မင်တဲ့
ဏီလင်းညို

ညရဲ့ကောင်းကင် said...

ဟားဟား ဖတ်ရတာတော်တော်ရီရတယ်....
ကလေးဘ၀ကတော့ အားလုံးနီးပါးအတူတူပါပဲဗျာ...
ခုကော ဘယ်လိုလဲ အချစ်သစ်မတွေ့သေးဘူးလား...

အစ်ကိုဆီကို လာလာပြီး နှစ်သိမ့်ပေးတဲ့ အတွက် ကျေးဇူးပါ ပန်ပန်ရေ...

စံလင်းထွန်း said...

အလည်ရောက်လာပါတယ်..စာတချို့ဖတ်သွားတယ်။

လသာည said...

အဟားဟား ကြံကြံဖန်ဖန် တင်ပြတတ်ပနော်

မြတ်မွန် said...

ငယ်ငယ်က တော်တော်လေးကို ကဲတာပဲ။
ခုရော ညိမ်ပြီလား။

pwa said...

Don't worry. another woman coming into ur life is ur wife.h.haaaa...

flowerpoem said...

့ဟားဟား ကောင်းတယ် ဂျပန်လေးရေ အမေရယ် အမရယ် ဆရာမရယ် က ဂျပန်လေးရဲ့ ဘ၀မှာ အရေးပါတဲ့လူတွေပဲ . .

ကောင်းကင်ပြာ said...

လူဇိုး..