ကြားဖူးသော အကြောင်းအရာလေးကို တွေးမိတော့ ပြုံးမိသည်။ အင်္ဂလိပ်တွေ မြန်မာပြည်ကို အုပ်စိုးစဉ်က ရှမ်းပြည်နယ်က ကျေးရွာလေး တစ်ရွာမှာပေါ့။ အင်္ဂလိပ်ကြီးတစ်ယောက်က ခရီးသွားရင်း အဲဒီ ရှမ်းရွာလေးရောက်တော့ အိမ်သာတအားတက်ချင်လာသည်။ ခက်သည်က အိမ်သာဆိုတာကလည်း အဲဒီ ခောတ်က ရှိတာမဟုတ်ဘူးလေ။ ဒါနဲ့ပဲ သစ်ပင်ခြုံနွယ်ကြားမှာ ကိစ္စပြီးခဲ့ရသည်။ ထိုကိစ္စက တရွာလုံးအုံးအုံးကျွတ်ကျွတ် နာမည်ကြီးသွားခဲ့သည်။ ဒါနဲ့ပဲ အင်္ဂလိပ်အီးကို ထူးဆန်းစွာ တရွာလုံး ၀ိုင်းအုံကြည့်ခဲ့ ကြသည်တဲ့။ အင်္ဂလိပ်အီးနဲ့ မြန်မာအီး ဘာကွာပါသလဲ??
ဘိုဆိုလျှင် အလိုလို အထင်ကြီးချင်ကြသည်။ ကျွန်တော်တို့ မြန်မာပြည်တစ်ခုထဲ မဟုတ်ပါ။ အာရှနိုင်ငံ တော်တော်များများဖြစ်သည်။ ဘိုတွေစကားပြောလျှင် လေးလေးနက်နက် နားထောင်ကြသည်။ အတော်အတန် မလွန်ဆန်ရဲကြပါ။ ဒီအချက်က အနောက်ကမ္ဘာက အရှေ့တိုင်းကို လွှမ်းမိုးနိုင်သော အချက်တချက်ပင်ဖြစ်သည်။
ကျွန်တော် အလုပ်ကုမ္ပဏီက အင်္ဂလန်ကပါ။ ဘိုတွေအများကြီး ရုံးထိုင်ပါသည်။ ဘိုအီးက ကျွန်တော်တို့အီးထက် ဘာကွာသလဲဆိုလျှင် ကျနော့်အထင်ကတော့ ပိုနံပါသည်။ သူတို့က အစုံစားသတ္တ၀ါဖြစ်သဖြင့် ၀မ်းပိုပုပ်သည်ဟု ယူဆရပါသည်။ သေချာတာကတော့ ကျွန်တော့ရုံးက ဒါရိုက်တာ ဘို၀၀ကြီး အိမ်သာထဲဝင်သွားတာကို မြင်လျှင် ကျွန်တော်နောက် နာရီဝက်အထိ အဲဒီအိမ်သာထဲ မသွားရဲပါ။ မတွေ့လို့ ၀င်လိုက်မိရင်တော့လား... :P... နေ့လည်စာ စားချင်စိတ်တွေ ပျောက်ကုန်မည်။
အခု ကျွန်တော်ကျောင်းတက်တော့လည်း ဟာသလေးတွေ ခဏခဏဖြစ်သည်။ ကျွန်တော့အဆောင်က ၅ ထပ်အဆောင်။ အောက် ၂ ထပ်က မိန်းကလေးများနေပြီး အပေါ် ၂ ထပ်က ယောက်ျားလေးများနေပါသည်။ ကျွန်တော်တို့ အလိုလိုနိုးတတ်ကြသည်က ၈ နာရီ။ ဒါပေမယ့် ကျွန်တော်က ၇ နာရီခွဲဆိုလျှင် နိုးနေတတ်ပါသည်။ ထိုအချိန်ဆိုလျှင် တဆောင်လုံး တိတ်ဆိတ်နေတတ်သည်။ မနက်အိပ်ရာထပြီးတော့ စာအုပ်တစ်အုပ်ကို ဆွဲကာ ကျွန်တော် အိမ်သာတက်ပါသည်။ ခဏနေလျှင် အူယားဖားယား ပြေးလာသော ခြေသံများကို ကြားရသည်။ အိမ်သာထဲ ရောက်ရောက်ချင်း အသံအမျိုးစုံကို ကြားရတော့သည်။ အဆက်မပြတ် ပါပြီးပါက သက်ပြင်းသံလေးတွေကိုပါ ကြားရတတ်သည်။ တချို့များ လေလည်းလည်သည်။ အီးလည်းပါသည်။ ထိုအသံများကို ကြားရင်တော့ ကျွန်တော် တခွိခွိနှင့် ရယ်မိပါသည်။ ပါးစပ်လည်း ဟဟ မရယ်ရဲ။ အနံ့တွေ ၀င်ကုန်မှာစိုးတာကြောင့် စာအုပ်နဲ့ ပိတ်ရယ်ရသည်။ တခါတလေ အလွန်ထူးဆန်းသော အသံများကို ကြားပါက ပိုင်ရှင်ကို စုံစမ်းရန် ထိုလူထွက်မှ ကျွန်တော်လိုက်ထွက်သည်။ နောက်တခါ အဲဒီလူကို မြင်တိုင်း ရယ်ချင်စိတ်တွေ တဖွားဖွားပေါ်လာသဖြင့် မနည်း ထိန်းထားရသည်။
တကယ်တမ်းတော့ ဒီခန္ဓာဝန်ကို ဘယ်သူမှ မနိုင်ပါ။ ဒီကိုယ်ခန္ဓာက စားချင်လျှင် ကျွေးရသည်။ ကဲ.. ထွက်ချင်ပြန်ပြီဟေ့ဆိုလျှင်လည်း ရှိသမျှ အလုပ်ကို ချပြီး ပါရပြန်သည်။ သူက ရုပ်လှသည်လည်း မရွေး.. ရုပ်ချောသည်လည်းမရွေး...။ ဒါကြောင့် အီးတလုံးဆောင် အိုတောင် မဆင်းရဲဆိုတဲ့အတိုင်း တရားပေါက်ချင်ရင်တော့ အီးအကြောင်း များများလေ့လာဖို့ တိုက်တွန်းချင်ပါသည်။
စလုံးမှာ သူငယ်ချင်းတစ်ယောက်ကြုံခဲ့ရသည်ကတော့ ရက်စက်လွန်းအားကြီးပါသည်။ သူနှင့် တရုံးထဲထိုင်သည့် တရုတ်မလေးက အရမ်းချောသည်။ တနေ့ သူအိမ်သာ တအားတက်ချင်တာနဲ့ ထွက်လာတော့ အိမ်သာကလည်း မအား..။ အဲတာနဲ့ အိမ်သာရှေ့မှာ စောင့်နေမိသည်။ ခဏနေတော့ ထိုတရုတ်မလေး ထွက်လာသည်။ သူလည်း ခပ်သွက်သွက်ပဲ အိမ်သာထဲ လှမ်းဝင်လိုက်မိတော့.. ။ ဘိုခုံမှာ အီးတွေ ပေနေသတဲ့။ ထိုတရုတ်မလေးက မေ့သွားတာလား သတိမပြုမိတာလားမသိပေမယ့် အဲဒီသူငယ်ချင်း မိန်းကလေး လှလှမြင်တိုင်း ထိုအကြောင်းကိုပဲ မြင်ယောင်နေမိတော့သည်။