ဘ၀ကို ပုစ္ဆာအဖြစ် ဖန်တီးခြင်း

ငယ်ငယ်တုန်းက အဖေနဲ့ ကျွန်တော်နဲ့ အမြဲအတူဆိုခဲ့တဲ့ ကဗျာလေးရှိသည်။ တယောတီးရင်းနဲ့ အဖေက မေးခွန်းတွေမေးရင်းဆို၊ ကျွန်တော်က ဖြေရင်းဆို။

“သားသားကြီးရင် ဘာလုပ်မလဲ.. ဖေဖေမေးရင်ကွယ်..

တံတားကြီးကို ဆောက်ကာရယ်.. ဗိသုကာကြီးလုပ်ပါ့မယ်..


သားသားကြီးရင် ဘာလုပ်မလဲ .ဖေဖေမေးရင်ကွယ်..
ဖျားနာသူတွေ သနားတယ်.. ဆရာဝန်လုပ်လို့ ဆေးကုမယ်...




သားသားကြီးရင် ဘာလုပ်မလဲ.. ဖေဖေမေးရင်ကွယ်..
ကမ္ဘာတစ်ခွင် လျှောက်လို့လည်.. လေယာဉ်ပျံကြီးမောင်းပါ့မယ်..”


ရည်မှန်းချက်တစ်ခု ချတတ်ခဲ့အောင် အဖေရိုက်သွင်းပေးခဲ့ပါသည်။ တကယ်လည်း အနာဂတ်ကြီးကို မျှော်မှန်းကာ စိတ်ကူးတွေယဉ်ခဲ့သည်။ လေယာဉ်မှူးကြီး တကယ် ဖြစ်ချင်ခဲ့သည်။ သိတတ်စအရွယ်ရောက်တော့ လေယာဉ်ကျောင်းဆိုတာ မရှိဘူး ဆိုတာသိလာခဲ့တော့ ရူးသွပ်ခဲ့မှုတွေက ယိုင်နဲ့နဲ့။ 

အသက် ၁၃ နှစ်အရွယ်. ရှစ်တန်းကျောင်းသားဖြစ်လာတော့ မြို့ပြအင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့သည်။  မမတို့သူငယ်ချင်းတွေ ပြောပြတဲ့ ကြို့ကုန်းက ကျောင်းအကြောင်း၊ ကျောင်းသားတွေအကြောင်း နားထောင်ရင်းနဲ့ပဲ အဲဒီကျောင်းကြီးမှာ တကယ်ပဲ တက်ချင်ခဲ့သည်။ တကယ်တမ်း ၁၀တန်း ဖြေပြီးချိန်မှာတော့ ထိုကျောင်းတော်ကြီး မရှိခဲ့တော့ပါ။ တကယ်ပဲပြိုပျက်ခဲ့ရပြီ။ ဒုတိယမြောက် အိပ်မက်တွေ လှဲပြိုခဲ့ပြန်သည်။ 

ဒီလိုနဲ့ စလုံးမှာ ကျောင်းတက်ချင်လွန်း၍ ပေါ်လီဝင်ခွင့်သင်တန်း တက်ခဲ့သည်။ နာမည်မကြီးလွန်း၊ မသေးလွန်းသည့် ထိုကျောင်းမှာ တကယ်ပဲ ပျော်ခဲ့ပါသည်။ နန်ယန်းကိုဝင်ဖို့ လျှောက်ထားရင်းနဲ့ တက်ချင်သည့်ဘာသာရပ်က အိုင်တီ။ တကယ်တမ်းကျွန်တော့်မှာ နိုင်ငံခြားထွက် ကျောင်းတက်ဖို့ ငွေအင်အား မလုံလောက်ခဲ့ပါ။ ဒါကိုပဲ သိသိရက်နဲ့ ဇွတ် တက်ခဲ့သည်။ ကံတရားကများ ကောင်းမလားဆိုတဲ့ အင်အား ယိုင်နဲ့နဲ့လေးကို လက်ကိုင်ထားပြီး တက်ခဲ့သည်။ ည ၂ နာရီတိတိမှာ ဖြေခဲ့ရသည့် စာမေးပွဲ၊ နောက်နေ့မနက်မှာ လက်ခံရရှိခဲ့သည့် ၀င်ခွင့်စာရွက်၊ တချိန်တည်းမှာပဲ “ကျောင်းသွားတက်ဖို့ မဖြစ်နိုင်ဘူးထင်တယ်၊” ဆိုသည့် အားအင်ချိနဲ့သည့် အိမ်က အသံ။ အားလုံးဟာ မျက်ရည်မိုးထဲမှာပဲ မျောပါသွားခဲ့ပြီ။ 

ဒီလိုပါပဲ..။ အဟင်း..။ ငယ်ငယ်တုန်းက သီချင်းထဲမှာ တခါမှမဆိုခဲ့ဖူးတဲ့ ကျောင်းမှာ တက်ခဲ့သည်။ ရည်မှန်းချက်ချဖို့ မပြောနဲ့ တခါမှတောင် မကြားဖူးခဲ့တဲ့ ဘွဲ့ကို ယူခဲ့ရပြီ။ တခါက ဆရာမကြီးတစ်ယောက်က ပြောသည်။ “ဘ၀ဆိုတာ ဖြစ်ချင်တိုင်းမဖြစ်ရသလို၊ မဖြစ်ချင်တာတွေလည်း ဖြစ်နေတတ်တယ်။ ရှေ့ရေးဆိုတာ ကြိုတွေးလို့မရဘူး” ဆိုတဲ့စကားကို မဲ့ပြုံးလေးနဲ့ ကျွန်တော်ဆန့်ကျင်ခဲ့သည်။ “တီချယ်.. ကျွန်တော်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်မယ်” လို့ ကျွန်တော်ပြောခဲ့သည်။ လွန်ခဲ့တဲ့ ၃ လလောက်ကတော့ “တီချယ်.. ဘ၀ဆိုတာ ဖြစ်ချင်တိုင်းလည်း တကယ်မဖြစ်ပါဘူးနော်..” လို့ ဆရာမကြီးရှေ့မှာ ကျွန်တော်ဝန်ခံ ခဲ့မိပြီ။ 

ကျွန်တော့်ဘ၀မှာ ဖြစ်ချင်ခဲ့တာတွေ မဖြစ်ခဲ့ပါ။ အိပ်မက်ပင် မမက်ဘူးပေမယ့် ဖြစ်နေခဲ့ပြီ။ ၂၃ နှစ်တာ ရှင်သန်ခဲ့သည့် ဘ၀မှာ ဒီလိုကြုံခဲ့ဖူးပြီဆိုတော့ နောင် ၅ နှစ်ဆိုတာ ပါမွှားလေးပါ။ အခုအချိန်မှာ ကျွန်တော် လက်ကိုင်ထားမိတာကတော့ “ငါရောက်နေတဲ့ နေရာမှာ ငါ့တာဝန်ကို ကျေအောင် လုပ်မယ်” ဆိုတာပါပဲ။ သေချာတာကတော့ နောင် ၅ နှစ်အထိ ကျွန်တော်ကျောင်းသား ဖြစ်နေဦးမှာပါ။ ထိုငါးနှစ်နောက်ပိုင်း အတွက်ဆိုရင်တော့ ကျွန်တော်ရတဲ့ဘွဲ့နဲ့ ၀န်ထမ်းတစ်ယောက်ဖြစ်နေမှာပါ။ မိခင်ကို လုပ်ကျွေးနေမယ့် သားတစ်ယောက် အနေနဲ့ ရှိနေမှာပါ။ 

အတွေ့အကြုံကောင်းဆိုတာ ဘ၀မှာ တကယ်ပဲ အထောက်အကူပြုပါသည်။ သူမှသာ သူ။ သူ့ကိုပဲ ချစ်သည် ဆိုပြီးတော့ အချစ်ဦးကြောင့် ကွဲခဲ့ရတဲ့ အသည်း။ ၀ဲခဲ့ရတဲ့ မျက်ရည်မိုးတွေ။ ခြောက်ခန်းခဲ့တဲ့ ည။ အမှောင်ရိပ်အောက်မှာ ကြေကွဲခဲ့ရတဲ့ ကျွန်တော်။ အခုအချိန်ထိ ပြန်တွေးလိုက်တိုင်း တဆစ်ဆစ်ပဲ။ တကယ်လို့ပေါ့ ကျွန်တော်အိမ်ထောင်ပြုခဲ့ရင် ကျွန်တော့်ဇနီးဟာ ကျွန်တော့်စိတ်ကို နားလည်သူပဲ ဖြစ်ချင်ပါသည်။ နားလည်မှုမရှိခဲ့ကြတဲ့ ချစ်သူတွေ ပဋိပက္ခဖြစ်လာရင် ဘယ်လောက်ခံစားရတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ပဲ နားလည်သူမို့ ကျွန်တော်ကလည်း နားလည်သော၊ သူကလည်း ကျွန်တော့်ကို နားလည်သော ချစ်သူနဲ့ပဲ လက်ထပ်မှာပါ။ 

တွက်ချက်လို့မရတဲ့ လောကကြီးထဲမှာ မတွက်တတ် တွက်တတ်နဲ့တော့ မမ၀ါတဂ်ထားတဲ့ ဘလော့ခ်တစ်ပုဒ်ဖြစ်သွားခဲ့ပြီ။ တကယ်လို့ မနက်ဖြန်မှာ ကျွန်တော်ဒီလောကကြီးမှာ မရှိခဲ့ရင်တော့ ဒီစာတွေ အားလုံး ဘွာတေးဗျာ။

သေချင်းဆိုး.. စက်


စက်ဟူသမျှ မုန်းသည်။ အသည်းနာသည်။ ဟင်း.. သေချင်းဆိုး...စက်..

ဒီလိုပါ။ လွန်ခဲ့တဲ့ စနေတနင်္ဂနွေပေါ့။ ခရီးဝေးလည်း မသွားဖြစ်သေးတာနဲ့ သူငယ်ချင်း တစ်ယောက်ဆီကို သွားလည်ခဲ့မိသည်။ တောသားပီပီ တောမှာပဲ ပျော်တော့ သွားလည်ခဲ့တာလည်း တောဆီကိုပါ။ အသွားတုန်းကတော့ သယ်ရင်းက လမ်းညွှန်တာနဲ့ အဆင်ပြေပြေပဲ ရောက်ခဲ့တယ်ပေါ့။ ဟိုရောက်တော့ မြန်မာတွေက အများကြီး..။ ကြက်သားကာလသားဟင်းချက်လေးစား.. ဘာစားပေါ့.. အဟေးဟေး.. အူကိုခွေ့လို့..။ တနင်္ဂနွေတနေ့လုံး ဟိုသွားဒီသွားပေါ့..။ ဘာမှ မရှိတဲ့တောပေမယ့် မုန်ညင်းခြံတို့၊ ဂေါ်ဖီခြံတို့၊ သစ်တော်ခြံတို့ကို မြင်တော့ ပျော်တာဗျာ..။ 

ဒါနဲ့ပဲ ညနေ ၅ နာရီထိုးတော့ အတော့်ကို မှောင်နေပြီ။ ရာသီဥတုကလည်း အေး.. နှင်းတွေကလည်း ကျ... အိုး.. ပျော်တာ...။ တကယ်ပျော်တာနော်..။ သားမွေးအင်္ကျီလေးဝတ်.. မာဖလာလေးပတ်.. နားကြပ်လေးတပ်ပြီးတော့.. နှင်းထဲ လမ်းလျှောက်ရတာ အိုး.. အရသာရှိလေစွ...။  

ရထားလက်မှတ်ဝယ်မယ်လုပ်တော့ ပိုက်ဆံက ၃၀၀၀ နဲ့ အကြွေစေ့တွေက ၉၀၀ ကျော်လောက်ကျန်သေးသည်။ ရထားခက ၁၅၂၀ နှင့် ထိုင်ခုံကြေးက ၁၂၈၀ ပဲကျတာမို့ အေးဆေးလောက်ငှသည်။  သူငယ်ချင်းနေတဲ့ ဘူတာက မိန်းရထားလိုင်းကို ၂ မှတ်တိုင်စီးရသေးတာမို့ ၂၀၀ တန်လက်မှတ်ကို ၀ယ်ပြီး ထွက်ခါနီးမှ ပိုက်ဆံပြန်ထည့်လိုက်မယ်လို့ နှလုံးပြုကာ အပေါဆုံးရထားလက်မှတ်လေးနှင့် ဘူတာထဲ ၀င်ခဲ့သည်။

ဒါနဲ့ ၂ မှတ်တိုင်စီးပြီးတာနဲ့ ရထားပြောင်းစီးရတော့မည်။ ရိုးရိုးရထားစီးလျှင် ကျွန်တော့်ဆီကို ၂ နာရီခွဲလောက်ကြာမည်။ အထူးအမြန်စီးလျှင်တော့ ၁ နာရီ သာသာလောက်ပဲ စီးရတာမို့ အထူးပဲ စီးဖို့ စိတ်ကူးထားတာပါ။  အကောင်းကြိုက်တတ်တော့ အဲဒီမှာ စတွေ့တာပဲ...။ 

အမြန်ရထားစီးရင် ထိုင်ခုံလက်မှတ်သပ်သပ်ဝယ်ရတာကြောင့် စက်ကလေး ထားပေးသည်။ ကျွန်တော်လည်း အလာတစ်ကြောင်း အတွေ့အကြုံကောင်းကောင်းရှိတာမို့ ဂုဏ်ယူစွာပဲ ဂျပန်စာတွေကို တတောက်တောက်နှိပ်ပြီး လက်မှတ်ဝယ်လိုက်သည်။ ကျွန်တော်စ၀ယ်တော့ ၆ နာရီ ၂၂ မိနစ်။  ထွက်လာတဲ့ လက်မှတ်က ထူးထူးဆန်းဆန်းပဲ အရှည်ကြီးနှင့် ကြီးနေသည်။ ကြည့်လိုက်တော့ ကျွန်တော်သွားချင်တဲ့ ဘူတာနာမည်လည်း မပါဘူး။ ကျွန်တော့်လက်မှတ်က ကျိုတိုကိုသွားသည့် လက်မှတ်ဖြစ်နေသည်။  

ဒါနဲ့ပဲ ခရီးသည်တစ်ယောက်ကို လှမ်းမေးတော့ သူပြောပြပါသည်။ ဘာတွေပြောနေလည်းတော့ နားမလည်ပါ။  ဒါနဲ့ လက်မှတ်ကို ဖြည်းဖြည်းချင်းပြန်ဖတ်သည်။ ပထမတစ်ကြောင်းက ကျိုတိုကိုသွားမည့် ရထား။ လာမည့်အချိန်က ၆ နာရီ ၃၈။ နောက်တစ်ကြောင်းက အိုဆာကာကို သွားမည့်ရထား။ ကျွန်တော်ဆင်းမယ့် ဘူတာမဟုတ်ပေမယ့် ရောက်မည်ဆိုတာကို နားလည်လိုက်သည်။  ဒါနဲ့ပဲ ကိုယ့်ဟာကို သဘောပေါက်လိုက်သည်။ ဒီလက်မှတ်က ၁၂၈၀ တန်ချင်းတူသည့် နေရာ ၂ ခုကို တခါတည်း ထည့်ရေးပေးထားတယ်ပေါ့..။ 

ဇဝေဇ၀ါပဲ.. ထိုရထားက ၇ နာရီခွဲမှ လာမယ်ဆိုတော့ အင်း.. စောင့်ရဦးမယ်ပေါ့လေ ဟုတွေးမိသေးသည်။ နောက် ထူးထူးဆန်းဆန်းပဲ ကျွန်တော်စီးရမည့် အတွဲက နံပါတ် ၆။ ဒီဘူတာမှာက နံပါတ် ၆ မှ မရှိတာ..။  သြော.်.. အချိန်လိုသေးလို့ နေမှာပါ.. ရထားလာမယ့် အချိန်ဆို အတွဲနံပါတ်တွေ ပြောင်းပေးမှာပေါ့လေလို့ အေးအေးဆေးဆေးပဲ တွေးလိုက်သေးသည်။ ဒါနဲ့ပဲ ကျိုတိုကိုသွားမယ့် ရထားကြီးက ဆိုက်လာရောပေါ့။ ကျွန်တော့်ရှေ့မှာပဲ လူဝင်လူထွက်.. ကျွန်တော်တော့ ဂရုတောင်မစိုက်ပါဘူး။ ကျိုတို ဘာသွားလုပ်မှာတုန်းပေါ့...။ 

ဒါနဲ့ အဲဒီရထားလည်းထွက်ရော ကျွန်တော်သွားချင်တဲ့ ရထားက ဆိုက်မယ့်အချိန်ကို ကြေငြာတော့ တခုခုလွဲပြီလို့ သိလိုက်သည်။ ဒါနဲ့ အောက်ဆင်း။ ရထားဝန်ထမ်းကို မေးတော့မှ... အာလာလာ... ။ ခုနက ကျိုတိုရထားကို စီးသွားရမှာတဲ့..။ ပြီးမှ ဘူတာတစ်ခုမှာဆင်းပြီးတော့ ဒုတိယတစ်ကြောင်းက ရထားကို ဆက်စီးရမှာတဲ့..။ သေရောပေါ့ဗျာ... ။ အခု ကျွန်တော်စီးချင်တဲ့ ရထားလည်းထပ် ဆိုက်တော့မယ်..။  ဒီလက်မှတ်ထဲက ရထားကလည်း အချိန်လွန်သွားပြီ။ ကမန်းကတန်းပဲ လက်မှတ်ထပ်ဝယ်ပေါ့.. ။ အမယ်ဗျာ. သေချင်းဆိုးစက်က.. အခုကျမှ ကျနော်လိုချင်တဲ့ လက်မှတ်ထွက်လာတော့တယ်...။  ဒါနဲ့ မြန်မြန်ဝယ်ပြီး ရထားပေါ် ကမန်းကတန်း တက်လာရတာပေါ့...။

ရထားပေါ်မှာ ထိုင်နေရင်းနဲ့ တစိမ့်စိမ့်တွေးရင်းနဲ့မှ သဘောပေါက်လာသည်။ ထိုစက်က ခရီးသည် စောင့်ရမည့် အချိန်သက်သာစေဖို့ စောစောလာသည့် ရထားကို ရွေးပေးသည်။ ပြီးမှ ပြောင်းစီးခိုင်းသည်။ စက်က စက်အလုပ်မလုပ်ဘူး..။ အချိန်ကုန်ကုန်မကုန်ကုန် သူ့အလုပ်လား.. အဟင့်..။ ဒီလောက်ဝေးတဲ့ ခရီးကို ပြောင်းစီးခိုင်းသေးတယ်.. ။ မသကာ အိပ်ပျော်သွားလို့ မပြောင်းမိရင် ကျိုတိုထိရောက်သွားမှာ..။  တွေးရင်းနဲ့ ဒေါသ ထွက်လိုက်တာ...။ မထွက်နေမလား..။ ကျန်တဲ့ ပိုက်ဆံကို ရေကြည့်တော့ ၈၀၀ လောက်ပဲရှိတော့သည်။  

ဘူတာထဲက ထွက်လို့ မရ။ ကျွန်တော်က ၂၀၀ တန်လက်မှတ်ပဲ ၀ယ်လာသည်။ ရထားခက ၁၅၂၀ ဆိုတော့ ၁၃၂၀ ပေးရဦးမည်။ ဘူတာထဲမှာလည်း ဘဏ်တွေမရှိ။ ဟင့်..။ ရထားပေါ်မှာ ခေါင်းခြောက်အောင်တွေး လာရသည်။ ဘူတာဝန်ထမ်းကိုပဲ တောင်းပန်ပြီးတော့ ဘဏ်မှာ ပိုက်ဆံထုတ်ပြီး ပေးရမလား..။ အလိုလို... စုံနေအောင်တွေးရတာပေါ့ဗျာ...။  ပျော်လာတာ ဘယ်ဆီတောင်ရောက်သွားမှန်းမသိတော့ပါဘူး...။  နောက်ဆုံး ကြံရာမရတော့တာနဲ့ အဆောင်က အမကြီးကို ဖုန်းလှမ်းဆက်ပြီးတော့ အကူအညီတောင်းမိသည်။ သူက သဘောကောင်းလို့ပေါ့..။ နေနေ.. မောင်လေး.. အမလာခဲ့မယ်ဆိုပြီး ချက်ခြင်းထလာလို့ပေါ့ဗျာ..။  သူသာမရှိရင် ကျွန်တော် ရဲစခန်းပဲရောက်မလား... ဂျပန်စကား မတောက်တခေါက်နဲ့ပဲ ရှင်းနေရမလား.. ဖလားဖလား.. မတွေးရဲစရာပဲဗျာ...။  

အမကြီးရောက်လာမှ ပိုက်ဆံလှမ်းယူပြီးတော့ ငွေဖြည့်.. ပြီးမှ မချိသွားလေး ဖြဲပြမိသည်။ ဟီး...။ ကျေးဇူးတင်လိုက်တာ...။

ဟွန်း.. စက်က စက်လိုမနေ.. လူလိုလျှောက်တွေးပေး.. သေချင်းဆိုး.. စက်..။  မုန်းတာ..။  စိတ်နာလွန်းလို့ ဓါတ်ပုံကို ရိုက်ယူလာတယ်...။ အောက်မှာ.... ။ 




နတ်တစ်ပါးနှင့် ကျွန်တော့်ပဟေဠိ


ကျွန်တော်သည် နတ်များကို ယုံကြည်သူ တစ်ယောက်ပါ။  သို့သော် ကိုးကွယ်သူ မဟုတ်ပါ။ နတ်ဆိုသည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာတရားတော်များအရ ၃၁ ဘုံလောကထဲမှ လောကသားတစ်ခုပင်ဖြစ်သည်။  လူများမှာကဲ့သို့ နတ်ကောင်းရှိသည်။ နတ်ဆိုးရှိသည်။ လူများသည်ပင် လူစိတ်ရှိသူများက လူကောင်းကို နှစ်ခြိုက် ချီးကျူးလေ့ရှိပြီး အကူအညီများ ပေးတတ်လေ့ရှိသလို လူဆိုးများသည် ဆိုးသွမ်းသောလူများကိုသာ နှစ်ခြိုက်တတ်ကြလေ့ရှိသည်။ ထို့အတူ နတ်ကောင်းများသည် လူကောင်းများကို ကြည့်ရှုစောင့်ရှောက် တတ်သလို နတ်ဆိုးများသည်လည်း လူဆိုးများကိုသာ ခင်တွယ်နေပေမည်။ 

နတ်ကိုးကွယ်သူများကို ကျွန်တော်အပြစ်မတင်ပါ။ နတ်ကိုးကွယ်သည့် အလေ့အထကိုလည်း ကျွန်တော် အပြစ်မတင်ပါ။ ကျွန်တော်သည် ထိုအလေ့အထများကို ဝေဖန်နိုင်လောက်သည့် အရည်အချင်းမရှိ၍ ဖြစ်ပါသည်။  ဒါပေမယ့် နတ်များအကြောင်းကို ထိုက်သင့်သလောက် လေ့လာတတ်ပါသည်။ စိတ်လည်း ၀င်စားပါသည်။  အခု ကျွန်တော်တင်ပြမည့် နတ်သမီးတစ်ယောက်အကြောင်းသည် ကြားဖူးမည့်သူများရှိနိုင်သော်လည်း အလွန်နည်းပါးလိမ့်မည်ဟု ထင်ပါသည်။  ဘာကြောင့်လဲဆိုတော့ ဒီနတ်သမီးကို မြန်မာကျမ်းဂန်များတွင် မတွေ့ခဲ့ရပဲ တရုတ်ကျမ်းဂန်မှာ တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။ 


ကျွန်တော်စင်္ကပူမှာ နေတုန်းက စင်္ကပူမိတ်ဆွေတစ်ယောက်နှင့် စကားပြောဖြစ်ခဲ့ပါသည်။ ကျွန်တော့် လက်ထဲတွင် ကိုင်ထားသည့် ပရိတ်ကြီး ၁၁ သုတ် စာအုပ်ကို တွေ့တော့ မြန်မာစာလားဟု မေးရာမှ စကားဝိုင်းမှာ ပိုမို ကောင်းမွန်ခဲ့သည်။ မြန်မာစာနှင့် ပါဠိစာကို သူကွဲပြားသွားအောင် အတော်ပင် ရှင်းပြလိုက်ရသည်။  ထို့ထက်တိုး၍ ပရိတ်များ၏ အဓိပ္ပါယ်ကိုပါ ရှင်းပြခိုင်းရာ အကြမ်းဖျဉ်း ရှင်းပြလိုက်ရသည်။ သူတကယ်ပဲ စိတ်ဝင်တစားနားထောင်ရင်း မြန်မာနှင့်ပတ်သက်သည့် နတ်တစ်ပါး အကြောင်းကို သူပြောပြရာ ကျွန်တော်တကယ်ပဲ အံ့အားသင့်ခဲ့ရပါသည်။


ထိုနတ်သမီးသည် မလေးရှားနိုင်ငံ ပီနန်မြို့တွင် နာမည်ကြီးပါသည်။ မလေးရှားတွင် နေထိုင်သူများ သိလိမ့်မည်ဟု ထင်ပါသည်။ ပီနန်မြို့တွင် နတ်ကွန်းတစ်ခုရှိသည်။ တရုတ်နတ်ကွန်းပါ။ ထိုနတ်ကွန်းမှာ မြန်မာနတ်ဟူ၍ ရှိပါသည်။ အစွမ်းလည်း အင်မတန်ထက်သည်ဟု ဆိုပါသည်။ ရောဂါဘယများသာမက လာဘ်လာဘအတွက်ဖြင့် ထိုနတ်ကို ကိုးကွယ်သူတို့ အင်မတန်များကြသည်။ 


ထိုနတ်သည် မြန်မာ့သမိုင်းတွင် ပုဂံမတိုင်မီက စခဲ့သည်ဟု ယူဆရသည်။ ထိုအချိန်က မြန်မာပြည်နေရာတွင် တိုင်းငယ်ပြည်ငယ်များ ရှိနေခဲ့သည်။ တိုင်းပြည်တစ်ပြည်တွင် မင်းသမီး တစ်ပါးရှိခဲ့ပြီး ထိုမင်းသမီးသည် အလွန်ချောလှသည်ဟု ဆိုသည်။ ထိုနှင့် တပြိုင်တည်း တရုတ်ပြည်တွင်လည်း တရုတ်မင်းသားတစ်ပါးသည် အလွန်ချောမောသည်ဟု ဆိုပါသည်။ တိုင်းပြည် အချင်းချင်း စစ်ခင်းသည့် အခါမို့ တနေ့တွင် ထိုနိုင်ငံငယ်တို့ စစ်ဖြစ်ရန် အကြောင်းဖန်လာခဲ့သည်။ 


မြန်မာပြည်ဘက်က ထိုမင်းသမီးဦးဆောင်သော စစ်တပ်နှင့် တရုတ်ပြည်ဘက်မှ မင်းသား ဦးဆောင်သော စစ်တပ်တို့ စစ်ချီတိုက်ခိုက်ကြသည်။ မြန်မာပြည်ဘက်ကပဲ နိုင်ခဲ့သည်။ ထိုမင်းသားမှာ အလျှော့မပေးပဲ ၃ ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်သည်။ ၃ ကြိမ်လုံးပဲ ရှုံးနှိမ့်ခဲ့ရသည်။ ရလဒ်ကတော့ မင်းသမီးလေးကို သူတကယ်ပဲ စွဲလမ်းသွားခဲ့သည်။ နောက်ဆုံးမှာ သူတို့ နှစ်ဦး ရည်ငံခဲ့ပြီး မင်းသမီးလေးမှာ တရုတ်ပြည်သို့ လိုက်ပါသွားခဲ့သည်။ 


ဒီဖြစ်စဉ်တို့သည် တရုတ်ကျမ်းဂန်တွင် အခိုင်အမာရှိသည်ဟု ထိုမိတ်ဆွေက ဆိုသည်။ မင်းသမီးမှာ တရုတ်ပြည်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်။ ဗမာစကားသာမက တရုတ်စကားကိုပါ ကျွမ်းကျင်စွာ ပြောတတ်ခဲ့သည်။ တိုတိုပြောပါက ထိုမင်းသမီးသည် ယခုဆိုသည့် နတ်သမီးပင်ဖြစ်ပေသည်။ နတ်ဝင်သည်တို့ထံ နတ်မေးသည့်အခါ ထိုမင်းသမီးသည် တရုတ်လို ရည်ရည်လည်လည်ပင် ပြောတတ်သည်ဟု ဆိုသည်။ တစ်ခါက မြန်မာအလုပ်သမားတစ်ဦး လုပ်ငန်းခွင်တွင် ဒဏ်ရာရခဲ့သည့်အခါ သူ့အလုပ်၇ှင်က ထိုနတ်ကွန်းသို့ ခေါ်သွားခဲ့သည်။ ထိုနတ်သမီး ၀င်လာသည့်အခါ မြန်မာလိုပဲ အမေးအဖြေ ပြုလုပ်ခဲ့သည်။ သူပြောသည့် မြန်မာစကားမှာ ယခုခောတ်နှင့် သိပ်မတူတော့သော်လည်း နားလည်သည်ဟု ဆိုသည်။ သို့နှင့် ကျွန်တော်က နတ်ဟူသည်မှာ စကားတိုင်းကို နားလည်သည်ဟု ပြောသော် ထိုမိတ်ဆွေက ငြင်းသည်။ ထိုနတ်သမီးသည် တရုတ်စကားနှင့် မြန်မာစကားကိုသာ နားလည်သည်ဟု ဆိုပါသည်။ မလေးစကားနှင့် ပြောပါက နားမလည်ကြောင်း ဆိုသည်။ 


မြန်မာပြည်၏ ဒေသတွင် တိုင်းပြည်ကို အုပ်စိုးသည့် မင်းသမီးဆိုသည်မှာ ပုဂံခောတ်မှ စတင်သော မြန်မာသမိုင်းတွင် မတွေ့ဖူးပါ။ ဒါကြောင့် နိုင်ငံသေးသေးလေးများရှိသည့် ပျူခေတ်ဟု မှတ်ထင်ပါသည်။ ထိုခောတ်တွင် ဘုရင်မများရှိတတ်သဖြင့် ဖြစ်လောက်သည်ဟု အောက်မေ့မိသည်။ ကျွန်တော်သိရသလောက် ပျူစကားနှင့် မြန်မာစကား မတူပါ။ ဒီနတ်သမီးပြောသော စကားတို့က ယခုခေတ် မြန်မာတို့ နားလည်လောက်သည့် မြန်မာစကားဆိုတော့ ပျူခောတ်က ဟုတ်မဟုတ် မသေချာပြန်။  နောက်တစ်ချက် ထိုနတ်သမီးသည် မြန်မာလူမျိုးဖြစ်ခဲ့သည်မှန်က မြန်မာပြည်သို့ အလည်လာတတ်ရမည်။ ဆိုလိုတာက မြန်မာနတ်လောကမှာ ကျက်စားတတ်သော နတ်ဖြစ်ရမည်။ 


တခါက နတ်များကို မြင်တတ်သည့် သူငယ်တစ်ယောက်ပြောပြချက်အရ ထိုနတ်သည် ကိုယ်လုံး အတော်ကြီးသည်ဟုဆိုသည်။ ဒါက ဖြစ်နိုင်ပါသည်။ ထိုခောတ်က လူများသည် ယခုခောတ်ထက် ကြီးမားကြသည်။ ဆံပင်မှာ အရှည်ကြီးဟုဆိုသည်။ မျက်လုံးကြီးများမှာ အလွန်လှပသည်။ ၀တ်ထားသည့် အ၀တ်အစားတို့မှာ ရိုးရှင်းသည့် မြန်မာအ၀တ်အစားများဖြစ်သည်ဟု ဆိုသည်။ ထိုနတ်သည် ပီနန်မြို့တွင် အလွန်နာမည်ကြီးနေသည်ဟုလည်း အတည်ပြုသွားပြန်ပါသည်။


ဘာပဲပြောပြော ကျွန်တော်တော့ စိတ်ဝင်စားပါသည်။ မြန်မာပြည်တွင် နာမည်မကြီးသော တရုတ်၊မြန်မာ နတ်က မလေးရှားက မြို့တစ်မြို့မှာ နာမည်လာကြီးနေသည်။ ကိုးကွယ်သူတို့က မြန်မာများမဟုတ်ပဲ တရုတ်များဖြစ်နေသည်။ ထို့အပြင် တရုတ်ကျမ်းဂန်များတွင် အတည်ပြုရေးသားထားသည်ဟု ဆိုပြန်ရာ တကယ်ပဲ စိတ်ဝင်စားမိပါသည်။ တချိန်ချိန်မှာ ဒီအကြောင်းကို ကျွန်တော်ဆက်လေ့လာနိုင်မယ်လို့လည်း မျှော်လင့်ပါသည်။ တကယ်လို့ တစ်စုံတစ်ယောက်က ဒီအကြောင်းတွေကို သိနေခဲ့မယ်ဆိုရင် ပြောပြခဲ့ပါလို့ တောင်းဆိုပါသည်။  

ကျွန်ုပ်နှင့် အိမ်နီးနားချင်းများ




ဘ၀ဆိုတဲ့ တိုတောင်းတဲ့ကာလအတောအတွင်းမှာပဲ အမှုပေါင်းဟာ ပွေလီရှုပ်ထွေးလှသည်။ မနက် အိပ်ရာထချိန်မှအစ ညအိပ်ရာဝင်ခါနီးအထိ ထိတွေ့ဆက်ဆံရသည့် ပတ်ဝန်းကျင်တစ်ခုသည် အရောင်အသွေး စုံလင်လွန်းလှပါသည်။ ကျွန်တော်သည် ချစ်လှစွာသော အိမ်နီးနားချင်းများအကြောင်းကို တင်ပြချင်သည်မို့ ဤစာကို ရေးသားလိုက်ရပေသည်။ 

၅ ထပ်မျှသာရှိသော ဤကျောင်းသားအဆောင်တွင် ယောက်ျားလေး ၂ ထပ် မိန်းကလေး ၂ ထပ်နေရသည်မို့ ပျော်ရွှင်ဖွယ်ကောင်းသော ဌာနေလေးတစ်ရပ်ဖြစ်နေပေတော့သည်။ ဘာသာမတူ၊ မေဂျာမတူသော လူငယ်များ ပေါင်းစုနေထိုင်ရာဖြစ်သမို့ တစ်ဦးကို တစ်ဦး နားလည်ခွင့်လွှတ်မှုကြီးစွာဖြင့် နေထိုင်နေကြသည် ဆိုပါစို့...။ 

၎ ထပ်မြောက်တွင် တည်ရှိပြီး၊ နေရောင်ထိုးရာအရပ်ဘက်တွင်ကျရောက်သဖြင့် ကျွန်တော်သည် ကျွန်တော့်အခန်းလေးကို အင်မတန်မှ ချစ်ခင်မြတ်နိုးလှပါသည်။ ဘယ်သူအေးအေး ဒီအခန်းလေးဟာဖြင့် ကျွန်တော့်ကို တတ်စွမ်းသလောက် အနွေးဓါတ်လေးတွေ ပေးနေတတ်သည်။ အောက်ဘက်ဆီသို့ ငုံ့ကြည့်လိုက်ပါက ဘုံအခန်းကို မြင်ရသမို့ ထမင်းဟင်းချက်ပြုတ်၊ ပြောဆိုနေသော လှပျိုဖြူများကိုမြင်နေရသည်မို့ မျက်စိပသာဒအားဖြင့်လည်း အေးလှပါသည်။ 

မြန်မာနိုင်ငံသား ကျွန်တော့်ကို ၀ိုင်းရံနေထိုင်လျက် ရှိသည်ကတော့ တောင်ကိုးရီးယားနှင့် တရုတ်နိုင်ငံတို့ ပင်ဖြစ်ပေတော့သည်။ အသက် ၁၉ နှစ်ခန့်သာရှိသေးသည့် ကိုးရီးယားညီငယ်လေးမှာ အစ်ကိုကြီးများကို ရိုသေဆက်ဆံတတ်ပြီး အပြောအဆို သိမ်မွေ့သည့်အတွက် ကျွန်တော့်မှာ အင်မတန် သဘောခွေ့နေမိသည်။ တဘက်မှ တရုတ်ကြီးမှာတော့ ဂျပန်စကား၊ အင်္ဂလိပ်စကားပြောနေစဉ်မှာတော့ အင်မတန်မှ လူကြီးလူကောင်းဆန်သလောက် တရုတ်ပေါက်ဖော်များနှင့် တရုတ်လို ပြောသောအခါမှာတော့ ၀ုန်းဒုန်းဆိုသလို အားရပါးရပင် ပြောတတ်လင့်ကစား ကျွန်တော်မှာ တောင်ပြေးရမလို မြောက်ပြေးရမလို ဖြစ်နေတတ်တော့သည်။ တခါတလေ အိမ်နှင့်လား ဘာလားမသိသောသူတချို့နှင့် ချက်တင်ထိုင်ရတွင် တချက်တချက် ထအော်စဉ် လိပ်ပြာလွင့်မသွားအောင် မနည်းထိန်းသိမ်းကာ ထားနေရပေတော့သည်။  လွန်ခဲ့သော တစ်ညကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ၀ုန်းကနဲ အသံကြောင့် လန့်နှိုးလာကာ မီးရေး၊ ထင်းရေး၊ ငလျင်ဘေးအမှတ်ဖြင့် အိပ်ချင်မူးတူးထပြေးရကား အပြင်ရောက်မှ ချစ်လှစွာသော ပေါက်ဖော်ကြီး ချတ်တင်စကားမှန်းသိရကား ရှက်လည်းရှက်၊ ဒေါသလည်းထွက်နှင့် အခန်းထဲ ပြန်ဝင်ခဲ့ရပေတော့သည်။ 

မပြောမဖြစ် ကျန်ရစ်မည်စိုးရသည့် အိမ်နီးနားချင်းများလည်းရှိပေသေးသည်။ တခြားတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းကောင်း အိန္ဒိယနိုင်ငံသားများပင် ဖြစ်ပေတော့သည်။ ကုလားသုံးယောက် နေထိုင်ရာ ကျွန်တော်တို့ အထပ်တွင် အင်မတန်မှာ စည်ကားလွန်းလှပေတော့သည်။ ရေချိုး၊ ထမင်းချက်၊ အိမ်သာတက်သွားတိုင်း ကုလားသီချင်းလေးများကို အော်ဆိုတတ်သမို့ ဖျော်ဖြေတတ်လေစွဟု နှလုံးပိုက်မိသည်။ လေကလည်း တချွန်ချွန်နှင့်မို့ ကျွန်တော့်မှာ မြွေဆိုးအန္တရာယ်ကို အင်မတန်ကြောက်ရွံ့ နေရပေတော့သည်။ 

ကျင်ငယ်စွန့်ရာတွင်လည်း အောက်က ကျင်ငယ်စွန့် အထက်က တံတွေးကို တပျစ်ပျစ်နှင့်  တဖီးဖီးမြည်အောင် စွန့်တတ်ကြသဖြင့် ကျင်ငယ်စွန့်ရာခွက်များတွင် တံတွေးများပေးကျံနေတတ်ပေသည် ကျွန်တော်မှာ ကျင်ငယ်စွန့်ရာတွင် အပေါ်မျက်နှာကျက်ကိုသာ တွင်တွင်ကြည့်ရင်း စွန့်ပေရတော့သည်။ အိမ်သာတက်တော့မည်ဆိုပါက လက်ကျန်ပစ္စည်းများ အင်မတန်ကျန်တတ်သဖြင့် သတိပင် ပေးရပေတော့သည် (ကုလားများလုပ်သည်ကို လူမိ၍ ပေါ်တင်ရေးသည်)။ 

ထိုကုလားတို့မှာကား ရောက်ရာအရပ် ပဲဟင်းကို အသေကြိုက်ရကား၊ ပဲကို ဟင်းအိုးနှင့် ချက်ကာ ၂ ရက်တန်သည် ထားတတ်သည်။ ထိုသို့ထားရာတွင် အဆင့်လိုက်အဆင့်လိုက်ရှိသော ဘီရိုလေးများတွင် သိုဝှက်ထားကာ နာမည်များ ကပ်ထားသည်မို့ တချို့သော မိန်းကလေးများ ထရယ်တတ်ပေသည်။ ထမင်းဟင်းချက်ပြုတ်ရာတွင် ပေကျံပွစိလန်နေအောင်ချက်တတ်ကြသဖြင့် ကျွန်တော်တို့ ၄ ထပ် မိသားစုမှာ အင်မတန်နာမည်ကြီးလှပေတော့သည်။ စနေကာစက ကပ်ထားသော စည်းကမ်းစာရွက်မှာ တစ်ရွက်ပင် ဖြစ်လင့်ကစား ယခုအခါ ၆ ရွက်တိတိအထိ တိုးပွားလာသဖြင့် ဂုဏ်ယူဖွယ်ကောင်းလေစွဟု နှလုံးပိုက်မိပေတော့သည်။ 

ဆက်ဦးစို့.. အဆိုပါ ကုလားသုံးယောက်မှာကား တစ်ဦးတာဝန် တစ်ဦးကျေပြွန်အောင် ဆောင်ရွက်တတ်ကြ ပေသည်။ တရုတ်ကြီးဘေးက ကုလားမှာ တံတွေးထွေးခြင်း၊ သွားတိုက်နေရင်း အိမ်သာ၊ မီးဖိုချောင်၊ ရေချိုးခန်း အနှံ့သွားတတ်ခြင်းစသဖြင့် သူငယ်ချင်းအပေါင်းအသင်းများ မျက်စိအောက်မှ ပျောက်မသွားအောင် တာဝန်ကျေပြွန်ရှာပေသည်။ သူနှင့် တခန်းကျော်မှာနေရှာသော ကုလားမှာတော့ လေချွန်ခြင်း၊ သီချင်းဆိုခြင်း၊ များသာမက ည ၁၁ ခွဲလျှင် ဟင်းစချက်ခြင်းဖြင့် နှိပ်စက်တတ်ပေသည်။ လွန်ခဲ့သောညတစ်ညက ၁၁ နာရီလောက် ဟင်းထချက်ရာ အင်မတန်မှာ မွှေးပျံ့လှစွာသော ကုလားဟင်းအနံ့များသာမက ဆီပူနံ့ ညှော်နံ့များ တထောင်းထောင်းထလာရာ တထပ်လုံး ပျံ့ရုံတင်မက အလုံပိတ်ထားသော ကျွန်တော့်အခန်းထဲအထိ ရောက်လာသဖြင့် ကျွန်တော်မှာ အပြင်ဘက် မှန်တံခါးကို ထဖွင့်လိုက်ရပေတော့သည်။ စာဖတ်သူတို့... မျက်စိထဲ မြင်ယောင်ကြည့်လော့.... ။ အခန်းထဲနေချိန်မှာတောင် ဟီတာဖွင့်ထားရသော ကျွန်တော့်မှာ ထိုအချိန်ကတော့ တံခါးကိုဖွင့် အပြင်မှ ၀င်လာသော လေတို့ကို အံတုကာ တုန်တုန်ရီရီဖြင့် နာရီဝက်ခန့် နေလိုက်ရပေတော့သည်။ (ပြုသမျှဝဋ် ဒီတင်ပဲ ကျေပါရစေတော့ ကုလားတို့ရယ်... အဟင့်ဟင့်..)

မနေ့ညကတော့ ကျွန်တော်တကယ်ပဲ နေမကောင်းပါ။ ည ၁၀ နာရီတိတိတွင် အိပ်ရာဝင်ခဲ့ပါသည်။ ရုတ်တရက် တရုတ်ကြီးဘေးမှ ကုလားမှ ထထအော်လာပါသည်။ သေချာနားစွင့်ကြည့်ရာ သြော်.. ရူးနေတာမဟုတ်ပါ.. အိမ်နှင့် ချတ်နေခြင်းပင်ဖြစ်သည်။ ဘေးမှ တရုတ်ကြီးကတော့ အခုချိန်မှာ. သက်ပြင်းလေး တချချနှင့်ကြားနေရပါသည်...။ ၂ လတာနေထိုင်ခဲ့သည့် ကျွန်တော့်မှာတော့ ဒီအသံတွေကို အံတုကာ ပြုံးပြုံးကြီး အိပ်ပျော်နေခဲ့ပေတော့သည်။ 

(အခါအခွင်သင့်ပါက ချစ်ဖွယ်ကောင်းသော အိမ်နီးနားချင်းများ အကြောင်းကို ဖောက်သည်ချပါမည်။ ကျွန်တော့်မှာ အိမ်နီးနားချင်း အများကြီးရှိပါသည်..)

ကျွန်တော်နှင့်သရဲများ...

ကျွန်တော့်အသက် ၂ နှစ်ခွဲကစလို့ ၅ နှစ်လောက်အထိ သရဲဆိုတဲ့အကောင်ကို ကြောက်စရာလို့ မထင်ခဲ့ပါ။ အကြောင်းရင်းကတော့ သရဲထက် ကျွန်တော်က ပိုကြောက်စရာကောင်းလို့ ထင်ပါသည်။ ကျောင်းစမတက်ခင် အထိ ဘော်ကြိုဆိုသည့် ရွာလေးမှာ ကျွန်တော်နေခဲ့သည်။ မွေးသမိခင် အမေနဲ့ပေါ့။ အမေ့လက်ထဲမှာ ကျွန်တော့်အတွက် အမြဲကိုင်ထားတာကတော့ ကိုက်တံ။ ထိုကိုက်တံနှင့် တဒေါင်ဒေါင် အခေါက်ခံခဲ့ရသည်။ ဘယ်လို ရိုက်ရိုက် ပုံမပျက်တာကတော့ ကျွန်တော်...။

ဘော်ကြိုမှာ ဒုဌ၀တီမြစ် (မြစ်ငယ်) မြစ်ရှိသည်။ လူအင်မတန်စားပါသည်။ အထူးသဖြင့် ဧည့်သည်များကို ပိုစားသည်။ တစ်နှစ်တစ်ခါ ကျင်းပသည့် တပေါင်းဘုရားပွဲတွင် လူစိမ်းတစ်ယောက် အနည်းဆုံးသေသည်။ မြစ်ေ၇မှာ အင်မတန်စိမ်းလှသည်။ စိမ်းသည့်အလျောက် ရေစီးအင်မတန်သန်သည်။ အောက်ကို ငုံ့ကြည့်လိုက်လျှင် ရေမှော်များကြားမှ မမြင်ရသည့် အနက်။ ဒီမြစ်ဟာ ကျွန်တော့်အတွက် ကစားစရာပဲ.. အဟားဟား.. ဘယ်သူကြောက်ကြောက်.. ဂျပန်မကြောက်...။ ဘာလို့လဲဆိုတော့ ဟိုးဘက်ကမ်းမှာ ကြံတွေ စိုက်သည်။ ကြံသကာဖိုတွေရှိသည်။ ဒီရွာမှာ ဘယ်သူလာစားစား ဘယ်သူမှ မဆူ။ အ၀ကျွေးသည်။ ထိုကြံများကို စားချင်သောကြောင့် အနိုင်ယူနေကျ အပေါင်းအသင်းများကို ခြိမ်းခြောက်.. လှေကို မလှော်တတ်လှော်တတ်လှော်.. ကမ်းကူးပြီး သွားနေကျ။ (ထိုကိစ္စကို အမေမသိခဲ့ပါ... ဟီး.. ထိုစဉ်က အပေါင်းသင်းများမှာလည်း ကလေးပင်ရနေပြီဟု ကြားသည်။)

တနေ့ညနေခင်းပေါ့..။ ဒီမြစ်မှာ ရေချိုးနေကျဆိုတော့ ကျွန်တော်တို့ ကလေးတသိုက် ဂွေးတန်းလန်းလေးတွေနဲ့ ဟိုပြေးဆော့ ဒီပြေးဆော့ပေါ့...။ ဆော့နေရင်း ဟိုးမြစ်လယ်မှာ မည်းမည်းကြီးတစ်ခု စီးလာတာကို တွေ့လိုက်မိသည်။ ဖောင်းဖောင်းကြီး။ သေချာကြည့်တော့ ထမီကြီးဖြစ်နေသည်။ ထမီက လေခိုပြီး ရေပေါ်မှာ ပူစီဖောင်းလို ဖြစ်နေသည်။ အလောင်းတစ်လောင်းလို့ သိလိုက်မိသည်။ အဲဒီအချိန်ပဲ လှေတစ်စီး ဒီဘက်ကမ်းကို လှေအလာ.. မြစ်လယ်မှာ ထိုအလောင်းနှင့် တိုက်မိကြသည်။ ရုတ်တရက်.. ထိုအလောင်းမှ နွားအော်သံကဲ့သို့သော အသံတစ်ခုထွက်လာသည်။ ဒေါသတကြီး တုံ့ပြန်လိုက်သောအသံ..။ ထိုလှေကို အမြန်လှော်လာရန် ၀ိုင်းအော်ပြောကြသည်။ ထိုညမှာပဲ ထိုအလောင်းကို ဆယ်ယူလိုက်ကြသည်။ ဆေးစစ်ချက်အရ ထိုအလောင်းသည် ရေနစ်သေသည်မဟုတ်။ လူသတ်မှုတစ်ခုမှ အလောင်းတစ်လောင်းမျောလာခြင်းပင်ဖြစ်သည်။ ထိုသရဲကို အသက် ၃ နှစ်လောက်မှာ ကြုံဖူးလိုက်သော်လည်း ကျွန်တော့်မှာတော့ မပြောင်းလဲသော အကြောင်းတရား...။ မြစ်ထဲမှာ ဆော့မြဲ... ပြေးမြဲ.. ကြံသွားစားမြဲ.....။

တခုတော့ရှိသည်။ သရဲဆိုတာကို မကြောက်ပေမယ့် ဇီးကွက်ကိုတော့ အင်မတန်ကြောက်ပါသည်။ အဲဒီရွာ ကျွန်တော့်အိမ်ဘေးမှာ သစ်ပင် အုပ်အုပ်ဆိုင်းဆိုင်းလေးရှိသည်။ ညဆို ဇီးကွက်များခိုကာ အော်တတ်သည်။ ထိုအသံကြားလို့ကတော့ လူကြီးတစ်ယောက်ယောက်ပေါင်ပေါ်ကို အမြန်ဆုံး သွားထိုင်တတ်ပါသည်။ ဤမျှ အထိသည်ကား ဘာမထီသည့် အာဇာနည် ဂျပန်ကောင်လေး ဘ၀ပင်ဖြစ်ပေတော့သည်။

ဒီလိုနှင့် အသက်လည်း ၅ နှစ်ပြည့်လာ။ မြို့မှာနေပြီး ကျောင်းတက်ရပြီ။ တကယ်တမ်းတော့ ကျွန်တော် စာကျက်မပျင်းပါဘူး။ ဒါပေမယ့် ဘာလို့လဲမသိ.. တအိမ်လုံး ပထမရအောင်ချည်း လုပ်ခိုင်းနေသည်။ ည ထမင်းစားပြီးတာနဲ့ ပုံမှန်စာကြည့်စားပွဲမှာ စာကျက်တာပဲ..။ တခါတခါ မောတော့ နားမှာပေါ့..။ ဒါကို အဖေက မရဘူး..။ သူ့သားငယ်အသံတိတ်တာနဲ့ ထခြောက်တော့သည်။ လူပုလေးဆိုသည့် တစ္ဆေနှင့်။

ကျွန်တော့်အိမ်မှာ ငါးမွေးကန်သုံးကန်ရှိသည်။ ထိုငါးကန်ဟိုးဘက်အစပ်မှာ မှန်ကူပင်(တခြားဒေသမှ လူများ သိမည်မထင်ပါ)အုပ်အုပ်ဆိုင်းဆိုင်းကြီးရှိသည်။ အဖေဖြီးထားတာကတော့ အဲဒီတောထဲမှာ လူပုလေးနေတယ်တဲ့..။ သူက စာရင်းစာအုပ်လေးကိုင်ပြီးတော့ စာမကျက်တဲ့ ကလေးတွေကို လိုက်မှတ်သတဲ့..။ စာတကယ်မလုပ်ရင် ဂုတ်ချိုးပစ်မတဲ့ဗျား...။ ခြောက်လှန့်ထားတာကတော့ အပီပဲ...။ ကျွန်တော်ကလည်း လူပုလေးမပြောနဲ့ အဲဒီ အပင်အုပ်အုပ်ဆိုင်းဆိုင်းကို နည်းနည်းမှောင်လာရင် မကြည့်ရဲတော့ဘူး..။ ငယ်ငယ်က သတ္တိတွေ ဘယ်ရောက်ကုန်ပါလိမ့်..။ (ဒီနည်းက ကျွန်တော့်ကို စာကျက်ချင်လာအောင် နှိုးဆွနိုင်ခဲ့ပေမယ့် ကြောက်စိတ်တွေကို မသိမသာထည့်ပေးခဲ့တယ်ဆိုတာ အဖေမသိခဲ့ဘူး.. ထိုအချိန်ကစလို့ ကျွန်တော့်သတ္တိတွေ လျော့ပါးလာခဲ့သည်)။

နောက် ကျွန်တော်နဲ့ ရင်းနှီးသော သရဲတစ်ကောင်ရှိသေးသည်။ သူကအမြဲတမ်း ကျွန်တော့် အိမ်မက်ထဲကို လာသည်။ သူ့ကိုတော့ ကျွန်တော်တကယ်ကြောက်ပါသည်။ အိပ်မက်ထဲမှာ ကျွန်တော်က အိပ်နေသည်။ ကုတင်အစွန်းကို ကျောခိုင်းပြီး နံရံဖက်လှည့်ကာ အိပ်နေသည်။ အိပ်နေရင်း အိပ်နေရင်း နောက်ကျောမှာ တစုံတရောက်ရှိသလိုလို ခံစားလာမိသည်။ ဘယ်လိုမှ မနေနိုင်သည့်အဆုံး လှည့်ကြည့်မိတော့.. နောက်မှ ရပ်နေသည့် ကြောင်မျက်နှာနှင့် သရဲ...။ ဒီအိပ်မက်ကို မှတ်မှတ်ရရ ၅ ခါလောက် မက်ခဲ့ဖူးသည်။ မက်တိုင်းလည်း အသည်းအသန် ထငိုဖူုးသည်။ တခါမက်ပြီးလျှင် အဖေနှင့် အမေကြားဝင်အိပ်မှ နွေးထွေးစွာ အိပ်ပျော်ခဲ့ရသည်။ သူသည် ကျွန်တော့်ဘ၀မှာ အရက်စက်ဆုံး သရဲတစ်ကောင်ဖြစ်ခဲ့သည်။

နောက်အဖြစ်အပျက်ကတော့ ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းဆုံးသောနေ့ကပင်ဖြစ်သည်။ (ဒီအကြောင်းကို ဘလော့ခ်တစ်ပုဒ်အဖြစ် ရေးပြီးခဲ့ပြီ)။ ထိုည... သူငယ်ချင်း အသုဘက အပြန်။ မီးဖွင့်လျက်ပင် အိပ်နေမိသည်။ ခြင်ထောင်ဖြူလွလွကို ငေးရင်းနဲ့ ၀မ်းနည်းမိသည်။ သူ့ကို ထိုးခဲ့ဖူးသည့်အတွက် သူပြန်လာလက်စားချေမလားလို့ ကြောက်နေမိသည်။ သူငယ်ချင်းကို မကျွတ်လွတ်ဘူးလို့ မဆိုလိုချင်ပါ။ ဒါပေမယ့် ကျွန်တော့် သင်္ချိုင်းကုန်းကို သွားခဲ့သည်။ တစုံတခုများ ကပ်ပါလာမလားလို့လည်း တွေးနေမိသည်။ နေရင်းထိုင်ရင် အနံ့တခုခုကို ရလိုက်မိသည်။ အတော်ခံရခက်သည့် အနံ့။ ဘာအနံ့လို့ပင် အခုတိုင်ဝေခွဲလို့မရ..။ အမေတို့ကို ခေါ်ပြသည်။ အိမ်ခန်းအနံ့ လိုက်ရှာသည်။ မတွေ့..။ အိမ်အပြင်ကလာသလားလို့ လိုက်ကြည့်တော့လည်း အပြင်မှာ ဘာအနံ့မှ မရခဲ့...။ အဲဒီည အမေပရိတ်ရွတ်သံကြားမှာ အိပ်ပျော်အောင်ကြိုးစားခဲ့ဖူးသည်။

နောက်အဖြစ်ကတော့ ကျွန်တော်မကြောက်သော သရဲခြောက်ခြင်းမည်ပါသည်။ သရဲပေါသော စင်္ကပူတွင်ပါ။ သူငယ်ချင်းတစ်ယောက်ဆီ လိုက်အိပ်သောည..။ သူတို့အိမ်သည် လူငယ်များချည်းနေသည့်အတွက် လွတ်လပ်သည်။ ဘယ်သူလာလာ အားလုံး အဆင်ပြေသည်။ သူငယ်ချင်းအခန်းမှာ ၂ ယောက်နေသည်။ အခန်းဖော်က အပေါ်မှာ အိပ်သည်။ သူငယ်ချင်းက အောက်မှ အိပ်သည်။ နှစ်ထပ်ကုတင်ပေါ့ဗျာ...။ တညမှာတော့ ၁၁ ခွဲလောက် ကျွန်တော်ကုတင်အောက်ထပ်မှာ အိပ်ဖို့ ပြင်နေမိသည်။ ဒီကောင်တွေက တညလုံး ဒိုတာခုတ်နေတတ်တာကြောင့်.. မစောင့်ချင်တော့..။ အဲဒါနဲ့ အခန်းတံခါးကိုပိတ်ပြီး တစ်ယောက်တည်း အိပ်နေမိသည်။ ရုတ်တရက် တစုံတရာ ကုတင်ပေါ်တက်သွားတာ သိလိုက်သည်။ (နှစ်ထပ်ကုတင်အပေါ်သို့ လူတက်လျှင် ကုတင်တစ်ခုလုံး ခါသွားလေ့ရှိသည် ) ဒါမထူးဆန်း..။ သူငယ်ချင်းအခန်းဖော်က ဒိုတာတပွဲနားရင် ကုတင်ပေါ်တက်ပြီး ပုတီးလာစိပ်တတ်သည်။ ပြီးရင် ဆက်ဆော့သည်။ သူပဲထင်ပြီး ကျွန်တော်ဆက်အိပ်သည်။ သူပုတီးစိပ်တုန်း ငါအပေါ့သွားဦးမယ်လို့ နှလုံးပြုပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ကုတင်အပေါ်ထပ်ကို ကြည့်လိုက်တော့ ဘယ်သူမှ မရှိ...။ တံခါးကို ဖွင့်ထွက်လိုက်တော့ ထိုအခန်းဖော်က အပြင်းအထန် ဒိုတာခုတ်နေသည်။ ဒီတခါကတော့ ဘယ်လိုမှ မလွဲသော သရဲခြောက်ခြင်းလို့ တပ်အပ်သိလိုက်မိသည်။ ထူးဆန်းစွာပင် ထိုအိမ်မှ သရဲများကို ကျွန်တော်မကြောက်ခဲ့ပါ။ အပြောအဆိုအရ သားအမိနှစ်ယောက်ဟု ဆိုသည်။ ညဘက် ဆက်တီတွေမှာ ထိုင်နေတတ်သည်ဟုလည်း ဆိုသည်။

ဤစာကိုဖတ်ပြီးပါက သတ္တိရှင်အပေါင်းတို့..။ ညအိပ်ခါနီးရင် ကုတင်အပေါ်ထပ်ကိုကြည့်ပါ...။ ညအိပ်ရင် နံရံဖက် လှည့်အိပ်ပါ..။ သရဲလာရင် တခါတည်း မြင်နိုင်အောင်...။ ဂိမ်းကစားတတ်သော ဘော်ဒါတို့ တခါတရံ သရဲများကို ဂိမ်းခေါ်ကစားပါ...။ သူတို့ ပျင်းနေပါလိမ့်မည်....။ (ဒီစာသည် ကြောက်ရန်မရည်ရွယ်သလို မဟုတ်တာကိုလည်း မရေးခဲ့ပါ။ ကျွန်တော့်ဘ၀မှာ ကြုံတွေ့ခဲ့သည်ကို စာမှာ ချပြလိုက်ခြင်းသာဖြစ်သည်။ ယုံခြင်း မယုံခြင်းကတော့ စာဖတ်သူတို့ ခံစားချက်အတိုင်းသာတည်း...)

သူ......


မှောင်မိုက်နေတဲ့ညလေးတစ်ည...။ လူသူကင်းမဲ့နေသည့် လမ်းမတလျှောက် ကျွန်တော်ဆိုင်ကယ်လေးကို အသော့နှင်လာမိသည်။ ရှမ်းပြည်ရာသီဥတုအေးအေးလေးမှာ စိတ်တွေကြည်လင် လန်းဆန်းသွားပေမယ့် မှောင်မိုက်နေသည့် လမ်းကတော့ သွားလာရခက်သည်ကတော့ အမှန်ပင်။ ဒီမြို့လေးက မြို့ကြီးတွေနဲ့မတူ မီး ၂၄ နာရီရပေမယ့် လမ်းမီးအတွက်တော့ အသုံးမပြုကြတာကြောင့် ဆိုင်ကယ်မီးလေးကိုပဲ အဖော်ပြုရင်း အိမ်သို့ ပြန်လာခဲ့မိသည်။

ကျွန်တော်က ဒီမြို့ခရိုင်ပြည်သူ့ဆေးရုံက လက်ထောက်ဆရာဝန် (AS)။ မနေ့ကတည်းက နိုက်ဂျူတီ ၀င်လာခဲ့တာမို့ ပုံမှန်အတိုင်းဆိုပါက ဒီနေ့မနက်ကတည်းက အိမ်ကိုပြန်ရမည်ပင်။ သို့ပေမယ့် Surgeon တစ်ယောက် အရေးတကြီး အစည်းအဝေးနှင့် မန္တလေးသို့ သွားခဲ့ရသဖြင့် ဆေးရုံမှာပဲ ဆက်နေဖြစ်ခဲ့သည်။ အခုတော့ ဘယ်လိုမှ မနေနိုင်တော့။ လူလည်း တော်တော်ပင်ပန်းလှပြီ။ မနေ့ညကလည်း တစ်ညလုံးမအိပ်ခဲ့ရ...။ အခု ကျွန်တော်ကျနေသည့် ၀ပ်က အိုဂျီဝပ်။ အရေးပေါ်မွေးလူနာလာပါက အိမ်သို့ လာခေါ်ရန် သို့မဟုတ် အဝေးသုံးဖုန်း (Cordless Phone ထိုစဉ်က GSM ခောတ်မစားသေးပါ) သို့လှမ်းအကြောင်းကြားရန် နပ်စ်လေးများအားမှာပြီး ပြန်လာခဲ့သည်။

ဆေးရုံက တောင်ဘက်စွန်း၊ ကျွန်တော့်အိမ်က မြောက်ဘက်စွန်းမှာဆိုတော့ အတန်တော့ ခရီးနှင်ရသည်။ ကျွန်တော့်အိမ်ကလည်း အစွန်ဆိုတော့ ပြောရရင် လူခြေတိတ်တယ်ပေါ့ဗျာ။ အဟား.. ကျွန်တော်သူငယ်ချင်းတွေဆို ညဘက်မှောင်ရင် ကျွန်တော့်အိမ်ဘက် မလာရဲကြဘူး..။ သူတို့ ကြောက်တတ်ပုံကို တွေးမိပြီး ကျွန်တော်ပြုံးမိသည်။

အိမ်ကိုရောက်တော့ ညဘက် ၉ နာရီခွဲပြီ။ ပင်ပန်းစွာနဲ့ အထုပ်တွေကို ပစ်ချရင်း အိပ်ရာပေါ်သို့တက် အနားယူမိသည်။ ပြီးတော့ ၀ယ်လာခဲ့သည့် ထမင်းနှင့် ဟင်းကို ပန်းကန်ထဲထည့်စားရင်း တီဗွီကို ဖွင့်ကြည့်မိသည်။ မေ့တောင်နေသည်.. ကျွန်တော်ချစ်သော သရဲနီအသင်းနှင့် အာဆင်နယ်တို့ ကစားနေပါလား။ ထမင်းစားရင်း ဘောပွဲကြည့်ရင်းဖြင့် အချိန်ကုန်မှန်းမသိ ကုန်လာခဲ့သည်။ ကျွန်တော်အိပ်တော့မည်လုပ်တော့ ညဘက် ၁၁ ခွဲကျော်နေပြီ။ ခြေလက်မျက်နှာဆေးပြီး အိပ်ရာထဲသို့တန်းဝင်ခဲ့သည်။ ပင်ပန်းမှုဒဏ်ကြောင့်တော့ ခဏလေးအတွင်းမှာပဲ အိပ်ပျော်သွားခဲ့တော့သည်။

နှစ်ခြိုက်စွာအိပ်ပျော်နေသည့်ကြားမှ အသံတစ်သံကို ကြားလိုက်မိသည်။ “တူ..တူ..တူ... တူ..တူ..တူ..” တတူတူမြည်နေသော ဖုန်းသံကြောင့် ၀ုန်းကနဲ ထထိုင်မိသည်။ အရေးပေါ်ကိစ္စလေလားမသိ။ ခလုတ်ကို ဖွင့်ရင်းနားထောင်မိသည်။ “ရှဲ... ရှဲ..” ဟူသောအသံမှအပ ဘာမှ မကြားရ..။ ဖုန်းလေးကို ပြန်ချရင်း ပြန်အိပ်မိသည်။ အိပ်ပျော်လုနီးနီးဖြစ်သွားချိန်မှာပဲ.. ဖုန်းထမြည်ပြန်သည်။ စိတ်ညစ်စွာ ကိုင်လိုက်တော့ တရှဲရှဲအသံမှအပ ဘာသံမှ မကြားရပြန်။

လူလည်း အိပ်ချင်မူးတူးဖြင့် ဖုန်းကို ချကာ ပြန်အိပ်ပျော်သွားသည်။ သိပ်မကြာခင်မှာပဲ အိမ်ရှေ့တံခါးကို တစုံတရာက ခေါက်လိုက်သံကို ကြားလိုက်ရသည်။ နပ်စ်မလေးများ လာခေါ်သည်လားလို့ တွေးမိပေမယ့် အော်ခေါ်သံကို မကြားရလို့ အနည်းငယ်တော့ ထူးဆန်းမိသည်။ တံခါးက လူခေါက်နေသည်နှင့် မတူပဲ တစုံတရာနှင့် အဆက်မပြတ်ရိုက်နေသလိုလို..။ စိတ်ညစ်ညူးစွာ ထပြီး တံခါးဖွင့်ကြည့်လိုက်မိသည်။ အပြင်ကိုကြည့်လိုက်တော့ ဘာမှ မရှိ။ မှောင်မိုက်နေသည့် ည..။ လေတိုးသံများကြားမှ ၀ါးရုံပင်များ.။ တစုံတခုတော့ မှားယွင်းနေပြီဟု မသိစိတ်မှ သိလိုက်သည်။

အိပ်ချင်စိတ်တွေလည်း တဖြေးဖြေး ပြေလျော့လာသည်။ ညမီးလေးကို အနည်းငယ်ချဲ့လိုက်ပြီး အိပ်ရာပေါ်သို့ ၀င်လှဲလိုက်သည်။ ခြင်ထောင်အမိုးကို စိုက်ကြည့်ရင်းနဲ့ အမေ့ကို သတိရမိသည်။ ဘယ်တော့မှ အတူတူမနေရသည့် မိသားစု။ အဖေဆုံးသွားပြီးသည့် နောက်ပိုင်း အမေက လားရှိုးမှာ တာဝန်ကျသည်။ အမဖြစ်သူက ရန်ကုန်မှာ။ ညီလေးဖြစ်သူက မန္တလေးမှာ..။ ညီအငယ်ဆုံးက စင်္ကပူမှာ.. ဘယ်တော့မှ မဆုံနိုင်သည့် မိသားစုလေးပဲလေ...။ တွေးရင်းတွေးရင်းနဲ့ အတွေးထဲမှာ မျောပါသွားမိသည်။

ရုတ်တရက် ညအိပ်မီးက ချွတ်ကနဲချွတ်ကနဲ လင်းလိုက် မှိန်လိုက် ဖြစ်လာသည်။ မီးအားအတိုးအလျော့ ကြောင့်လို့ ထင်ပေမယ့် ပျက်လိုက်လာလိုက်ဖြစ်ပြန်သည်။ အီးပီစီမီးက ဒီလောက်ထိတော့ အကြာကြီး မကစားနိုင်..။ ထိုမီးလုံးကိုကြည့်ပြီးတော့ ကျွန်တော်တစုံတခုကို တပ်အပ်သိလိုက်ပြီ...။
“ဟေ့ကောင်တွေ.. ငါ့ကို မနောက်ယှက်ပါနဲ့ကွာ... ငါမနေ့ညကရော တနေကုန် ပင်ပန်းတာသိရဲ့နဲ့ကွာ.. ငါ့ကို နည်းနည်းလေးပဲ အနားယူခွင့်ပေးပါ... တောင်းပန်ပါတယ်.. နော်.. ငါတအားကို အိပ်ချင်နေပြီ...”

ကျွန်တော်ထိုသို့ ပြောလိုက်မိသည်။ ခဏတော့ ငြိမ်သက်သွားအပြီး.. အရာရာတိုင်းက တိတ်ဆိတ်မြဲ တိတ်ဆိတ်သွားပြန်သည်။ ဆေးရုံမှာ ဘာများဖြစ်နေပါလိမ့်ဟုတွေးမိရင်း ဖုန်းဆက်ရန်ကြိုးစားလိုက်တော့ လုံးဝ လိုင်းမကောင်းပါ..။ ခေါ်လို့ပင်မရတော့...။ ဖြစ်ချင်ရာဖြစ်တော့ကွာလို့ တွေးရင်းနဲ့ အိပ်ပျော်အောင် အိပ်လိုက်မိတော့သည်။

ဘယ်လို အိပ်ပျော်သွားသည်မသိ။ ဆူညံသံများကြောင့် လန့်နှိုးလာခဲ့သည်။ နာရီကို ကြည့်မိတော့ ည ၂နာရီခွဲ...။ ဆိုင်ကယ်သံများ... ဟွန်းသံများကြားမှာ.. “ဆရာ..ဆရာ..” ဟုခေါ်သော နပ်စ်မလေး အသံကို ကြားလိုက်မိသည်။ တံခါးကိုဖွင့်လိုက်တော့.. “ဆရာ.. အရေးကြီး ကေ့စ် ဆရာ.. ဖုန်းကို လုံးဝခေါ်လို့မရဘူး..” လို့ မောမောပန်းပန်းနှင့် နပ်စ်မလေးက ပြောသည်။

ကျွန်တော် ချက်ချင်းပဲ သူတို့နဲ့ အတူလိုက်ပါခဲ့သည်။ ဆေးရုံရောက်တော့ မွေးလူနာတစ်ယောက်..။ ရေမွှာတွေ အကုန်ပေါက်နေခဲ့ပြီ။ ကလေးရဲ့ အနေအထားက မွေးရန် ဘယ်လိုမှ မလွယ်..။ အော်ပရေးရှင်း လုပ်ရန် အားလုံးကို အွန်လိုက်ပြီး လူနာရဲ့ သွေးပေါင်အခြေအနေဘာညာ စစ်ကြည့်လိုက်သည်။ ဒီမိန်းကလေးကို မြင်ဖူးနေသလိုပင်...။ အခုတော့ အတော်ပင် အားနည်းနေသည်။ ခွဲဖို့တောင် အဆင်ပြေပါ့မလား..။ အမြဲတမ်း လက်သည်နဲ့မွေး.. မနိုင်မှ အချိန်လွန်မှ လာတတ်သည့် ဗဟုသုတမရှိသည့် လူတန်းစားတွေကို ပြောရတာလည်း အာညောင်းလှပြီးဖြစ်လို့ အသက်ကယ်ဖို့ကိုပဲ စိတ်ကို နှစ်ထားမိသည်။ အော်ပရေ့းရှင်းလုပ်ဖို့ မေ့ဆေးဆရာဝန်သွားခေါ်သည်မှာလည်း ပြန်မရောက်လာသေး..။
အားတအားနည်းနေသည့်အပြင် သွေးတွေလည်း တလဟောထွက်နေ၍ သွေးကိုလည်း သွင်းရသေးသည်။ နောက် မေ့ဆေးဆရာဝန်လည်း ရောက်လာသဖြင့် အော်ပရေးရှင်းစလိုက်ရသည်။ ခက်ခက်ခဲခဲနှင့် ဆွဲထုတ်လိုက်သည့် ကလေးက မွှန်းနေသဖြင့် အသက်ပါမလာတော့..။ အသက် ၂ ချောင်းထက်စာရင် တစ်ချောင်းကိုတော့ ကယ်လိုက်နိုင်သည်လေ..။ ကျွန်တော့်ရဲ့ ပင်ပန်းသည့် တညတာလည်း ဘယ်လို ကုန်ဆုံးသွားမှန်းမသိလေတော့..။

နောက်နေ့မနက်ရောက်တော့ စိတ်မကျေစွာဖြင့် ကာယကံရှင်များကို ဆူရန် ထွက်လာခဲ့သည်။ လူနာဘေးမှာ ထိုင်စောင့်နေသည့် မိန်းမကြီးတစ်ဦးကို ခေါ်လိုက်ပြီး နောက်တခါ အချိန်မလွန်ခင်လာဖို့၊ အရပ်လက်သည်နဲ့ မမွေးဖို့ စိတ်မကြည်စွာ ဆူနေမိသည်။ သို့ပေမယ့်လည်း ထိုမိန်းမပြန်ပြောလိုက်သော စကားများကို နားထောင်ပြီးသည့်နောက်.. ကျွန်တော်တစ်ယောက် ငြိမ်ကျသွားမိသည်။

“ဟုတ်ပါတယ်ဆရာ.. ကျမတို့အမှားပါ။ ကျမသမီးမှာ ယောကျာ်လည်းမရှိတော့ဘူး။ ကျမတို့မှာ တနေ့လုပ်မှ တနေ့စားရတာပါ။ လွန်ခဲ့တဲ့ ၂ လလောက်ကပေါ့။ သမီးကိုယ်ဝန်ကလည်း ၇ လနားရောက်လာ။ သူ့ယောက်ျားကလည်း အပင်ခုတ်၊ ခြံရှင်း ကြုံရာလုပ်စားရတာပေါ့နော်။ တနေ့ သူ့ယောကျာ်းက အပင်လိုက်ခုတ်နေတုန်း သူတို့ သူငယ်ချင်းအချင်းချင်း စကားများကြရောဆရာရယ်..။ နောက်ဆုံးတော့ တုတ်တပြက် ဓါးတပြက်ပေါ့လေ..။ အဲဒီမှာ တဖက်ကောင်လေးက အပင်ခုတ်နေတဲ့ ပုဆိန်နဲ့ ပေါက်လိုက်တာ.. ပခုံးတလျှောက်လုံးခုတ်မိပြီး လက်တစ်ချောင်းလုံး ကွာကျသွားတာ ဆရာသိမှာပါ။ ဒီဆေးရုံကိုပဲ ရောက်လာသေးတယ်လေ။ အဲဒီနေ့မှာပဲ သူဆုံးသွားခဲ့တယ်လေ..။ သူ့ယောက်ျားမရှိတဲ့နောက် ကောင်မလေးခမျာလည်း မစားချင် မသောက်ချင်၊ ဒီကလေးလည်း မမွေးချင်၊ သေရင်သေပေ့စေလို့ ဆုံးဖြတ်ထားတော့ မွေးချင်သလိုမွေးသလိုဖြစ်သွားတာပါဆရာ...”

ငိုယိုပြောနေသော မိန်းမကြီးအသံတို့က ကျနော်နားထဲမှာ မြည်ဟီးလာသည်။ ထိုနေ့တို့ကို သတိရလာမိသည်။ သွေးတွေ ပွက်လိုက်ပွက်လိုက်ကျနေသော ကိုယ်...။ လက်တစ်ဖက်လုံး ပြတ်ကျတော့မည်။ ဂျူတီကျနေသည်ကလည်း ကျွန်တော်..။ ပြာယာခတ်မတတ်ကိုပဲ အသက်ကယ်နိုင်ဖို့ ကြိုးစားမိခဲ့သည်။ ရသမျှသွေးသွင်းသည်။ တတ်နိုင်သမျှ ချုပ်သည်။ ၂ နာရီကျော်ကျော်ကြိုးစားပြီးသကာလမှာပဲ သူဆုံးသွားခဲ့သည်။ ကျွန်တော်စိတ်နဲ့ ကိုယ်နဲ့ ကြိုးစားကယ်တင်သည့် အသက်.. ဒီလိုပဲ ဆုံးပါသွားခဲ့ပြီ..။ ဆရာဝန်တစ်ယောက်အနေနဲ့ ဒီအဖြစ်တွေက မဆန်းကျယ်ပေမယ့် အဲဒီနေ့က အတော်ပဲ ခံစားမိသည်။ အလူးလူးအလွန့်လွန့် အော်ငိုနေသော မိန်းကလေး...။ ကိုယ်ဝန်လေးနှင့် မိန်းကလေး။ အတော်ချစ်ခဲ့သည့် ချစ်ခြင်းတို့က ရက်စက်လွန်းသည့် ခွဲခွာမှုကို ဒီမိန်းကလေးမပြောနှင့် ကျွန်တော်ကိုယ်တိုင်တောင် ခံစားနိုင်ပါ့မလားလေ...။

မနေ့ညက အရပ်လက်သည်နဲ့ ကြိုးစားမွေးနေချိန်မှာ ကျွန်တော့်ဆီရောက်လာတာ သူလား။ သူ့မိန်းမ မီးဖွားနိုင်ရေး... သူ့ကလေး အသက်ရှင်ရေးအတွက် အမှောင်ရိပ်မှ နည်းအမျိုးမျိုးနဲ့ လာပြောနေတာ သူလား။ သူ့မိန်းမအသက်ရှင်သည့်အတွက် သူပျော်နေမလား..။ သူ့ကလေး အသက်သေခဲ့သည့်အတွက် ကျွန်တော့်ကို အပြစ်တင်နေမလား...။ ဆရာဝန်တစ်ယောက်... ဆေးရုံမှာ ပရလောကနှင့် မကင်းသည့်ဘ၀.. ဒီအကြောင်းကို ထိုင်တွေးနေတာ ခောတ်ပညာတတ်တစ်ယောက်အနေနဲ့ ကျွန်တော်ရူးနေပြီလား..။ ဖုန်းအသံ၊ မီးအလင်းအမှောင်.. တံခါးခေါက်သံ... အားလုံးဖြစ်လာအောင် သူဘယ်လောက်ကြိုးစားခဲ့ရသလဲ...။ အမှောင်လောကမှာ သူဘယ်လောက် စိုးရိမ်နေမလဲ...။ ချစ်ချင်းမေတ္တာဆိုတာ ထားတတ်သူအတွက် ဘ၀ခြားခဲ့ပေမယ့် ဒီလောက်တောင်ပဲ အစွမ်းထက်နေပြီလား...။ ကျွန်တော်ဆုတောင်းလိုက်မိတာကတော့ ဒီအမှောင်လောက ကနေ သူလွတ်မြောက်သွားပါစေလို့ပါပဲလေ....။

(လွန်ခဲ့သော ၃ နှစ်ကာလက ခင်မင်ရင်းနှီးသူ ဆရာဝန်မတစ်ယောက် ကြုံခဲ့သည်ကို အခြေခံရေးသားသည်)