စာမျက်နှာသစ် ဖွင့်လှစ်ခြင်း


ဘုန်း.. ကနဲ ရိုက်နှက်လိုက်သံနှင့်အတူ သူဝုန်းကနဲ ထထိုင်လိုက်မိသည်။ ကယောင်ကတမ်းကြည့်လိုက်တော့ သူ့ချစ်စွာသောဇနီး ခင်သက်လျာ။ သူမ တဘုန်းဘုန်းနှင့် လိုက်ရိုက်နှိုးနေသည်က ကျွန်တော်တို့၏ ချစ်လှစွာသော သားငယ်သမီးငယ်များဖြစ်သည့် ခင်ဝတ်မှုန်ရည်ဟူသော နံပါတ် (၁) သမီးအကြီးဆုံးမှ အစ သတိုးဝင့်ဟူသော နံပါတ် (၁၂) အငယ်ဆုံးသားအထိ ကြီးစဉ်ငယ်လိုက် တန်းစီနှိုးရခြင်းပင်..။ ဘ၀ဘယ်လောက်ခါးခါး သူတို့လေးတွေ ချိုမြိန်နေစေရန် လှပသည့် နာမည်လေးများဖြင့် ကျွန်တော်တို့ ဇနီးမောင်နှံ၏ ကြိုးစားအားထုတ်မှုဖြင့် မှည့်ခေါ်ရခြင်းပင်ဖြစ်သည်။

“ကဲ.. ကြီးစဉ်ငယ်လိုက် တန်းစီ”
တပ်မဟာကို အုပ်ချုပ်သည့် တပ်မမှူးတို့၏ အမိန့်ပေးသံကဲ့သို့ပင် စူးရှလွန်းသည့် ဇနီးသည်၏ အမိန့်ကို မလွန်ဆန်နိုင်သည့် သားငယ်သမီးငယ်တို့က စစ်သားများအလား ၀ုန်းကနဲ တန်းစီလိုက်မိကြသည်။ တစ်နှစ်ခြား မွေးဖွားသည့်အတွက်ကြောင့်ပေလားမသိ.. သူတို့ အရပ်နှင့်ခေါင်းလေးများက ဆိုင်းတီးသလို တီးမည်ဆိုပါက အစဉ်အတိုင်းပင်..။ “လက်ဖြန့်” ဟူသော အသံနှင့်အတူ ဆားတဆုပ်ချင်းစီကို အညီခွဲပြီး ဝေပေးလိုက်သည်။ ဒါက ကျွန်တော်တို့အတွက် အကောင်းဆုံးသော သွားတိုက်ဆေးမလား..။ ပြီးတော့ တစ်ယောက်ကို ရေတဖလားစီခွဲဝေပေးပြီးနောက် မျက်နှာသစ်ခြင်းအမှုကို ပြုပြီးသွားပြီဖြစ်သည်။

၎င်းနောက်မတော့ ကျွန်တော်နှင့်ဇနီးတို့က ပင်ပန်းဆင်းရဲကြီးစွာ ရှာကြံထားရသော ထမင်းခြောက်ထုပ်လေးကို ဖွင့်.. ချစ်မ၀သော ဥကလေးများကို ဝေမျှကာ မိသားစုမနက်စာကြီး စတင်သုံးဆောင်ကြတော့သည်။ ၀သည်မ၀သည် အပထား.. ဤကဲ့သို့ မနက်စာစားသောက်မှုသည်ပင် ကျွန်တော်တို့ အသိုင်းအ၀ိုင်းတွင် ကြီးမားလှသည့် ဂုဏ်ဒြပ်ပင်ဖြစ်သည့်အတွက် ကျွန်တော်တို့မျက်နှာတွင် ဂုဏ်ယူမှုများဖြင့် ပြွန်းတီးနေပေလိမ့်မည်။

ကဲ.. ဒီနောက်တော့ လုပ်ငန်းလည်း စရပေတော့မည်။ ဒီတစ်ခါ အမိန့်ပေးရမည်က ကျွန်တော့်အလှည့်..။ ကေသရာဇာခြင်္သေ့မင်းတို့၏ အောင်မြင်ခန့်ညားလှစွာသော အသံကဲသို့ အားလုံးကို “တန်းစီ” ဟု အမိန့်ပေးလိုက်သည်။

“နံပါတ် ၁ နဲ့ ၂.. ဒီနေ့ မြောက်ဥက္ကလာကိုသွားရမယ်..။ ကားဂိတ်ထမင်းဆိုင်.. တခုမှ မကျန်အောင် လိုက်တောင်းပါ.. မင်းတို့ဟာ အကြီးဆုံးတွေဖြစ်တဲ့အတွက် နံပါတ် ၁၁ နဲ့ ၁၂ ..အဲအဲ. ၁၂ ကို ခဏချန်ထား.. နံပါတ် ၁၁ ကိုမင်းတို့နဲ့ အတူတူ ခေါ်သွားပါ.. နေ့လည်စာမငတ်ရေးသည် ငါတို့ အားလုံး၏ တာဝန်ဖြစ်သည်.. ကြားလား..”

“ကြားပါတယ်... ” သံပြိုင်ရွတ်လိုက်သော အသံက အားရဖွယ် ကောင်းလေစွ။

“ဆက်ပြောမယ်.. နံပါတ် ၃၊ ၄ နဲ့ ၅ က စမ်းချောင်းကို သွားပါ..။ လူချမ်းသာတွေများကြားမှာ ငိုလိုက ငိုရမည်၊ သနားစဖွယ် အသံအားလုံး အကယ်ဒမီရှော့ဖြစ်ရမည်...။ ၀မ်းစာရေးသည် ပထမ၊ ၀မ်းစာရေးသည် ဒုတိယ၊ ၀မ်းစာရေးသည် တတိယ ဆိုတာကို မသေမချင်း မှတ်ရမည်။ ထမီအင်္ကျီ အလစ်ကြုံက လူမမြင်အောင် သုတ်ပါ။ လူမြင်ပါက ရသမျှပစ္စည်း ပစ်၍ပြေးပါ။ ငါတို့ မိသားစု၏ ကြီးမားသော ဂုဏ်ကိုထိန်းသိမ်းသောအားဖြင့် တတ်နိုင်သလောက် မခိုးပါနှင့်။ ရှင်းတယ်နော်... ”

“နောက်ပြီး.. နံပါတ် ၆၊ ၇၊ ၈၊ ၉၊ ၁၀ က တာမွေဘက်ကိုသွားရမယ်.. အဲဒီကတဆင့် သူတောင်းစားအလွန်ပေါတဲ့ ပန်းဆိုးတန်းကို ဆက်လက်ချီတက်ပါ.. မအောင်မြင်မချင်း မြို့ထဲဘက်သို့ဆက်လက်ချီတက်ပါ... စည်းလုံးညီညွှတ်မှုရှိပါစေ..”

“နံပါတ် ၁၂ လေးကိုတော့ မင်းတို့ အမေက ခေါ်သွားလိမ့်မယ်.. အားလုံး မရှင်းတာရှိလား..”

နံပါတ် ၄ သားလေးက “ အဖေ သားတို့ ပိုက်ဆံလေးတောင်းလို့ရရင် သားတို့ကို ပေးသုံးပါနော်.. ”

ကျွန်တော်ဘာမှ မပြောခင်မှာပဲ “တုတ်” ကနဲ ခေါင်းခေါက်လိုက်သည်က သူ့အမေ...။
“နင်တို့ မြိုစို့ဖို့အတွက် ၀ယ်စရာတွေအများကြီးပဲ.. မသုံးရဘူး.အကုန်အိမ်ပြန်သယ်လာ.. ” ဟူသော အသံရဲ့ အဆုံးမှာ သူမအသံတုန်ခါနေတာကိုတော့ ကျွန်တော်ပဲ သတိပြုလိုက်မိသည်။ ရစ်ဝဲချင်လာသော မျက်ရည်ကို တံတွေမြိုချ ပြန်ခေါက်သိမ်းလိုက်ပြီ.. “ ကဲ သားတို့ သမီးတို့ ကောင်းကောင်းသွားကြ.. ဒီနေ့ညစာ ကောင်းကောင်းစားလို့ရအောင် အဖေတို့ အမေတို့ လုပ်ပေးမယ်. နော်... ကဲ သွားကြ. သွားကြ..” လို့ပြောအပြီး သားငယ်သမီးငယ်တို့ အသီးသီးထွက်အသွားမှာ ကျွန်တော် ငိုင်ကျသွားမိသည်။

ဆူညံစွာ ထွက်သွားကြသော သူတို့လေးတွေရဲ့ ကျောပြင်ကို ကြည့်ရင်း ကျွန်တော် ရှက်မိသည်။ ဇနီးသည်ကို သိုင်းဖက်လိုက်မိပြီး.. ၀မ်းနည်းစွာ မျက်ရည်ကျမိသည်။ တာဝန်ကျေတဲ့ ဖခင်တစ်ယောက် မဖြစ်ခဲ့ဘူး..။ မိသားစုအပေါ်မှာ တာဝန်မကျေခဲ့ဘူး..။ အမှန်ဆို သူတို့လေးတွေ ကျောင်းမှာ ပျော်နေရမယ့် အရွယ်..။ ထက်ပိုင်းပြတ်နေသော ကျွန်တော့်ခြေထောက်ကို ယောင်ယမ်းကြည့်မိသည်။ နူနာရောဂါစွဲနေသော အသားတို့ကို စိတ်ပျက်စွာကြည့်မိသည်။ ဘယ်တတ်နိုင်မလဲလေ..။

ဟင်း.. ကနဲ သက်ပြင်းကိုချလိုက်မိပြီ.. ဘေးနားချထားသည့် ခွက်ကို လှမ်းဆွဲလိုက်သည်။ မြေပေါ်ဒရွတ်တိုက်ကာ ကျွန်တော့် စာမျက်နှာသစ်ကို ဖွင့်လှစ်တော့မည်။ သားငယ်လေးကို ပိုက်ကာ ကျွန်တော်ဇနီးလည်း မလှမ်းမကမ်းမှ နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီ။ သိပ်မကြာသေးခင်မှာပဲ.. “ကျွန်မတို့ သားအမိလေး စားစရာမရှိလို့ ထမင်းဖိုးလေးသနားပါ.. ” ဆိုသည့် ငိုယိုသံနှင့် တောင်းရမ်းနေသည့် ဇနီးသည်အသံကို ကြားလိုက်မိသည်။ သစ်ပင်လေးဘေးမှာ မှီထိုင်ချလိုက်ရင်း ၀မ်းနည်းစွာ ကျွန်တော်ငိုကြွေးလိုက်မိသည်။ သားငယ်သမီးငယ်တို့၏ မျက်နှာ ကျွန်တော်ဇနီးသည် မျက်နှာ. အားလုံးက ကျွန်တော့်ကို အပြစ်တင်နေသလို..။ “အဖေ့ကို ခွင့်လွှတ်ကြပါ.. သားတို့ရယ်..” တီးတိုးတောင်းပန်မိသည်။

ဘယ်လောက်ကြာကြာ ငိုင်နေမိသည်မသိ။ မျက်နှာပေါ် ထိုးကျလာသည့် နေရောင်ကြောင့် စာမျက်နှာသစ်ကို စရေးနေမိတော့သည်။ ဒီနေ့သစ်မှာကော. ကျွန်တော်တို့ မိသားစု အဆင်ပြေပါ့မလားလေ...။ ဆန်မဟုတ်နိုင်သည့် ဆန်ကွဲအရည်ကျိုလေးကို သောက်နိုင်အောင်တော့ ကျွန်တော်ကြိုးစားပါဦးမည်။


ကြမ္မာရိုင်း....


မြက်ခင်းပါးပါးလေးပေါ်မှာ လှဲချလိုက်ရင်းနဲ့ ကောင်ကင်ပြင်ကြီးကို မော့ကြည့်မိသည်။ မည်းနက်နေသော ပိတ်ကားနောက်ခံပေါ်မှာ လင်းလက်နေတဲ့ ကြယ်လေးများ..။ ကြယ်လေးတစ်လုံးချင်းစီကို ရေတွက်ကြည့်မိရင်း ဟက်ကနဲ ရယ်လိုက်မိသည်။ ဒီလောက်များပြားလွန်းတဲ့ ကြယ်တွေကို သူဘယ်လို ရေမှာလဲ..။

မိုးကုတ်စက်ဝိုင်းကနေ ပြူးထွက်လာတဲ့ လမင်းကတော့ ကွေးကွေးကောက်ကောက် တောက်ပနေသည်။ သူ့မှာတော့ အပူအပင်မရှိ။ လူသားတွေကို အေးမြစေတဲ့ လမင်းလေးလို ဖြစ်ချင်လိုက်တာ..။ ဒီလို အစွမ်းတွေသာ ရခဲ့ရင် ရင်ထဲက အပူမီးတွေကို သူချက်ချင်း ငြိမ်းပစ်လိုက်မှာပဲ..။ သြော်.. လမင်းလေးရယ်.. တတ်နိုင်ရင် မင်းဆီကို တခေါက်လောက် ဆောင်ကြဉ်းပေးလှည့်ပါလားကွယ်...။

ဆို့နှစ်လာတဲ့ စိတ်ကို ဖျောက်ပစ်ချင်ဇောနဲ့ အကြည့်လွဲလိုက်ခါမှ မြင်လိုက်ရတာက ခွန်ဆန်လောနဲ့ နန်းဦးပင်။ နီးလျက်နဲ့ ဝေးနေတဲ့ဘ၀လေလား..။ ဘယ်အညှိုးတွေနဲ့များ မင်းတို့ အလယ်မှာ အကာအဆီးတွေ ရှိနေတာလဲကွယ်..။ ချစ်လျက်နဲ့ ဝေးနေရတဲ့ဘ၀..။ နာကျည်းစွာနဲ့များ လူသားတွေကို သရုပ်ပြနေကြသလားကွာ...။

ကြယ်လေးတွေတောင်မှာ လင်းလက်ခွင့်တွေရှိသေးတယ်နော်..။ ကျွန်တော့်ဘ၀မှာ ဒီလိုမျိုး လင်းလက်ခွင့်လေးမှ ရပါဦးမလား..။ မြက်ခင်းပေါ်မှ ထထိုင်လိုက်ပြီးတော့ မလှမ်းမကမ်းက သစ်ပင်လေးဆီကို လေးပင်စွာ လျှောက်လှမ်းခဲ့မိသည်။ မြေသားမို့မို့လေး ဘေးနားမှာ ထိုင်ချလိုက်မိသည်။ မတိုင်ပင်ပါပဲနဲ့ မျက်ရည်တွေ ပြိုက်ကနဲ ကျလာသည်။ ထိန်းဖို့ ကြိုးစားသည်။ မရ..။ ပို၍ ပို၍ ခံစားလာမိပြီးတော့ ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိသည်။

ဒီမြေမို့မို့လေးထဲမှာ လှဲလျောင်းနေတာက ကျွန်တော့် ချစ်သူ...။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက တွဲခဲ့တဲ့ ချစ်သူ။ ဘ၀ကို ရုန်းရင်းကန်ရင်းနဲ့လည်း တွဲခဲ့တဲ့ ချစ်သူ။ မိဘဆွေမျိုးဆိုတာ ဘယ်သွားရှာရမှန်းမသိတဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘ၀မှာ သူဟာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော အဖော်ဖြစ်သလို မရှိမဖြစ်သော အဖော်တစ်ဦးလည်း ဖြစ်ခဲ့သည်။ နေ့စဉ်နေ့တိုင်း မခွဲမခွာ သွားလာလှုပ်ရှားရင်းနဲ့ပဲ သံယောဇဉ်တွေပို အချစ်တွေ ပိုခဲ့ရသည်။ အခုတော့ အရာရာတိုင်းဟာ ဆိတ်သုဉ်းသွားခဲ့ပြီပါလား..။ ခွန်ဆန်လောနဲ့ နန်းဦးပင်လိုပဲလေ..။ အခုတော့ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ မြေကြီးလေးပဲ ကာဆီထားသည်။ ဒါပေမယ့် ပေါင်းစည်းလို့မှ မရတော့ပဲလေ...။

ချစ်သူ...။ နင်မရှိတော့တဲ့ ဘ၀ကို ငါတစ်ယောက်တည်းရုန်းကန်ရဖို့ ငါအတော်ကြိုးစားရဦးမယ်.. သိလား..။ ဒီနေရာ.. ဒီဒေသ ဒီပတ်ဝန်းကျင်... ။ နေရာအားလုံးမှာ ငါတို့ခြေရာတွေ ထပ်နေခဲ့တယ်....။ ဘယ်ကိုပဲ သွားသွား ငါနင့်ကို မြင်ယောင်နေမိမှာပဲလေ..။ နင်မရှိတဲ့အခါမှာ.. ငါတစ်ယောက်တည်း ကြေကွဲမှုတွေရင်မှာပိုက်ပြီးတော့ပဲ တသက်လုံး အသက်ရှင်သွားရတော့မယ်..။ ရက်စက်လွန်းတဲ့ ကံကြမ္မာနဲ့ ခါးသီးလွန်းတဲ့ ဘ၀တွေကြားမှာ ငါမောလှပြီ..။

မနက်ဖြန်မိုးလင်းတာနဲ့ ငါဒီအရပ်ကို စွန့်ခွာတော့မယ်။ နှစ်ယောက်သွားခဲ့ဖူးတဲ့ လမ်းတွေမှာ တစ်ယောက်တည်း ဆက်လျှောက်ဖို့ ငါအင်အားမရှိဘူးဟာ...။ ဒီနေရာလေးမှာပဲ.. ငါတို့တိုင်တည်ကြမယ်...။ ဘယ်ဘ၀ကိုပဲ ရောက်ရောက်.. မိဘဘိုးဘွား ဆွေမျိုးမရှိ..၊ နေစရာအိုးမရှိ..အိမ်မရှိ..၊ လမ်းဘေး အမှိုက်ပုံမှာ ကိုယ့်ဟာကိုယ်ရှာစားတာတောင် လူတွေကိုကြောက်လန့်နေရတဲ့ဘ၀...၊ ဘယ်အချိန် ဘယ်သူက ရိုက်မလဲ..၊ အထိတ်ထိတ်အလန့်လန့်နေရတဲ့ဘ၀..။ ဒီဘ၀တွေကို ငါတို့ ပြန်မရပါစေနဲ့တော့ ..။ ပြုခဲ့သမျှ ၀ဋ်ကြွေးတွေအားလုံး ဒီမှာပဲ ကြေပါစေတော့...။ နင်လည်း... မသေမချင်း အရိုက်သတ်ခံခဲ့ရတဲ့ဘ၀.. .... ... ဘယ်တော့မှ ပြန်မရပါစေနဲ့တော့ဟာ....။ ကောင်းရာသုဂတိ လားပါစေကွာ....။

ငါကတော့ ဒီလောကကြီးထဲမှာ ခွေးဝဲစားဆိုတဲ့ လူတကာ ရွံရှာတဲ့ဘ၀နဲ့ပဲ မသေမချင်း ကြဉ်လည်ရဦးမယ်လေ......

ပေါက်တတ်ကရလေးဆယ်....

စနေနေ့ဆိုတော့ အိပ်ရာကလည်း မထချင်။ ရာသီဥတုကလည်း အေးသမို့ အပျင်းလေးတွေပါ စွက်ရင်းနဲ့ အိပ်ရာထဲမှာ ခွေနေမိတယ်..။ ဒီလိုပဲပေါ့လေ.. ဝေးတမြေခြားနေသူဆိုတော့ အတိတ်က အကြောင်းလေးတွေကို စမြုံ့ပြန်နေမိတာပေါ့..။

ဘာရယ်မဟုတ်ပါဘူး... မနေ့ညနေက အိမ်သာသွားတက်မယ်လုပ်တော့ အိမ်သာခွက်ထဲမှာ အီးတုံးတွေဗျာ...။ တကတည်း International Students Domitory တဲ့။ ဒီခလုတ်လေးနှိပ်ပြီး ရေဆွဲချမှာများ ဟင်း..နော်...။ ဒေါတွေခွီးရင်းနဲ့ ဟီးဟီး.. ကုလားသုံးကောင်ကို မြင်ယောင်နေတာ.. (ကုလားများပါရင် ခွင့်လွတ်ပါ.. သူတို့က နံလို့..)။ ဒီလိုလည်း ထစ်ထစ်ချ ဆွဲတွေးလို့မရဘူးလေနော်...။ တခြားသူလည်း ဖြစ်နိုင်တာပဲ...။ တိုတိုပြောပါစို့.. အဲလိုနဲ့ ရွံလို့.. ထွက်ခါနီးအီးကို အသာလေးပြန်သွင်းပြီး.. စိတ်ဆိုးမာန်ဆိုး ချတ်တင်ဆက်ထိုင်သဗျာ...။

ဒီအထိဖတ်ပြီးရင်တော့ လာပြီ. ပန်ပန်တော့အီးပဲလို့တွေးမယ်.. ။ မတွေးပါနဲ့ဗျာ.. ။ ကျွန်တော့်ဘ၀မှာ ဒီအီးက တကယ်ကိုပဲ ဒုက္ခပေးခဲ့သကိုး...း(..။ ပြောကိုမပြောချင်ပါဘူး.. (ပြောချင်လို့ စာရေးတယ်မှတ်ပါ.. :P)။ ဂျပန် ရန်ကုန်ကို တက္ကသိုလ်ပထမနှစ်လာတက်တော့ အူလည်လည်လေးနဲ့ပေါ့လေ...။ ပထမနှစ်ဝက်တော့ အဒေါ်အိမ်မှာနေလိုက်ပေမယ့် သူတို့က ထမင်းကို သူတို့စိတ်ပေါက်မှစားတော့ တခါတလေး ဗိုက်ကဆာရင် ဆာနေမယ်.. တခါတလေတော့လည်း မဆာပဲနဲ့ဝင်စားရတယ်ဆိုတော့ ကျွန်တော်နဲ့ကိုက်ဝူးဗျာ..။ ဒါနဲ့ အမေ့ကို ချွဲ.. အဖေ့ကို ပတ်နှပ်ပြီး အဆောင်နေမယ်ပေါ့လေ..။

အဆောင်နေမယ်ဆိုတော့ ဒီချစ်စရာကောင်းတဲ့ ကောင်ချောလေး (ဟီးဟီး..သည်းခံဖတ်ပါ.. ) ကိုစိတ်မချကြဘူးပေါ့လေ..။ ပျက်စီးမယ် ဘာညာပေါ့..။ ဒါနဲ့ ဒီကောင်ကလည်း “ဒီမယ် အဖေနဲ့ အမေ... ကျွန်တော့်အသက် ၁၇ နှစ်ရှိပြီ..။ ကိုယ့်ခြေထောက်ပေါ် မားမားရပ်နိုင်တယ်ဆိုတာ သက်သေပြလိုက်စမ်းချင်ရဲ့.. ဟင်းဟင်းဟင်း.. ” လို့လည်း ကြိမ်းပြလိုက်တော့ အဆောင်နေခွင့်ရတာပေါ့..။ ဒီလိုနဲ့ မမကြီးနဲ့ တူတူ အဆောင်ထွက်ရှာကြရော..။

ဒါနဲ့ပဲ.. ပညာရေးဝန်ထမ်းတွေအနေများတဲ့ အဓိပတိလမ်းကို လာရှာသပေါ့လေ..။ အဆင်ပြေချင်တော့လည်း တခန်းလွတ်သတဲ့..။ ဒါနဲ့ ဘာပဲဖြစ်ဖြစ်နေမယ်ပေါ့လေ...။ အဲတာနဲ့ ဂျပန်အဆောင်သားကြီးဖြစ်သွားရော.....။ အဆောင်ဆိုပေမယ့် ထရံကာဗျာ.. အပေါက်တွေနဲ့။ ကုတင်ဆိုတာကလည်း ကွပ်ပျစ်ပါဗျာ... တက်ထိုင်လိုက်ရင် ကျလွိ ကျလွိနဲ့..။ ဟင်း.. ငါ့စကားနဲ့ ငါပဲလေ..တတ်နိုင်ဝူးဆိုပြီး ကြိတ်မှိတ်အိပ်လိုက်တာ... တရေးထဲပဲဗျာ..။ အဲ.. ဖျတ်ကနဲနိုးလာတော့ မနက် ၆ နာရီထိုးနေပြီ..။ ရန်ကုန်သားရန်ကုန်သူတို့ထုံးစံအတိုင်း ဒီအချိန် ထချိန်မှမဟုတ်...။ ငြိမ်သက်နေတာပဲ...။ အိုး.. ငှက်သံလေးတွေနဲ့ ကြည်နူးလိုက်တာ.... တာာ. တာ.. အဲ.. တွေးနေတုန်း.. ဗိုက်ထဲက နာလာတယ်..။ အိမ်သာတက်ဦးမှလို့ နှလုံးပြုပြီး အခန်းအပြင်ကိုထွက်လာလိုက်တယ်..။ အဲ.. အိမ်သာကို ဘယ်လိုမှ ရှာမရဘူးခင်ဗျ..။ အီးးးးးးးးးး..... အိမ်သာက အိမ်ထဲမှာကိုးးးးးးးး...ဟင့်..။ အသံလေးတိုးတိုးနဲ့ ခေါ်ကြည့်ပါသေးတယ်.. ပြန်တော့ဖြေတယ်ခင်ဗျ.. ဟောက်သံနဲ့..။

ဘယ်လိုလုပ်ရမလဲ.. အီးကလည်း တအားကိုပါချင်....း(..။ နောက်တော့ ကြံရာမရ အဓိပတိလမ်းပေါ်ထွက်လာတယ်...။ သြော်. .. လူသွားလူလာလည်းမရှိပါလား..။ ဟိုဒီလျှောက်ကြည့်တော့ အဲ..နေရာကောင်းလေး..အဟိ..။ စိန်ရတုခန်းမနားလေးက ထောင့်လေးမှာ အပင်ကြီးတစ်ပင်...။ ဘယ်သူမှလည်းမရှိ..ခပ်မြန်မြန်လေး.. အားစိုက်လိုက်တယ်လေ.... ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး။

ဒါနဲ့ပဲ.. ဝေဒနာလည်းကင်းသွားပြီမို့ အသာလေး အိပ်ရာထဲပြန်ဝင်ခဲ့မိတယ်..။ သေချာတာကတော့ အဲဒီနေ့ သူတို့လည်းထရော.. ဂျပန်အဆောင်ပြောင်းတော့တာပဲ...။ ပါချင်တဲ့အချိန်မပါရတဲ့ ဒုက္ခကို ဘယ်သူသိမလဲတဲ့နော.....။

အိမ်း... စကားလက်ဆောင်ပါးလိုက်ပါရစေ...။ ကြုံလို့ပေါ့.. ရန်ကုန်တက္ကသိုလ်ရှေ့က အဓိပတိလမ်းတလျှောက် စိန်ရတုခန်းမနားရောက်တော့မယ်ဆိုရင် အဲဒီထောင့်နားက အပင်ကို သတိထားကြည့်လိုက်ပါ...။ ကျွန်တော်ဂျပန်ကောင်လေးရဲ့ အထိမ်းအမှတ်လေးကို မြေမြုတ်ထားပါကြောင်း..နောင်လာနောက်သားများကို အသိပေးလိုက်ပါသည်..................။

အိပ်ဦးမယ်ဗျာ...။ တာ့တာ...း)...


ကြွေလွင့်ခဲ့တဲ့ အတိတ်ဒဏ်ရာ

(၁) တကယ်လို့နော်.. ရုပ်ရှင်ရုံထဲမှာ ဖုန်းကိုအသံဖွင့်ထားမိလို့ ပိတ်ခိုင်းလိုက်ရင် နင်စိတ်ဆိုးမှာလားဟင်။ သူများတွေ ဖုန်းသံမြည်နေတာကိုမြင်လို့ သူများတွေတောင်လုပ်တာပဲ.. ငါ့ကိုလာမတားနဲ့လို့ ပြောမှာလားဟင်။

(၂) တကယ်လို့နော်... တခုခုစားနေတုန်း နင့်ပါးစပ်က ပလပ်ပလပ်နဲ့ မြည်လို့ ငါကမမြည်အောင်စားဖို့ပြောရင် ဘယ်သူ့ဂရုစိုက်ရမှာလဲလို့ ပြန်ပြောမှာလားဟင်။

(၃) တကယ်လို့နော်... စာကြည့်တိုက်ထဲမှာ စကားကို ကျယ်ကျယ်မပြောဖို့ငါတားမြစ်မယ်ဆိုရင် နာခံမှာလားဟင်..။ စာဖတ်နေတဲ့ တခြားသူတွေကို ငဲ့ကြည့်ဖို့ပြောရင် နင်ကငါ့ကို တနေကုန်ဖဲ့နေတာပဲလို့ ပြောမှာလားဟင်။

(၄) တကယ်လို့ပေါ့နော်... ရခိုင်မုန့်တီသောက်နေတုန်း နင့်လွယ်အိတ်ကို လွတ်တဲ့ခုန်မှာ တင်ထားမိတယ်။ ခနနေ လူများလာလို့ ခုန်မရှိတော့ရင် နင်အလိုက်တသိနဲ့ ဖယ်ပေးမှာလားဟင်။ ဒါမှမဟုတ် ထိုင်စရာမရှိပဲ ပြန်သွားမှာကို ဒီအတိုင်းကြည့်နေမှာလားဟင်။

(၅) တကယ်လို့ပေါ့နော်.... လူကြပ်တဲ့ ဆိုင်တစ်ဆိုင်မှာ နင်တို့ မိန်းကလေးသူငယ်ချင်းတွေ ထိုင်စားနေတယ်ဆိုပါစို့။ စားပြီးသွားတဲ့အချိန်မှာ လူကလည်း တအားများလာတယ်.. ထိုင်စရာလည်းမရှိတော့ဘူး.. နင်တို့လည်း စကားအရမ်းကောင်းနေတယ်.. ဒါဆို နင်ဘယ်လိုလုပ်မလဲဟင်။ ငါပိုက်ဆံပေးစားတာပဲ.. ငါထိုင်ခွင့်ရှိတယ်လို့ပဲ တွေးနေမှာလားဟင်။ ငါပါလာလို့ ထပေးလိုက်ရအောင်လို့ ပြောရင် နင်ငါ့ကို အကြီးအကျယ် ရန်တွေ့တော့မှာပဲနော်။

တကယ်လို့ပေါ့နော်.. သြော်..တော်ပါပြီ.. ဘာလို့ အတိတ်ကိုပြန်တွေးနေတာပါလိမ့်။ စိတ်ချင်းမတူတဲ့ ချစ်သူရှိခဲ့တာကိုက ငါ့အမှားပဲလေ..။ ဒီနေ့တော့ ငါတစ်ယောက်တည်းပဲ အတိတ်က ရန်ဖြစ်ခဲ့တာလေးတွေကို ပြန်တွေးခွင့်ပြုပါ.... ။ နော်....း(

ဒီအကောင်ဘယ်သူတုန်း

မနေ့က ...

မျက်နှာမှာ ၀က်ခြံအကြီးကြီးပေါက်တယ်..

မှည့်လာလို့ လက်ဆော့လိုက်တော့..

ပြည်တွေအပြစ်လိုက်အပြစ်လိုက်နဲ့..

ရွံဖို့ကောင်းလိုက်တာ....

ခဏတော့ တရားရသွားတယ်....

မသေခင်.ဟိုကပုပ်လိုက်..ဒီကပုပ်လိုက်နဲ့..

ဒုက္ခဆိုတာ...

ရေထဲကို

ခဲတစ်လုံးချလိုက်သလိုပဲ..

လှိုင်းတွေဟာ တောက်ကနဲထလာမယ်..

အချိန်တန်တော့လည်း

ဒီလှိုင်းတွေဟာ..

ပျက်ပြယ်သွားမှာပဲလေ....

ဆန္ဒ

နင်ငါ့ကို မချစ်ရင်နေပါ..
မမုန်းပါနဲ့..

နင်ငါ့ကို စကားမပြောချင်နေပါ..
ငါပြောတာတော့ နားထောင်ပေးပါ..

ငါ့စကားတွေထဲမှာ
နင့်ကို နာကျင်စေမယ့် စကားတွေပါချင်ပါနေမယ်..
အဲဒါတွေကို လျစ်လျူရှုပေးပါ...

နင်ငါ့ကိုကြည့်မရရင်နေပါ...
ဒါပေမယ့် ဥပက္ခာတော့မပြုပါနဲ့...

နင်လည်း ခရီးသည်..
ငါလည်း ခရီးသည်ပါ..
ဘ၀တူမို့ ငါ့ကိုတတ်နိုင်သလောက် ဖေးမပါ....

တလောကလုံးက
ငါ့ကို ဘီလူးသရဲလို သတ်မှတ်ထားရင်တောင်မှ..
နင့်ကို ငါ့နှလုံးသားထဲမှာ
အမြဲတမ်းသိမ်ဆည်းထားမှာပါ...
နင်ဟာ ငါ့ရဲ့ ထာဝရအဖော်ဖြစ်နေမှာပါ...

ဒီဟာလေးကို ဘယ်ကနေ ရမှန်းမသိပါဘူး.. ကဗျာလည်း ဟုတ်ပုံမပေါ်ဘူး။ ဒီထဲမှာပါတဲ့ နင်ဆိုတဲ့နေရာလေးကို လုပ်နိုင်အောင် အသည်းအသန်ကြိုးစားဖူးတယ်။ ဒါပေမယ့် အောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့ လုံးလည်ချာလည်ပါပဲ.. :P..။ တကယ်တော့ ဒီလူ့အသိုင်းအ၀ိုင်းမှာ လူအမျိုးမျိုး စိတ်အထွေထွေရှိတာကြောင့် နင်ဆိုတဲ့နေရာလေးကနေသာ လူတွေကို ဆက်ဆံတတ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ.....

ပျင်းလိုက်တာ...

ပျင်းလိုက်တာ....

စာလည်းမလုပ်ချင်ဘူး...

လည်လည်းမလည်ချင်ဘူး...

ဘယ်မှလည်းမသွားချင်ဘူး..

စကားလည်းမပြောချင်ဘူး..

ကျောင်းသွားရမှာလည်းပျင်း...

ဘလော့ခ်ရေးရမှာလည်းပျင်း...

စားဖို့တောင်ပျင်းလို့. မစားရသေးဘူး..

ပန်းကန်တွေလည်း ဆေးပျင်းလို့ အပုံလိုက်ပဲ..

လူလုပ်ရမှာတောင် ပျင်းနေသလားလို့..

း(

ပျင်းလိုက်တာ....

အမှားနှင့် အမှန်

အမှားနှင့် အမှန်ဟူ၍ ရှိသည်။

တခါတရံ အဆိုပါ အမှားဆိုတာကို
အမှားမှန်းသိလျက်နှင့်
အမှန်ဟန်ဆောင်ပြီး လုပ်တတ်ကြပြန်ရော...

အမှန်ကို မသိပဲနှင့်
အမှားချည်းပဲ ဇွတ်လုပ်တတ်ကြသေးသည်။

အမှားကို အမှားလို့ ထောက်ပြပြန်ရင်တော့
စိတ်ဆိုးတတ်ကြရော....

အဲ.. အမှားကို အမှန်လို့ ပြောပြန်ရင်တော့လည်း..
ဒီလူကို သတိထားပေါင်းတဲ့ဗျား....

အဟီး.. အမှန်ကို အမှန်အတိုင်း ပြောရင်တော့
သေချာတယ်..လူမုန်းများလိမ့်မယ်...

အမှန်ကို အမှားလို့ စွပ်စွဲရင်တော့..
တခွီးခွီးနဲ့ ဒေါသထွက်မှာပဲနော်....

ပိုဆိုးတာကတော့..
အမှားလုပ်တုန်း မှန်တယ်ပြောပြီးတော့..
အမှန်လုပ်တုန်း မှားတယ်လို့
မှားပြောရင်တော့...
ဘ၀ပြတ်ရော.....

ကဲ..နောက်ဆုံးတစ်ချက်..
အမှားလုပ်တုန်းက အမှားလို့ပြောတတ်ပြီးတော့
အမှန်လုပ်တုန်း အမှန်လို့..
မှန်မှန်ကန်ကန်ပြောတတ်တယ်ဆိုရင်တော့..
ခင်ဗျားကိုမေးလိမ့်မယ်..
မင်းက ဆရာကြီးမို့လို့လားတဲ့....