နှုတ်ဆက်ခဲ့ပြီ......

ဒီနေ့ညလေးဟာ စင်္ကပူဆိုတဲ့ မြို့လေးမှာ ကျွန်တော် နောက်ဆုံးကွန်ပျူတာ သုံးနိုင်မယ့်ညလေးတစ်ညပဲလေ။ ကျွန်တော့်ကိုယ်ပိုင် ကွန်ပျူတာလေးကို အိမ်ကိုပြန်ပို့ထားပြီးတော့ ရုံးကွန်ပျူတာနဲ့ သုံးတာကြောင့်ပါ။ မနက်ဖြန်ဆို ရုံးမှာ နောက်ဆုံးနေ့ပဲလေ။ ကွန်ပျူတာတွေ ဖုန်းတွေ ကင်မရာတွေ အကုန်ပြန်အပ်ရတော့မယ်။ အားလုံးကို နှုတ်ဆက်လို့ စနေနေ့မှာ ဒီမြို့လေးကနေ ထွက်ခွာတော့မယ်..။

ဒီချန်ဂီလေဆိပ်လေးမှာ သူငယ်ချင်းတွေ တယောက်ပြီး တယောက်ကို လိုက်ပို့ရင်း ၀မ်းနည်းခဲ့ရသည်။ အခုတော့ ကိုယ်ကိုယ်တိုင် စွန့်ခွာလို့ ၀မ်းနည်းရပြန်ပြီ။ မိဘ ညီအစ်ကို မောင်နှမ ချစ်သူတို့ကို တွေ့ရဖို့ ၀မ်းသာသင့်ပေမယ့် မသိစိတ်ထဲမှာ ဆို့နှစ်နေသည်။ ဒီနေ့ညမှာ ဒီစင်္ကပူက ကျွန်တော်ချစ်တဲ့ အစ်ကိုတွေ အစ်မတွေအားလုံးကို ဒီစာလေးနဲ့ နှုတ်ဆက်ပါရစေလားဗျာ...။

မရောင် (မေတ္တာရောင်ပြန်)

မောင်တွေ ညီမတွေ အပေါ်မှာ ထားတဲ့ မကြီးရဲ့ မေတ္တာတွေကို တကယ်ပဲ လေးစားမိပါတယ်။ မကြီးကို မြင်တိုင်း ရင်ထဲမှ တလှပ်လှပ်နဲ့ တအားကို ချစ်မိတယ်။ တကယ့် မောင်နှမသာ ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲဟင်..။ မကြီး ရုံးမှာ ထမင်းလာစားတဲ့နေ့ကလေ..။ ကျွန်တော် မကြီးလုပ်လာတဲ့ ကြက်ဥသုပ်လေးကို ငုံ့စားရင် မျက်ရည် တစက်ကျမိတယ်..။ အရမ်းလည်း ငိုချင်တယ်.။ ဘာလို့လဲ ဆိုတော့ အဆိပ်နဲ့ ကျွန်တော် ထမင်းစားနေတာကို ဘေးကနေ ထိုင်ကြည့်နေတဲ့ မကြီးရဲ့ မျက်လုံးတွေထဲမှာ မေတ္တာတွေကို မြင်နေရလို့ပဲ..။ ကော်ဖီထဖျော်ပေးတာက အစ လိမ္မော်သီးလေး ခွဲပေးတာအဆုံး မိခင်တစ်ယောက်လို အမကြီးတစ်ယောက်လို ပြုစုတတ်တဲ့ မရောင်.. အဲဒီနေ့က ရုံးကိုအပြန် ကျွန်တော် တကယ်ပဲ မျက်ရည်တွေ ကျသွားခဲ့ရတယ်..။ အမြဲတမ်း မောင်နှမတွေအပေါ်မှာ ချစ်ခင်တဲ့ မကြီးကို ဒီကနေပဲ ကျွန်တော် (ပန်ပန်) ကန်တော့ခဲ့ပါတယ်..။ နောင် ဘယ်ကိုပဲ ရောက်ရောက် မမေ့ကြစတမ်း ခင်မင်နေဦးမယ်လို့ ကျွန်တော့်ဘက်က ကတိပေးပါတယ် မကြီးရယ်....။

မိုးခါး

မိုးခါးရေ.. “လူတွေကို တအားယုံကြည်တာဟာ အန္တရယ်ကြီးတယ်တဲ့.. အေး.. ဘယ်သူ့ကိုမှ မယုံတာကတော့ အန္တရယ်အကြီးဆုံးပဲတဲ့” ။ လက်ဖ၀ါးတစ်ခုဟာ အတိုအရှည်မညီသလို လူတွေဟာလည်း အကျင့်စရိုက်ချင်း မတူကြပါဘူး။ များစွာသော သူတွေကို မယုံကြည်နိုင်ပေမယ့် ယုံကြည့်သင့်တဲ့သူတွေလည်းရှိနေမှာပါ။ ဘယ်ဘက်ကိုမှ အစွန်းမရောက်ပဲနဲ့ အလယ်အလတ်ကနေ ယုံကြည်ပေးပါနော်။ အစ်မတည်ဆောက်မယ့် ဘ၀မှာ အစ်မရဲ့ ယုံကြည်မှုတွေ အပြည့်ရနေနိုင်ပါစေလို့ ကျွန်တော်ယုံကြည်တယ်..။ (ဆရာလုပ်တယ်လို့တော့ မထင်ပါနဲ့ဗျာ)

မကောင်းကင်ပြာ

ကွမ်းသိပ်မ၀ါးနဲ့။ တတ်နိုင်ရင် ဖြတ်။ ကြည့်ပါဦး ၃ ယာကို တစ်ကျပ်..။ တနေ့ကို ၁၀ ယာလောက်စားနေတယ်။ ဒါဆို ၃ ကျပ်ဖိုး။ တနေ့ကို ၃ ကျပ်။ တလကို ၉၀။ ဘုရားဘုရား...။ နှမြောစရာကြီး။ ပြောလည်းမမှတ်ဘူး.. ဟွန်း။ ညဘက် အချိန်မှန်မှန်အိပ်။ အသက်ကို ဥာဏ်စောင့်တယ်တဲ့။ အခုနေ အသက်ငယ်လို့ ဘာမှ မဖြစ်ပေမယ့် တချိန်မှာ ထိခိုက်လိမ့်မယ်။ ပန်ပန့်ကို ချစ်ရင် ပြောစကားနားထောင်။ ဒါပဲ။ (နောက် ဟိုတစ်ခါက တင်တဲ့ ကဗျာဆရာကိစ္စ သတင်းစာရှင်းလင်းပွဲလုပ်လိုက်.. ဘယ့်နှယ် စိတ်ကူယဉ်များ လွန်ရတယ်လို့ တကယ့်အဖြစ်ဆို တကယ့်အဖြစ်ပေါ့.. မညာရဘူး..ရှူး..............)

အဆိပ်ခွက်

း).. မင်းကိုတော့ ငါဘာမှ မပြောတော့ဘူး။ တွေ့ကရာ ကောင်မလေးကို ရည်းစားစကားပြောဖို့ပဲ ချောင်းမနေနဲ့။ ဟိဟိ။ စာလည်း လုပ်ဦး။ (မရောင်ကို သွားသွား မနှောင့်ယှက်နဲ့)။ မင်းလုပ်လို့ ဒီနေ့ ငါ့အိပ်ကြီး အလေးကြီးပဲ.. ။းx..

ကိုတောင်ပေါ်

း).. ဟဲဟဲ.. ဒီအုပ်စုထဲကို ပေါက်ကရတွေ ပြောပြီးတော့ ဖျော်ဖြေပေးပါ...။ အခုလိုကြီး မနေနေနဲ့။ အားလုံးက ကိုတောင်ပေါ့်ကို မျှော်နေကြတယ်။း)

ကိုသီဟသစ်

ချွေးမတစ်ယောက် အမြန်ဆုံး သတ်မှတ်လိုက်ပါ.. ဒါမှ နားအေးမယ်.. ဟဲဟဲ....း)...

ကိုရီနို..

ဘယ်တွေများပျောက်လို့ ဘယ်တွေရောက်နေတယ်မသိ... နဂိုက ၀ဖြိုးဖြိုးလေး.. အခုတော့ ပိန်နေပြီလားမသိ... အစ်ကိုရေ.. နှုတ်ဆက်ပါတယ်... နေချင်တဲ့မြို့လေးကို နောင်မှပဲ ကြိုးစားတင်တော့မယ်နော...

ဦးရှင်ကြီး

တသက်တာ စွန့်ခွာသွားတဲ့သူလေးကို တမ်းတမနေနဲ့တော့..ထပ်မဖြစ်စေနဲ့.. ပုံမှန်သွားတိုက်.. ဟိဟိ... နှုတ်ဆက်တယ် ဦးရှင်ရေ.. ရှမ်းခေါက်ဆွဲလေးကို ရင်ထဲကပဲ တမ်းတပြီး စာနေတော့မယ်....

သဲသဲ (ဆောင်းနှင်းရွက်)

သဲရေ.. ကိုပြန်တော့မယ်နော်. (ဟိဟိ နောက်တာ..) ငါမရှိလည်း ဆက်ပေါပေါ့ကွယ်..ပေါဖော်ပေါဖက် လျော့သွားလည်း ဘာဖြစ်လဲ.. ငါအားတိုင်း လာပေါပြမယ်..ဟဲဟဲ.. ဒါနဲ့ နင့်အတွက် မိတ်ကပ်ဘူးလေးကို ဟိုကနေ ၀ယ်ထည့်ပေးလိုက်မယ်.. ငါ့သဲလေး လှဖို့ ဘာမဆို လုပ်ပေးမယ်... (ဟီးဟီး အသားယူနေတာ...)

ညီညီ

သြော်.. တနေ့ တနေ့ ကုန်လိုက်တဲ့ ၁၈၁၈.. ပြောလိုက်ရတဲ့ဖုန်း... ထိုင်လိုက်ရတဲ့ ချတ်တင်... ဟူး.. တနေ့ တနေ့ ပင်ပန်းတာ အဲတာတွေ... ကဲ သယ်ရင်းရေ.. နှုတ်ဆက်ပါတယ်ကွာ... လိမ်လိမ်မာမာနေရစ်ခဲ့.. လုပ်နေကျတွေ လျှော့.. (သိချင်ရင် သူ့ကိုမေးကြ ဘာလုပ်နေကျလဲဆိုတာ..း) )

ကိုညီနဲ့ နွေး(နွေးနွေးသဲမွန်)

ကိုကို့ကို တအားကြီး ချစ်တယ်ဟုတ်လား..း).. အားကျလိုက်တာ.. အားကျလိုက်တာ.. အားကျလွန်းလို့ သူတို့ မင်္ဂလာဆောင်မှာ အားကျသွားတာ ဘာမှ မစားနီုင်ခဲ့ဘူး... အခုနေ ပြန်စားချင်လိုက်တာ... ပြန်ကျွေးရင်ကောင်းမယ်..း)... ကဲ နှုတ်ဆက်ပါတယ်ဗျာ.. ဒီလင်ဒီမယား အိုအောင် မင်းအောင် ပေါင်းနိုင်ပါစေဗျား.....

မကြယ် (ကြယ်ဖြူစင်)

ဂွမ်းပုံလေး..အဲ..စောရီး မကြယ်..ဟီးဟီး.. ဆုံးဖြတ်ချက်တွေ ခိုင်မာသွားအောင် အချစ်က တကယ်ပဲ ပြုစားရက်တယ်နော်.. အခုတော့ စစ်ကားကြီးလည်းစီးမယ်တဲ့..တောထဲမှာလည်း နေမယ်တဲ့.. မြေနီလမ်းလည်း လျှောက်မယ်တဲ့..း).. သြော်.. အချစ် အချစ်.. အင်း.. အချစ် ..အချစ်.. မင်္ဂလာဆောင်ရင် ဖိတ်နော်..

မေလေး

မေလေးရေ. လျှော့လျှော့.. အစားကို ပြောတာမဟုတ်ဘူးနော်.... (တကယ်တော့ဒါလည်းလျှော့သင့်တယ်).. အလုပ်ကြိုးစား... (သိပ်ကြိုးစားတာ.. အကြီးအကျယ်ကို စီဘောက်စ်မှာ ဆွေးနွေးနေကြတယ်.. ) မပြောတော့ ပါဘူး.. အတင်းတွေ အဖျင်းတွေ..း)..နောက်တာ မေလေးရေ.. သွားတော့မယ်နော်.. ဆက်ပြီးတော့ ကုသိုလ်တွေ အများကြီး ယူနိုင်ပါစေဗျား....

နနခနဲ့ ကိုမိုးကုတ်သားတို့ရေ.... တာ့တာ..

တကယ်တမ်း အားလုံးရဲ့ ခင်မင်မှုတွေဟာ ကျွန်တော့်ရဲ့ နှလုံးသားမှာ တံဆိပ်ခတ်ရိုက်ထားလိုက်ပြီပဲလေ..။ သံသရာတလျှောက်မှာ တနေရာရာမှာတော့ ပြန်ဆုံကြမှာပါ။

ဒီဘလော့ခ်လေးကနေတဆင့်ခင်မင်ခဲ့ရတဲ့ ကိုဖြိုးဝေအောင်ကိုလည်း ဒီကပဲ နှုတ်ဆက်ခဲ့ပါတယ်။ အရမ်းအရေးအသားကောင်းတဲ့ ဘလော့ခ်ဆိုဒ်တွေကို အစ်ကိုဆက်ရှာဖွေနိုင်ပါစေလို့...။

ကျန်နေသေးတဲ့ အစ်ကိုတွေအစ်မတွေအားလုံးကိုလည်း နှုတ်ဆက်ပါတယ်..။ နာမည်ကျန်သွားခဲ့ရင် ခွင့်လွတ်ပါလို့။

ဆုံးဖြတ်ချက်

ဆိုဒ်ကားပေါ်မှာ လူစောင့်နေရင်း ကျွန်တော် ငိုင်နေမိသည်။ ဒီနေ့ လူအင်မတန်ပါးသည်။ ယခု မွန်းတည့်ချိန်အထိ ဧည့်သည်နှစ်ယောက်သာရသေးသည်။ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်က ငွေသား သုံးရာ။ နေ့လည်အထိ စောင့်ကြည့်လို့မှ အုံနာကြေးကျေပါ့မလား..။ တွေးရင်းနှင့် ရင်ပူလာသည်နှင့် ရေထသောက်မိသည်။

ဆိုဒ်ကားဖင်ထိုင်ခုံတွေကို ဆွဲလှန်လိုက်ပြီး လှဲအိပ်လိုက်မိသည်။ မျက်လုံးလေးကို အသာမှိတ်လိုက်တော့ ပေစိ၊ ပူတူး၊ ခွေးမ၊ ကြွက်နီစသည့် ရင်တွင်းဖြစ် မျိုးဆက်သစ်လေးများ၏ မျက်နှာတို့က အစီအရီ..။ ဒါတောင် မိသက် လတ်တလော မွေးထုတ်ထားသည့် ၂ လသားလေး (မည်းတူလို့ အမည်ပေးရမည်လားမသိ) ရှိနေသေးသည်။ ပေစိက အကြီးဆုံး ၈ နှစ်။ ပူတူးက ၆ နှစ်။ ခွေးမက ၄ နှစ်။ ကြွက်နီက ၃ နှစ်။ နှစ်အနည်းငယ်စီ ခြားမွေးထားသည့် အတွက် ကျွန်တော်တို့ လင်မယား ဒီရပ်ကွက်မှာ နည်းနည်းတော့ နာမည်ကောင်းရနေသေးသည်။

မိသက်ဗိုက်မကြီးခင်ကတော့ ရပ်ထဲလှည့်ပြီး အ၀တ်လျှော်သည်။ ခိုင်းဖော်ခိုင်းဖတ်ပေါ့လေ။ ဆန်လေး ဆီလေး ရလည်း မဆိုးဘူးလေ။ ကျွန်တော်တို့ဘ၀မှာကလည်း တီဗီမရှိ ဘာမရှိနဲ့ဆိုတော့ ဘ၀အမောပြေစရာဆိုတာ ရှာကြံနေရတာကလား။ ဗိုက်တစ်လုံးပြီးတစ်လုံးနဲ့ မိသက်ကတော့ မျက်စောင်းကြီးခဲပြီး ကြည့်နေပေမယ့် ကျွန်တော်မသိသလိုပဲနေခဲ့မိတာ အခုမှားများမှားသွားပြီလား..။

အရင်နှစ်တွေကတော့ နည်းနည်းချောင်လည်တာနဲ့ ပေစိလေးကို ကျောင်းထားနိုင်ခဲ့သည်။ အခု ပူတူးလေးကလည်း ကျောင်းတက်ချင်နေပြီ။ မိသက်ကလည်း မီးနေသည်ဆိုတော့ ဘာမှတခြားဝင်ငွေမရှာနိုင် သေးဘူးလေ။ မိသားစုခြောက်ယောက်စာတောင် အနိုင်နိုင်ရှာဖွေနေရတာ အခု ပါးစပ်တစ်ပေါက်ထပ်တိုးလာပြီ။ တနေ့တနေ့ တအိမ်လုံးစားဖို့ ဆန်ကို အနိုင်နိုင်ရှာကြံဝယ်နေရတာ ဒီနေ့တော့ ၀ယ်နိုင်ပါ့မလား..။ ဟူး....။ သက်ပြင်းကို မှုတ်ထုတ်လိုက်ရုံကလွဲလို့ ကျွန်တော်လည်း မကြံတတ်တော့ဘူးဗျာ။

ကျွန်တော့်အိမ်ကနေ ဒီဆိုဒ်ကားမောင်းတဲ့နေရာကို လာရတဲ့ခရီးက မနည်းဘူးဗျ။ လိုင်းကားခတွေကလည်း တက်ပြီးရင်းတက်..။ မနေ့က ကျန်တဲ့ ထမင်းကြမ်းတွေကို ဆားလေးဖြူး၊ ကြက်ဥလေးပြုတ်ပြီး ထမင်းချိုင့်ထည့် လာလို့သာ ကျွန်တော်နေ့လည်စာမငတ်တယ်..။ တွေးရင်းနဲ့ ဗိုက်လေး ဆာတာတာဖြစ်လာတာ ထမင်းချိုင့်လေး ဖွင့်စားဦးမှ လို့ ပြင်မိတော့ မျက်လုံးတွေက တနေရာမှာရပ်တန့်သွားသည်။

ကျွန်တော်တို့ ဆိုဒ်ကားဂိတ်ရဲ့ မျက်စောင်းထိုးလေးက အိမ်လေး။ ကောင်မလေးတစ်ယောက် ခြံထဲတွင် စာဖတ်နေရင်းမှ အိမ်ထဲ ထ၀င်သွားခဲ့သည်။ သူမဘေးမှာ ကျန်ခဲ့သည်က ကော်ဖီခွက်လေးနှင့် လက်ကိုင်ဖုန်းလေးတစ်လုံး...။ အကြည့်တို့ကို လွဲရင်း ထမင်းစားဖို့ ပြင်သည်။ ကြက်ဥပြုတ်လေးကို ပါးစပ်လေးထဲ ထည့်မည်အလုပ် ခုနက ကောင်မလေး ၀ရုန်းသုန်းကားနှင့် အပြင်ကို ထွက်သွားခဲ့သည်။ အိမ်တံခါးကို သော့ခတ်သွားခဲ့ပြီး ကမန်းကတန်း ထွက်သွားခဲ့သည်။

ကျွန်တော့်အကြည့်တို့က ခုနက ဖုန်းလေးပေါ်မှာ...။ ကြက်ဥပြုတ်ကို တလှည့်၊ ပေစိတို့ မျက်နှာလေးတွေကို တလှည့်၊ မိသက် မျက်နှာလေးကို တလှည့်၊ ငါးပါးသီလကို တလှည့်၊ ထိုလက်ကိုင်ဖုန်းလေးကို တလှည့် မြင်ယောင်နေမိပြီး ခေါင်းထဲတွင် အတွေးတွေ ရောက်ယက်ခတ်နေတော့သည်....။ ထိုမြင်ကွင်းတွေကို ဆန်မရှိတော့သည့် အိုးလေးက လွှမ်းမိုးသွားလေမည်လား...

ဆုနဲ့ ဆူး

ဒီအခန်းကျဉ်းလေးထဲမှာ တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်နေမိသည်။ မီးမလင်းတဲ့ ဒီအခန်းလေးထဲမှာ လရောင်လေးက ဖြာဆင်းနေလို့ ဝေရီစွာ တစ်ယောက်တည်း ငေးနေမိသည်။ ကျွန်တော့်ခုတင်ဘေးမှာ စာကြည့်စားပွဲလေး။ ကုတင်ခြေထောက်မှာ စန္ဒယားခုံလေး။ ကုတင်အောက်မှာတော့ ပြည့်နှက်နေသည့် စာအုပ်အိတ်တွေ။ အခန်းနံရံပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ ချိတ်ဆွဲထားသော ဓါတ်ပုံများ....။ အားလုံးကို အကြည့်လွဲရင်း မျက်လုံးကို မှိတ်လိုက်မိသည်။ သက်ပြင်းတိုးတိုးလေးကြားမှာ အတိတ်က အရိပ်တွေဟာ တဖွားဖွားပဲ......

ပထမဆုံးပုံရိပ်လေးကတော့ တရှုံ့ရှုံ့ငိုနေသော ၆ နှစ်အရွယ်ကလေးလေးတစ်ယောက်။ ည ၈နာရီထိုးတော့ အရမ်းကို အိပ်ချင်နေသည်။ ကျက်ထားသော စာများမှာလည်း အထစ်အထစ်..။ ဘေးနားမှာ တုတ်တချောင်းကိုင် ကာ မျက်နှာထားတင်းတင်းနှင့် ထိုင်နေသော မမကြီး။ တဖြန်းဖြန်းနှင့် ခြိမ်းခြောက်နေသော အသံများကြားမှာ ငိုရင်းရှိုက်ရင်း စာကျက်ခဲ့ရသည်။ စာမေးပွဲမှာ ပထမရကို ရရမယ် ဆိုသည့် စကားလုံးတွေက နုနယ်နေသည့် ကလေးလေးရဲ့ ဦးနှောက်ထဲကို ရိုက်နက်သွားစေသလားမသိ..။ ၅ တန်းအထိ ပထမဆိုသည့် နေရာမှ မဆင်းရအောင် ခပ်ကုတ်ကုတ်ကြိုးစားခဲ့သည့် ကလေးလေးက တချိန်က ကိုယ်လေလား.....။

၆ တန်းနှစ်မှာ ကျောင်းပြောင်းခဲ့တော့ ကျွန်တော့ကျူရှင်ဆရာနှင့် ၆ တန်းအတန်းပိုင်ဆရာမတို့ ပြိုင်ကြသည်။ အထက (၁)မှ ပထမရနေကျကောင်မလေးနှင့် ကျွန်တော် ပထမအစမ်းမှာ ဘယ်သူသာမလဲတဲ့....။ ဘယ်သူ ဘာပြောပြော ပြိုင်ဖို့ စိတ်ကူးကိုမရှိသည့်အတွက် ကိုယ်ရသင့်သည့်အမှတ်ရအောင်သာ ဖြေခဲ့သည်။ ပထမဆုံး သောစာမေးပွဲမှာ ၅ မှတ်ဆိုသော ပမာဏနှင့် ဒုတိယပဲ ကျွန်တော်ရခဲ့သည်။ ဒါကို ဘယ်လိုမှ ၀မ်းမနည်းခဲ့ပေမယ့် လက်ခနဲ လှောင်ပြုံးနေသော ဆရာမမျက်နှာ၊ နောက်ကွယ်တွင် အပြောခံရသော “အထင်ကြီးစရာ မရှိပါကွယ်” ဆိုသည့် စကားတို့ကတော့ ကျွန်တော့်သိက္ခာကို အလွန်စော်ကားလိုက်ခြင်းပင်။ ဘယ်ဘ၀က ထည့်ပေးလိုက်သည့် မာနတရားများလဲ.. နာကျည်းသော အကြည့်တို့နှင့် ဆုံးဖြတ်ချက်ချလိုက်မိသည်။ ဒီကောင်မလေးနှင့် အတန်းတူနေသမျှ ငါ့ကို သူမကျော်စေရ ဆိုသော ဆုံးဖြတ်ချက်တို့က ကျွန်တော့်ကို စာကြမ်းပိုးအဖြစ်သို့ တွန်းပို့ခဲ့ပြန်သည်။

ဓါတ်ပုံအယ်လ်ဘမ်များထဲမှ ဆုဓါတ်ပုံတို့ကို ထုတ်ယူကာ ကြည့်နေမိသည်။ ပြုံးပျော်နေခဲ့သော ထိုစဉ်က အမှတ်တရလေးများကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေမိသည်။ ၀မ်းမသာနေသလို ဂုဏ်လည်းမယူနေပါ။ လုပ်သင့်သည့် အလုပ်ကိုလုပ်ခဲ့ခြင်းလို့သာ စိတ်ထဲတွင် ထင်နေမိသည်။ တကယ်တမ်း ထိုဆုများစွာတို့က ကျွန်တော့်အသည်းနှလုံးကို စူးပေါင်းများစွာ ရိုက်သွင်းခဲ့တယ်ဆိုတာ ဘယ်သူများ သိနေမလဲလေ...။

ပထမဆုံးသောအရာက ဆရာဆရာမတွေကို အပြည့်အ၀မလေးစားတတ်တော့တာပါပဲ။ တန်းတူသော အချစ်တို့ဖြင့် တပည့်တို့အပေါ်မှာ ဆက်ဆံရမည်ဆိုသော ယုံကြည်ချက်ပေတံနှင့် လိုက်တိုင်းတော့ ကျွန်တော် တကယ်ယုံကြည်လေးစားရသော ဆရာဆရာမတို့က အတော့်ကို နည်းခဲ့ပါသည်။ နောက် ကျွန်တော်ဆုံးရှုံးခဲ့ရသော အချက်က သူငယ်ချင်းများပင်။ စာတကုတ်ကုတ်လုပ်နေသော ငယ်ဘ၀မှာ သူငယ်ချင်း အင်မတန်နည်းခဲ့ပါသည်။ တချို့သော သူငယ်ချင်းများသည် စာတော်လို့သာပေါင်းသည်။ စိတ်ထဲ နှစ်၍မပေါင်းရဲကြပါ။ တချို့သော သူငယ်ချင်းများမှာ ရှိန်းတိန်းတိန်းနှင့် မပေါင်းဖြစ်ခဲ့..။ ဒီအချက်တွေကို မကြာလှသော ကာလမှာမှ ချတ်တင်ထိုင်ရင်း သိခဲ့ရသည်။ ၁၀ နှစ်တာကာလာ ထိန်ချန်ဖြစ်ခဲ့သော ဒီအကြောင်းတွေကို သူငယ်ချင်းအချင်းချင်း ဖွင့်ဟ၀န်ခံရင်း သိခဲ့ရသည်။ ၀မ်းနည်းခဲ့ကြရသည်။ အချင်းချင်း တောင်းပန်ဖြစ်ခဲ့ကြသည်။ ဒီသူငယ်ချင်းတွေကို ၁၀ နှစ်လုံးလုံး စာဆိုသည့် အမှောင်ထုအောက်မှာ ဖုံးအုပ်ထားခဲ့လေသည်ကော...။

စာဆိုသည့် ခေါင်းစဉ်က လူသားတစ်ယောက်ကို တကယ်ပဲ အတ္တကြီးစေပါသည်။ စာတော်သည့် ကျောင်းသားတော်တော်များများကိုကြည့်ပါ။ တကယ်ပဲ အတ္တကြီးပါသည်။ သူများတွေ ကိုယ့်ထက်သာမှာ ကြောက်သည်။ ကိုယ်ရှာဖွေသိမိသည့် အချက်တွေကို သူငယ်ချင်းတွေ သိမှာစိုးသည်။ လျှို့ဝှက်သည်။ အရှင်းဆုံး ၀န်ခံရလျှင် ၁၀ နှစ်တာကာလလုံး ကျွန်တော်သည် ထိုသို့သော ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါသည်။ ထိုကဲ့သို့သော အောက်တန်းကျသည့် စိတ်ဓါတ်များကို ပိုင်ဆိုင်ခဲ့ဖူးသည်ကို ပြန်တွေးမိတိုင်း အရမ်းကို ရှက်မိသည်။ စာဆိုသော အရာကြောင့် ကျွန်တော့်နှလုံးသားမှာ ဆူးတွေအများကြီး စူးဝင်နေခဲ့သည်။

မေမေသင်ကြားပေးသည့် ၀ိပဿနာတရားတွေကို နာယူရင်း ဆူးတွေ ကို တချောင်းပြီး တချောင်း ဆွဲနှုတ်နေမိသည်။ အလုပ်က သင်ကြားပေးသော သင်ခန်းစာတို့က မျှဝေတတ်လာသည်။ Flexible ဖြစ်လာသည်။ နောင်ကာလမှာ ကျွန်တော့်သားတွေ သမီးတွေကို ပြောပြရဦးမည်။ ဆုတွေဟာ ဆူးတွေ အသွင်ပြောင်းမသွားစေဖို့ ဖခင်တစ်ယောက်ရဲ့ တာဝန်တွေ အပြည့်အ၀ယူရမည်။ လောကကြီးမှာ မျှတသော အတွေးအခေါ်ဖြင့်ရှင်သန်တတ်သည့် မျိုးဆက်သစ်တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည့် တာဝန်က ကျွန်တော့်တာဝန်ပဲမလား..။.။ ကျွန်တော်ပြုံးမိသည်။ တကယ်ကိုပဲ လှိုက်လှိုက်လှဲလှဲ ပြုံးမိသည်။ ကျွန်တော့် နှလုံးသားမှာ ဆူးတစ်ချောင်းမှမရှိတော့သည့် အနာတရကင်းစင်တဲ့ နှလုံးသားလေးဖြစ်နေပြီလေ။ အမာရွတ်တွေ ကျန်နေသေးပေမယ့် တချိန်ချိန်မှာ ပျောက်ကင်းသွားမယ်လို့ ယုံကြည်မိသည်။

အပြင်မှာ သာနေတဲ့လလေးက ကျွန်တော့ကို ဂုဏ်ပြုနေသည့် ဆုလဒ်တစ်ခုလေလား..။ ဒီဆုလဒ်ကတော့ ဘယ်တော့သောအခါမှ ဆူးတစ်ခုအဖြစ် ပြောင်းသွားနိုင်မှာမဟုတ်ဘူးဆိုတာ တပ်အပ်သိနေမိတယ်ဗျာ...။

ေ၀၀ါးနေသော ပန်းတိုင်

ငါဟာ လမ်းလျှောက်နေခဲ့တယ်...

ငါ့ဘေးမှာလူတွေ..

တချို့က ငါ့ရှေ့မှာ...တချို့က ငါ့နောက်... တချို့က ငါနဲ့အတူတူ...

င့ါနောက်က လူတချို့ ငါ့ကိုကျော်တက်တယ်...

ငါ့ရှေ့က လူကို ငါအမှီလိုက်နေတယ်...

ငါ့ဘေးနားကို ရောက်လာသူတွေအားလုံး ငါ့သူငယ်ချင်းတွေ...

ငါတို့ ရယ်မောကြတယ်.. ငါတို့ရန်ဖြစ်ကြတယ်.. ငါတို့ ငြင်းခုန်ကြတယ်....

တချို့က ရုတ်တရက် လမ်းခွဲသွားတယ်... တချို့သော အသစ်တွေက လာမိတ်ဆက်တယ်...

ငါတို့တွေ ဘယ်ကိုသွားနေတာပါလိမ့်..????

သူညမဟုတ်သော အကြွင်း

ဆယ်စုနှစ်တစ်ခုစာ ကြာမြင့်ခဲ့ပေမယ့် အရိပ်တွေက ကျွန်တော့်အတွေးတွေကို လွမ်းမိုးထားဆဲပါပဲလေ..။ ပြင်လို့မရတော့တဲ့ နောင်တတွေတပွေ့တပိုက်နဲ့ ၀ဋ်ကြွေးတစ်ခုကို ဆပ်နေရပြီလား...။

လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလ..။ ခြောက်တန်းကျောင်းသားဘ၀မှာ အလယ်တန်းကျောင်းတစ်ခုကနေ အထက်တန်း ကျောင်းတစ်ခုကို ကျွန်တော်ကျောင်းပြောင်းခဲ့သည်။ ကျောင်းသားသစ်တဖြစ်လဲ ကျွန်တော့မှာ သူငယ်ချင်းများများ စားစားမရှိခဲ့ပါ။ နှစ်ပတ်ခန့်မြောက်သောနေ့မှာ ဆရာမက ကျွန်တော့်ကို ထိပ်ဆုံးခုံမှာနေရာချပေးရာက သူနဲ့ စတွေ့ခဲ့သည်။

သူဆိုသည်က “မိုးဇင်ထွန်း”။ အဖေက စစ်ဗိုလ်.. နေထိုင်သည်က စစ်တပ်ထဲမှာ။ လူက အသားမည်းမည်း ၀ဖိုင့်ဖိုင့်။ စကားပြောသည့်အခါ အာလေးလျှာလေးပြောတတ်သည်။ စာကျက်အင်မတန်ပျင်းသည်။ စာနားလည်ဖို့ အလွန်ခဲယဉ်းသည်။ အဆော့အင်မတန် မက်သည်။ စာကလွဲလျှင် အားလုံးမှာ အတော်ဆုံးဖြစ်သည်။

သူနဲ့ ဆန့်ကျင်စွာ ကျွန်တော်က စာလုပ်ရသည်။ ကျောင်းအပြောင်းမှာ ဆရာတွေ အချင်းချင်းရန်တိုက်မှုကြောင့် ဒီကျောင်းအသစ်က ပထမရနေကျ ကောင်မလေးကို အနိုင်ယူ ဗိုလ်စွဲရေးမှာ ကျွန်တော့တာဝန်ဖြစ်လာသည်။ နဂိုက ကျွန်တော့်ဆရာက အတင်းအကျပ် တာဝန်ပေးမှုကြောင့် တာဝန်ယူခဲ့ရပေမယ့် ကျောင်းအသစ်က ဆရာမရဲ့ အပြောအဆိုတွေက ကျွန်တော့ပုဂ္ဂိုလ်ရေးကို ထိခိုက်လာသည့်အတွက် မခံချင်စိတ်နဲ့ ပထမအစမ်းမှာ သာအောင်လုပ်ပြမည်ဆိုသည့် ခံယူချက်က ရှိနေသည်။

မိုးဇင်ကို အင်မတန်စိတ်ပျက်မိသည်။ စာလာသင်သည့် ဆရာတိုင်းက မေးသည့် မေးခွန်းတွေ သူတခွန်းမှ မဖြေနိုင်။ ဥာဏ်မကောင်းလို့ စာကျက်မည်လားဆိုတော့လည်း မကျက်။ ဒီထိုင်ခုံမှာ ထိုင်နေသည်က သူနှင့် ကျွန်တော်နှစ်ယောက်တည်း သီးသန့်။ နေ့စဉ်နှင့်အမျှ ကျွန်တော့ဘေးမှာ နားရွက်ဆွဲခံထိလိုက်၊ ထိုင်ခုံပေါ်တက် မတ်တပ်ရပ်လိုက်၊ ကြိမ်တုတ်နှင့် အဆော်ခံရလိုက်၊ နားပန်အုပ်ခံလိုက်ရနှင့် အရမ်းစိတ်ရှုပ်ဖို့ ကောင်းလာသည်။ ပိုဆိုးသည်က သူစာမရတိုင်း စာရှင်းပေးရမည့် တာဝန်မှာ ကျွန်တော့တာဝန်ဖြစ်လာသည်။ တခါတရံ ထွက်ပြေးချင်လောက်အောင် စိတ်ညစ်သည်။

ဒီလိုနှင့် တနေ့မှာ နေ့လည်ထမင်းစားချိန်မှာ ဆော့ကြသည်။ အတန်းထဲမှာပဲ စိန်လိုက်ပြေးတမ်းကစားကြသည်။ ၁၂ နာရီမှာ အတန်းဆင်း၍ ထမင်းကို ၅ မိနစ်နှင့် ပြီးအောင်စားကြသည်။ ပြီးတော့ နာရီဝက်လောက် ကစားသည်။ ၁၂ ခွဲတော့ ကျွန်တော် စာပြန်နွေးဖို့ သတိရလိုက်မိသည်။ ဒီလိုနှင့် အားလုံးကို နှုတ်ဆက်ကာ စာကျက်ဖို့ ကြိုးစားနေမိသည်။

ခက်သည်က မိုးဇင်။ ဆော့ဖို့ အတင်းပြန်လာခေါ်သည်။ “ငါမဆော့တော့ဘူး.. ဒီနေ့ ငါနဲ့ ဟိုကောင်မလေးနဲ့ အပြိုင်စာဆိုရမှာ.. မင်းတို့ပဲ ဆော့တော့.. ” လို့ ပြောလည်း မရ။ မရတော့ သူလည်းသွားမဆော့တော့။ ကျွန်တော့ဘေးမှာ ထိုင်ပြီး ကျွန်တော့မျက်နှာကို ဟိုးဘက်ကကြည့် ဒီဘက်ကကြည့်နှင့် ပြောင်စပ်စပ် လာလုပ်နေသည်။ အဟိ အဟိ ဆိုသည့် အသံကပါလာသေးသည်။ စိတ်ထဲက ဆိုနေသည့်စာက အဲဒီပြောင်စပ်စပ်မျက်ခွက်ကို မြင်တော့ မေ့တေ့တေ့ဖြစ်လာသည်။ “ဟေ့ကောင်... ငါစာကျက်နေတယ်လို့ ပြောနေတယ်မလား.. မင်းအဝေးကိုသွားနေချေ” ဟုခပ်ဆတ်ဆတ်ပြောလိုက်လည်း မထူး။ ကြာတော့ စိတ်တအားတိုလာတာနှင့် “ကဲကွာ..ခွပ်”။ ကျွန်တော် ထထိုးလိုက်မိသည်။

အားလုံးငြိမ်ကျသွားသည်။ မျက်လုံးတွေအားလုံးက ကျွန်တော်တို့ နှစ်ယောက်ဆီမှာ။ သူဘာမှ မပြောပဲ ကျွန်တော့်ကို ငေးကြည့်နေသည်။ ပြီးတော့ မျက်ရည် အ၀ဲသားနှင့် အခန်းအပြင်ကို ထွက်သွားသည်။ ခဏနေတော့ အခန်းထဲပြန်ဝင်လာပြီး ထုံးစံအတိုင်း ဆက်ဆော့သည်။ ဒါပေမယ့် ခုံမှာလာထိုင်တော့ မျက်နှာက တည်သွားသည်။ ကျွန်တော့ကို မကြည့်မိအောင် ကြိုးစားနေပုံပေါ်သည်။ အားရင် ကျွန်တော်နဲ့ ဆန့်ကျင်အရပ် ဘက်မျက်နှာမူပြီး အိပ်သည်။ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒီလို ထထိုးလိုက်ဖို့လည်း တကယ်ကို မရည်ရွယ်မိပါဘူး။ ဒါပေမယ့် သက်ပြင်းလေးချရုံ စိတ်မကောင်းဖြစ်ပြီးတော့ သူ့ကို ကျွန်တော် မတောင်းပန်ဖြစ်ခဲ့ ဘူးလေ။

ဒီလိုနှင့် ၇ တန်းရောက်တော့ သူနှင် ကျွန်တော် အခန်းချင်းမတူတော့ပါ။ သက်သောင့် သက်သာစွာ စာသင်နေရင်းနဲ့ တနေ့မှာ သတင်းဆိုးတစ်ခုကို ကျွန်တော်ကြားလိုက်ရသည်။ မနက် ၈ နာရီ ကျောင်းစရောက် ရောက်ချင်း “မိုးဇင် သေသွားပြီ” တဲ့။ “ညက ငှက်ဖျားတက်တာ ၁၀၅ တောင်ရှိတယ်တဲ့။ ငှက်ဖျားပိုး ဦးနှောက် ထဲဝင်ပြီး သေသွားတာ” တဲ့။

မိုးဇင် အလောင်းချတဲ့နေ့က သူ့ကို ကျွန်တော် မမှိတ်မသုန်ကြည့်နေမိသည်။ နွမ်းလျနေသည့် မျက်နှာလေးက ကျွန်တော်နဲ့ ဝေးရာကို အကြည့်ချင်းလွဲသွားဦးမှာလား။ ကြေကွဲစွာ ငိုကြွေးနေတဲ့ သူ့အမေက သားရေ. မင်းသူငယ်ချင်းလေးကို ခေါ်ပါဦး.. အန်တီ့ဆီ ပြန်ခေါ်ပေးပါဦး သားရယ်...။ မိုးဇင်.. သားလေးရေ.. သား အချစ်ဆုံး သူငယ်ချင်းရောက်လာပြီလေ..။ ကျွန်တော် အရမ်းပူထူသွား မိသည်။ အချစ်ဆုံးသူငယ်ချင်းတဲ့လား အန်တီရယ်။ ကျွန်တော့်ကို အဲလို သတ်မှတ်ထားကြတာလားဟင်.... ။

ရက်လည်ဆွမ်းကျွေးတဲ့နေ့ မိုးဇင်အိမ်ကို ရောက်တော့ အန်တီက ဧည့်သည်တွေကို မိတ်ဆက်ပေးသည်။ မိုးဇင် စာမလုပ်တိုင်း သားလေး လပြည့်ကပဲ ရှင်းပြနေတာ။ သားလေးအပေါ် သိပ်ကောင်းတဲ့ သူငယ်ချင်း.. ဘာညာ.. စသဖြင့် မိတ်ဆက်ပေးတော့ ကျွန်တော် ဘယ်နားကို ထွက်ပြေးရမယ်မှန်းမသိတော့ပါ။ မိုးဇင်အပေါ်မှာ အရမ်းကောင်းတဲ့ သူငယ်ချင်းတဲ့လား။ မိုးဇင်ကို စိတ်ပါလက်ပါ စာရှင်းပြနေတယ်တဲ့လား..။ မိုးဇင်အိမ်က ပြန်လာတဲ့လမ်းမှာ ကျွန်တော် မျက်ရည်တွေ တတွေတွေကျနေတာ အရမ်းခံစားရတယ်။ အခုနေ ပြန်စဉ်းစားရင် မျက်ရည်ဝဲနေတုန်းပဲလေ..။

အဲဒီညက အိပ်မပျော်ပါ။ ခြင်ထောင်ထဲမှာ အနံ့တခုခုရနေသလိုလို.. မေမေ့ကို ထပြောတော့ သားသူငယ်ချင်းများလားမသိဘူး လို့နောက်သေးတယ်..။ ညဘက် မိုးဇင်ကျွန်တော့ကို လာတွေ့မလားလို့ ယောင်ယမ်းတွေးတောမိပေမယ့် တပတ်ကျော်ကြတဲ့အထိ စိတ်စွဲလို့တောင် အိပ်မက်မမက်ခဲ့ဘူး။ ၁၀ ရက်လောက်မှာ မိုးဇင်ကို အိပ်မက်ထဲမှာ တွေ့လိုက်မိသည်။ ဒါပေမယ့် ကျွန်တော်သိတဲ့ မိုးဇင်မဟုတ်ခဲ့ဘူး။ မိုးဇင်မျက်နှာ မာကျောနေသည်။ မျက်ထောင့်နီကြီးနဲ့ ကျွန်တော့်ကို လှမ်းကြည့်နေသည်။ ကျွန်တော် စကားပြောနေသည်ကို ဘာမှပြန်မပြော။ မိုးဇင်ရယ်.. အရင်နှစ်ကတည်းက ဖြစ်ခဲ့တာကို မင်းမမေ့သေးဘူးလား ဟင်..။ ငါ့ကိုခွင့်လွတ်ပါ သူငယ်ချင်းရယ်.. ငါ့ကို ခွင့်လွတ်ပါ... ။ မင်းဒီလိုသာ ဖြစ်ခဲ့မယ်မှန်းသိရင် ငါမင်းကို မထိုးခဲ့ပါဘူးကွာ.. ။ ကျွန်တော် ငိုကြွေးရင်းတောင်းပန်နေမိသည်။ ရှိုက်ရှိုက်ငိုနေသည့်အတွက် “သား.. ဘာဖြစ်တာလဲ.. အိပ်မက်ဆိုးလား” မေမေအော်ခေါ်မှ ကျွန်တော် လန့်နိုးလာခဲ့သည်။ မေမေတိုက်သည့် ပရိတ်ရေကို သောက်လိုက်မိပေမယ့် မိုးဇင်ကို ကျွန်တော်မမေ့နိုင်ပါဘူးလေ.. ။

တိုတောင်းလွန်းတဲ့ ဘ၀မှာ ကျွန်တော်တို့တွေ စုံဆည်းခြင်းက တခဏတာလေးပါ။ ဒီအချိန်လေးအတွင်းမှာ ကျွန်တော် အမှားကြီး မှားခဲ့သည်။ မိုးဇင်ကွယ်လွန်ပြီးမှ ရသည့်နောင်တတွေက ၁၀ နှစ်တာကာလ ကျော်လွန်လာခဲ့ပေမယ့် အခုထိ ငြိတွယ်နေဆဲပဲ..။ မိုးဇင်ရယ်.. မင်းစွန့်ခွာသွားတဲ့ လောကမှာ လပြည့်ဆိုတဲ့ မင်းငယ်ငယ်က သူငယ်ချင်းလေး မင်းအတွက် ငိုကြွေးနေဆဲပဲ ဆိုတာ မင်းများသိခဲ့မယ်ဆိုရင်လေ.........


စင်တိုစာ အမှတ်တရ


လူစုံတက်စုံ...


အစားသောင်းကျန်းနေတာ..??

မိုက်တိမိုက်ကန်းကြည့်နေတာ ဘယ်နှစ်ယောက်ပါလိမ့်...


ဘီးစုတ်ကိုမှ ရွေးမိလေခြင်း..


ပဲများနေတာ ဘယ်သူလဲ..

ထရမ့်ပေါ်မှာ စုစုစည်းစည်း..


အုပ်စုလိုက် စထွက်တော့မယ်...

ဇူလှိုင် ၁၉ ရက်နေ့မှာ အမှတ်တရအနေနဲ့ စင်တိုစာကို အလည်ထွက်ခဲ့ကြတယ်..။ ဒီပုံလေးတွေဟာ ဂျပန်အတွက် အမှတ်တရတွေဖြစ်နေမှာပါ..။ ဘယ်တော့မှ မမေ့နိုင်မယ့်အမှတ်တရအနေနဲ့ ပို့စ်လေးအဖြစ် သိမ်းထားပါရစေဗျာ....

သြော်.. စိတ်ကူး... စိတ်ကူး..

စိတ်ကူးဆိုတာ ယဉ်တိုင်းသာ ဖြစ်လာခဲ့ရင် သိပ်ကောင်းမှာနော်။ နေ့စဉ်နဲ့အမျှ ယဉ်ခဲ့ရတဲ့ စိတ်ကူးတွေ ဖြစ်မလာတဲ့အခါမှာတော့ သက်ပြင်းလေးချရုံကလွဲလို့ ဘာမှကို မတတ်နိုင်တော့တာပါ။

.......................................................


ဖျပ်ကနဲ မျက်လုံးပွင့်လာတာနဲ့ ထိတ်ကနဲဖြစ်သွားသည်။ ၀ုန်းကနဲ ထထိုင်လိုက်ပြီး နာရီကို ကမူးရှူးထိုးလှမ်းကြည့် လိုက်မိတော့ ၈း၄၀။ ဘုရားရေ.. အတန်းက ၉ နာရီ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမိသိတော့ပဲ ယောင်ချာချာနဲ့ သွားတိုက် မျက်နှာသစ်။ ရေတော့ မချိုးနိုင်တော့ဘူး။ တော်သေးလို့ ၁၀ မိနစ်ထဲနဲ့ ပြီးသွားသည်။ စာအုပ်တွေ ကွန်ပျူတာတွေကို ပွေ့ပြီး အပြင်ကို ထွက်ဖို့ပြင်လိုက်တော့ ၉ နာရီ ထိုးဖို့ ၇ မိနစ်။ ဒီအချိန် ကျောင်းကား စောင့်နေလို့ မီမှာမဟုတ်။ ဒီနေ့ ပါမောက္ခက အတန်းကို အတိအကျ တက်မှကြိုက်သည်။

ဒီလိုနဲ့ စာအုပ်တွေ ကွန်ပျူတာတွေကို ကျောပိုးအိတ်ထဲ ပြောင်းထည့်လိုက်ရသည်။ ပြီးတော့ စကိတ်ကို ၀တ်။ မတတ်နိုင်ပါ။ ဒီအချိန် လူရှုပ် ကားရှုပ်နေတဲ့အချိန်မျာ အန္တာရာယ်များပေမယ့်လည်း အတန်းကို အမြန်ရောက်ဖို့က ဒီတနည်းပဲ ရှိသည်။ ဒီလိုနဲ့ ဟိုကွေ့ဒီပတ် ဟိုရှောင်ဒီရှောင်နဲ့ စကိတ်မင်းသားလေး ကျွန်တော် အတန်းကိုရောက်တော့ ၉ နာရီထိုးဖို့ ၃ စက္ကန့်။ သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး လူလည်း ပျော့ကျသွားတော့ “၀ုန်း” ကနဲ ပစ်လဲသွားသည်။ ရှက်ရှက်နဲ့ လူးလဲထဖို့ ပြင်တော့ မျက်ဝန်းလေးတစုံ။ ပြုံးစိစိနဲ့ ကြည့်နေတဲ့ မျက်ဝန်းလေး တစုံကို ကျွန်တော်ငေးမိသွားတော့ သူမရှက်ရှက်နဲ့ ဟိုးဘက်လှည့်သွားသည်။

ကျွန်တော် လူးလဲထလိုက်ပြီး သူမဘေးကို ၀င်ထိုင်လိုက်မိသည်။ ပြီးတော့ လက်ကို ဆန့်ထုတ်လိုက်ပြီး “အခိဟိတို” ပါလို့ မိတ်ဆက်လိုက်သည်။ သူမက “အယုမိ” လို့ ပြန်နှုတ်ဆက်ပြီး ပြုံးပြသည်။ အား..ပါး... လှလိုက်တဲ့ အပြုံးလေး..။ ပါးချိုင့်ကလေးနဲ့.. အိုး...။ ရင်ထဲကို တကယ်ပဲ စွဲသွားသည်။

အဲဒီနောက်ပိုင်း ကျွန်တော်က စာတွေကို သူမထံ ပုံမှန်သွားမေးသည့် အလေ့ရှိလာသည်။ စာကြည့်တိုက်သွားလည်း အတူတူသွားတတ်လာသည်။ ဘယ်သွားသွား ဘယ်လာလာ အတူတူသွားတတ်လာသည်။ အားကစားကလွဲရင်ပေါ့လေ..။ ကျွန်တော်က ဟော်ကီကို ကစားပြီးတော့ သူမက gymnastics ကိုကစားတာကိုး။ ရုပ်ရှင်လည်း အတူတူကြည့်တတ်လာသည်။ ညဈေးတန်းတွေလည်း အတူတူသွားလာတတ်သလို ရာမန်တွေကိုလည်း ခဏခဏ အတူတူစားတတ်လာသည်။

ဒီလိုနဲ့ တနေ့မှာ ပန်းသွားကြည့်ဖို့ သူမကို ဖိတ်ခေါ်လိုက်သည်။ ဆကူရာတွေ အသီကြီးပွင့်နေသည့် ဂျပန်ပြည်မှာ ပန်းကြည့်ပွဲဆိုတာ သပ်သပ်ရှိသည့်အတွက် သူမနဲ့ တူတူကြည့်ချင်သည်။ အဲဒီနေ့ရောက်တော့ ကျွန်တော်က မနက်အစောကြီးထပြီးတော့ ပြင်ဆင်ရသည်။ သူမအတွက် ပန်းစည်းလေးကတော့ အဆင်သင့်။ အတန်အသင့်ရှည်နေပြီဖြစ်တဲ့ ကျွန်တော့ဆံပင်ကို အရင်ဆုံး ကျစ်ရသည်။ ကျစ်ပြီးတော့ နောက်ကို လှန်ပြီး စည်းလိုက်သည်။ ပြီးတော့ မျက်ကပ်မှန် အပြာနုလေးကို တပ်လိုက်သည်။ လောင်းကုတ်ကိုဝတ်ပြီးတဲ့အခါမှာ အဟဲ.. တကယ့်ကိုးရီးယားမင်းသားပါလား..။

သူမဆီကိုရောက်တော့ ဘဲလ်တီးပြီး ခဏစောင့်နေမိသည်။ မကြာခင် တံခါးလေးပွင့်လာသောအခါ...... အိုး.. လှလိုက်တာ...။ သတိလစ်မတတ်ငေးနေတဲ့ ကျွန်တော့ကို သွားရအောင်လို့ သူမကပြောတော့မှ အင်းအဲ ထူးမိသည်။ ဘုရားရေ.. ငါတော့ ဓါတ်လိုက်ပြီထင်တယ်..။ တကိုယ်လုံးတုန်ရီနေသည်။ ရင်ကလည်း တလှပ်လှပ်နှင့်။

ဒီလိုနှင့် မြက်ခင်းလေးပေါ်ထိုင်ရင်း ပန်းတွေကိုကြည့်ရင်းနှင့် သူမနှင့် စကားပြောနေမိသည်။ ဆူရှိလေးတွေကို သူမကို ခွန့်ကျွေးရင်း ကျွန်တော်မနေနိုင်တော့ပါ။ “အယုမိ.. အအိရှိတဲအိလု” လို့ ပြောလိုက်မိသည်။ သူမများ စိတ်ဆိုးသွားမလားလို့ မရဲတရဲ သူမမျက်နှာကို ကြည့်နေမိသည်။ သူမက လှပစွာပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ရင်တထိတ်ထိတ်နဲ့ သူမလက်လေးကို ဆုပ်ကိုင်လိုက်မိသည်။ နတ်ဝင်ပူးနေသလို ဘာဆိုဘာမှကို မသိတော့တာပါ။ သူမပခုံးလေးကို ဆုပ်ကိုင်ပြီး ကျွန်တော့်ခေါင်းသူမဆီကို တိုးသွားတာပဲ သိနေသည်။ နောက်ဆုံးမြင်လိုက်ရတာတော့ သူမမျက်လုံးလေးတွေ စင်းပြီး ကျွန်တော့်ကို ကြည့်နေတယ် ဆိုတာပဲလေ..။ သူမရဲ့ လှပတဲ့ နှုတ်ခမ်းလေးပေါ်မှာ အနမ်းလေးတွေ ချွေမယ်အလုပ်......

“HELLO..... YAN! LINE 3 FOR YOU! ANANDA FROM BUMIARMADA WANNA TALK TO YOU! TRANSFER IT PLEASE”

လူလည်း ယောင်တောင်တောင်နဲ့ တယ်လီဖုန်းကို ကောက်ကိုင်လိုက်မိသည်။ တဖက်က ကုလားက ဘာတွေပြောနေမှန်းကိုမသိတော့ဘူး။ စိတ်ရှုပ်ရှုပ်နဲ့ မီတင်လုပ်လိုက်လို့ ချိန်းလိုက်ပြီး မီတင်ခန်းကို ထွက်လာခဲ့သည်။ ခုနက မက်နေတဲ့ အိပ်မက်လေးထဲက “အယုမိ” ကတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီ။ အဲဒီအစား ခုနက မည်းမည်းသည်းသည်း ကုလားကြီးနဲ့ အပြိုင်အဆိုင် ငြင်းခုန်ရဦးမှာလားလို့ တွေးရင် ကျွန်တော့ခြေလှမ်းတွေ လေးလံနေမယ်ထင်ပါရဲ့ဗျာ...။
......................................................

သြော်.. စိတ်ကူးယဉ် အိပ်မက်ဆိုတာ တကယ်ဖြစ်လာစေချင်လှပေမယ့် ဖြစ်မလာတော့လဲလေ.....း(

ထိချက်....

၂၀၀၇ ခုနှစ်ရဲ့ အာရှလူငယ်စခန်းသွင်းလေ့ကျင့်မှုသင်တန်း (Asian Youth Camp 2007) ကို ဂျပန်တို့ မြန်မာနိုင်ငံ က ၂၄ နှစ်အောက် လူငယ် ၁၀ ဦးတက်ရောက်ခဲ့ကြတယ်။


ကိုးရီးယားကားတွေ မင်းမူနေတဲ့ကာလမှာ ကိုးရီးယားကိုသွားရမယ်ဆိုတော့ အရမ်းကို ပျော်ရွှင်မိတယ်။ သံမှူးဆီက သြ၀ါဒတွေ နာယူ၊ ပြင်ဆင်သင့်တာ ပြင်ဆင်ပေါ့လေ။  သိပ်ကို ပျော်ကြတာပဲ။  တနိုင်ငံကို လူငယ် ၁၀ဦးစီနဲ့ အာရှနိုင်ငံ ၂၇ နိုင်ငံက လူငယ်တွေ တွေ့ဆုံကြမှာပါ။ ဒီအတွက် ညီလာခံမှာ တင်သွင်းမယ့် စာတမ်းတစ်ခု ပြုစုရတယ်။  အာရှလူငယ်တွေအကြောင်းဆွေးနွေးဖို့ လူငယ်တစ်ဦးစီ ပြင်ဆင်ထားရတယ်။  ကိုယ့်နိုင်ငံကို နိဒါန်းပျိုးမိတ်ဆက်ပေးမယ့် တင်ပြချက်စီဒီတွေ ပြင်ဆင်ရတယ်။ ပြီးတော့ နိုင်ငံကိုယ်စားပြု ကပြဖျော်ဖြေမှုတစ်ခုကို စီစဉ်ရတယ်။ ဒါကတော့ အုပ်စုလိုက် လုပ်ရမယ့်ဟာတွေပေါ့။  


တစ်ဦးချင်းပြင်ဆင်တဲ့အခါမှာတော့ ဂျပန်က စိတ်ကြိုက်ပဲပေါ့။  ပထမဆုံး လိပ်စာကဒ်။ ဂျပန့်လိပ်စာကဒ်ကို အရင်ဆုံး ကိုယ့်ဘာသာကိုယ် ဒီဇိုင်းဆွဲတယ်။ တဖက်က အင်္ဂလိပ်လိုပေါ့။  ကျန်တဲ့ တဖက်က မြန်မာလို။ မြန်မာဘာသာကို မိတ်ဆက်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။  ပြီးတော့ ဟိုမှာ သူငယ်ချင်းတွေကို ပေးဖို့ မြန်မာသီချင်းတွေကို စီဒီရိုက်တယ်။  အဲဒီမှာ စတွေ့တာပဲ။ ကိုယ်ပိုင်သံစဉ်သီချင်းတွေ လိုက်ရှာရတာ ချွေးတလုံးလုံးနဲ့..။း(...။  ခောတ်သစ်ထဲမှာဆို Lဆိုင်းဇီသီချင်းတွေနဲ့ ထွန်းအိန္ဒြာဗို သီချင်း ၂ ပုဒ်။ ဒါပဲ ရတယ်။ ဒါနဲ့ စိုင်းထီးဆိုင်တို့ ဆောင်းဦးလှိုင်တို့ ချရတာပေါ့။ ဘာပဲပြောပြော သီချင်း ၅၀ လောက်နဲ့ စီဒီရိုက်လိုက်နိုင်တယ် ဆိုပါတော့..။


ဒီလိုနဲ့ ဟိုငေးဒီမောရင်း အင်ချွန်လေဆိပ်ကို ရောက်ခဲ့တယ်။ မြန်မာနိုင်ငံအတွက် ကိုယ်စားပြု ကိုးရီးယား ကျောင်းသူလေး ၂ယောက် ကကြိုနေတယ်။ သူတို့လက်ထဲမှာ “ပြည်ထောင်စု မြန်မာနိုင်ငံတော်” ဆိုတဲ့ ဆိုင်းဘုတ်လေး ကိုင်ထားတယ်။ အ၇မ်းဝမ်းသာသွားတာပဲ။  ဘယ်လို ရေးတတ်တာလဲလို့ မေးတော့ အင်တာနက်ကနေ ရှာထားတာတဲ့။  ရေးရတာ တော်တော်ခက်တာပဲတဲ့။  အဲလိုနဲ့ တည်းတဲ့ဟိုတယ်ကို သွား။ ၃ ရက်လောက် ဆိုးလ်မှာနေပေါ့နော်..။  ဒီအချိန်အထိ အတော်ကို အဆင်ပြေတယ်။  အစကိုး..။ 


ညီလာခံတွေတက်တဲ့အခါမှာ အမျိုးသားဝတ်စုံဝတ်ရတယ်။ ကျွန်တော်ကတော့ ရှမ်းဝတ်စုံနဲ့။  အဲဒီမှာ ထွက်လာလိုက်တာ တနီုင်ငံပြီး တနိုင်ငံ။ ထူးဆန်းလိုက်တဲ့ ၀တ်စုံတွေ။  ကိုးရီးယားမှာကိုက ဒီဇိုင်းအမျိုးမျိုးနဲ့။  ဂျပန်ဝတ်စုံကလည်း တွေ့သာတွေ့ဖူးတာ တကယ်တမ်း အတော်ကို လှတာပဲ။  ဗီယက်နမ်မလေးတွေ သိပ်ကို လှတယ်ဗျာ..။  အဲဒီမှာ လှတဲ့ဝတ်စုံတွေနား ပြေးပြေးကပ်ပြီး ဓါတ်ပုံရိုက်ကြတာလေ။  ဂျပန်တို့ မြန်မာတွေနားကို ပထမပဲ လာကပ်ကြတယ်။  နောက်ပိုင်း ဘယ်သူမှ မလာတော့ဘူး။  ကိုယ့်ဝတ်စုံက ရိုးနေလို့လား မဆန်းလို့လား.. ဒီဇိုင်းတွေကတော့ လှပါတယ်...။  ဘာကြောင့်မှန်းကို မသိပဲနဲ့ သက်ပြင်းလေးတွေ ပဲချလိုက်ရတာပေါ့နော်...။


နောက် လိပ်စာကဒ်တွေ ဖလှယ်တာပေါ့။ အဲဒီမှာ စတွေ့ပြန်ရော။ ဂျပန်ရဲ့ မြန်မာစာတွေကို လက်ညှိုးထိုးပြီးတော့ ဘာတွေလဲတဲ့..။  မြန်မာစာလို့ ဂုဏ်ယူစွာနဲ့ ပြောလိုက်တော့.. အိုး..ပန်းချီရေးတာနဲ့ တူတယ်နော်တဲ့.. အားလုံးထူးထူးဆန်းဆန်း ၀ိုင်းကြည့်လိုက်ကြတာ ဂျပန့်မှာ ငိုရမလား ရယ်ရမလား မသိတော့ဘူး။  ဒီလိုနဲ့ ကဒ် ၃၀၀ ကျော်ကို ကုန်အောင် ဝေခဲ့တယ်..။


ဒီလိုနဲ့ Home Stay နေမယ့် အချိန်ရောက်လာရော။ ဂျပန်နေရမယ့် အိမ်က အမကြီးက အရမ်းသဘော ကောင်းတယ်။  အသက် ၂၈ ပဲရှိဦးမယ်။  ချောလည်းချောတယ်.. ။ ဟိဟိ။ သူ့အိမ်က အင်ချွန်မှာဆိုတော့ တက္ကစီနဲ့ လစ်ကြတာပေါ့။  အားယိုးယိုး.. သဘောကောင်းလိုက်တဲ့အိမ်။  အန်တီကြီးကလည်း သဘောကောင်း။ အန်ကယ်ကလည်း သဘောကောင်း။ ဒါမေယ့် ခက်တာက အင်္ဂလိပ်လို တခွန်းမှ မတတ်တော့ ဘယ်လိုမှကို စကားပြောလို့မရဘူး။း(..။  ခြေဟန်လက်ဟန်နဲ့လည်း အဆင်မပြေဘူး။  အဲဒီ အမကြီးရှိမှ စကားပြောရတာ အဆင်ပြေတော့တယ်..။ ဟင်း..။  ဂျပန်နဲ့ တူတူသွားနေရတဲ့သူတွေက မလေးရှားက ကောင်မလေး ၃ ယောက်။  ကမ္ဗောဒီယားက ကောင် ၂ ကောင်နဲ့ပေါ့။


ပြောမပြောချင်ဘူး။  စရောက်တော့ မိတ်ဆက်ကြတယ်။ ကျွန်တော်က မြန်မာပေါ့.. ။ ဘာညာ။။ ပုသိမ်ထီး လှလှလေး ၂ လက် လက်ဆောင်ပေးတော့ ပျော်လိုက်ကြတာ။  အဖိုးကြီးနဲ့ အဖွားကြီးလေ စမိတ်ဆက်တုန်း ကတော့ ဘာမှမပြောဘူး။ ကြာတော့ မနေနိုင်တော့ဘူးထင်တယ်။ မြန်မာဆိုတာ ဘယ်နားမှာလဲတဲ့..။  အဟင့်..။  မေးခံရတာကိုလည်းကြည့်ဦး။  ကမ္ဗောဒီယားတို့ မလေးရှားတို့တော့ သိတယ်တဲ့..။  အန်ကောဝပ်တဲ့..။  ပက်ထရိုးနပ်စ်တဲ့။  ကဲဗျာ..။  ဂျပန့်မှာ ရှင်းပြရတာပေါ့..။ ဘယ်နဲ့ ဘယ်ကြား ပါပေါ့..။  စိတ်ဆိုးလိုက်တာ...။  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် နေခဲ့တဲ့ နိုင်ငံကိုတောင် မသိကြတာ ဘယ်သူညံ့သလဲ..။  ဒါပေမယ့် အခုကမ္ဘာမှာ မြန်မာဆိုတာ ဘယ်မှာလဲဆိုတာ မသိတဲ့သူတွေ ၇၀% ကျော်တယ်ဆိုတာကိုတော့ လက်မခံလို့ မရတော့ဘူးနော်..။


နောက်တစ်ခု စပ်ဆော့လိုက်တာက ဂျပန်ကိုယ်တိုင်။  ဟို တောသားနှစ်ကောင်ကို သွားမေးလိုက်မိတယ်။ အင်ချွန်ကို ဘာလေကြောင်းလိုင်းနဲ့လာသလဲပေါ့။  မေးလိုက်တော့မှ ကိုးရီးယား အဲလိုင်းနဲ့တဲ့။  ဖနွမ်းပင်ကနေ တိုက်ရိုက်လာတာတဲ့။  တနေ့ကို ကိုးရီးယားနဲ့ ကမ္ဗောဒီယား လေယာဉ် ၄ စီးရှိတယ်တဲ့။  စီရမ်ရိ(ပ်) ကို နေ့စဉ်ရှိတယ်တဲ့..။  ဟင့်။  သုဝဏ္ဏဘူမိကနေ လေယာဉ်ပြောင်းစီးလာရတဲ့ ကိုယ့်အဖြစ်ကိုယ်ကို သနားသွားတာနဲ့ ဘာမှ ဆက်ကိုမပြောဖြစ်တော့ဘူး။


ဂျပန်နဲ့ အ၇မ်းခင်တာကတော့ ဗီယက်နမ်ပါပဲ။  အားလုံးနဲ့ကို ခင်တာ..။  သူတို့တွေနဲ့ ဆော့ သူတို့ အစားအစာတွေ စား။  ဗီယက်နမ်အစားအစာတွေက အ၇မ်းကောင်းတာပဲ။  တခါက မြေအောက်ရထား အကြောင်းပြောကြတာ။ အေးလေ.. ရန်ကုန်မှာ မြေအောက်ရထားမှ မရှိပဲလေ။ အဲတာ မလေးရှားက ကောင်မလေးက ငါတို့ရှိတယ်တဲ့။  လေသံနဲ့ မျက်နှာပေးကိုက အမြင်ကပ်လိုက်တာ..။  အဲဒီမှာ ဗီယက်နမ်က ကောင်က ၀င်ပြောတယ်.။ ငါတို့လည်း မရှိဘူးတဲ့။  အမလေး တော်သေးတယ် အဖော်ရသွားလို့ အဟိ။း(... ဒါပေမယ့် အခု ဗီယက်နမ်မှာ မြေအောက်ရထားတွေ စဆောက်နေပြီနော်...။း(..


ဒီလိုနဲ့ ၂၁ ရက်အကြာမှာ လူတွေလည်း နွမ်းဖတ်နေပြီလေ။  ပြန်ရတော့မယ်ဆိုတော့ ပျော်လိုက်တာ..။  ဒီလိုနဲ့ ထိုင်းလေဆိပ်ကို ညပိုင်းရောက်ခဲ့တယ်။  တီဂျီက မနက် ၈ နာရီမှဆိုတော့ တညလုံးစောင့်ပေါ့။  မနက်ပိုင်းရောက်ခါနီး အီးမေလ်စစ်ကြည့်တော့ အားလုံးအိမ်ရောက်ကုန်ပြီတဲ့။  တိုက်ရိုက်လေကြောင်း လိုင်းတွေ ကိုယ်စီနဲ့ပေါ့... ။ မနက်ပိုင်း တီဂျီကို ချက်အင်ဝင်ဖို့ တန်းစီတော့ ဘေးနားမှာ တန်းစီနေတာက နီပေါတွေ။  သူတို့လည်း ပြောင်းစီးတာလေ။  လူ ၁၀ ယောက်လုံး မတိုင်ပင်ပဲနဲ့ သူတို့ကို မမြင်ယောင်ဆောင်၊ လေယာဉ်ပေါ် အပြေးတက်ခဲ့ကြတာ ဘာကြောင့်ရယ်မှန်းမသိဘူးနော်..။


ဒါပေမယ့် ကိုရီးယားစကားအကျွမ်းကျင်ဆုံးပြောနိုင်ဆု၊ ကိုးရီးယားကောင်လေးတစ်ယောက်နဲ့ ရည်းစားဖြစ်ပြီးတော့ စခန်းတစ်ခုလုံးမှာ နာမည်အကြီးဆုံးဖြစ်သွားရတဲ့ (The hottest and most popular couple) ဆုကို ကျွန်တော်တို့ အဖွဲ့ထဲက မိန်းကလေးတစ်ယောက်က ရခဲ့မှု၊ ကိုးရီးယားစာပေထူးချွန်မှုဆု၊ ပြီးတော့ ဂျပန့်လက်ရာ ရှမ်းထမင်းဝါကို သပ်သပ်ခေါ်ယူ ဓါတ်ပုံအရိုက်ခံရမှု စတဲ့ ဆုတွေက ရန်ကုန်လေဆိပ်မှာ ရုပ်မဆိုးစေတဲ့ နွမ်းလျတဲ့အပြုံးတွေကို ဖန်တီးပေးနိုင်ခဲ့သေးတယ်လေ။  ၂၁ ရက်လုံး ထိလာတဲ့ ထိချက်တွေကိုတော့ ဂျပန်အခုထိ မမေ့နိုင်သေးပါလေ.....








အတွေး တစ...

ဘ၀ဆိုတာ စိန်ခေါ်မှုတွေအပြည့်ရှိတဲ့ ကစားပွဲလေးတစ်ခုပါပဲဗျာ။ ကိုယ်အမှတ်ရဖို့အတွက် အသည်းအသန် ကြိုးစားရတယ်။ အမှတ်တစ်မှတ်ရဖို့အတွက် ချွေးနဲ့သွေးနဲ့ရင်းပြီး ဆော့ကစားရတယ်။ တခါက ဗွီဒီယိုတစ်ကားမှာ ဒီစကားလေးကို ကြားခဲ့ရဖူးတယ်။ ဘ၀ဆိုတာ ကြက်တောင်ပွဲလိုပါပဲတဲ့။ ကိုယ်က တော်လို့ နိုင်ခဲ့ရင်လည်း တစ်မှတ်တက်သလို သူများက မှားသွားခဲ့ရင်လည်း တစ်မှတ်တက်တယ်တဲ့။ ဘ၀ဆိုတဲ့ ယှဉ်ပြိုင်ပွဲကြီးမှာ သူ့ထက်ငါ အလုအယက် ကြိုးစားကစားနေကြရတယ်။ တကယ်တော့ ဘ၀ဆိုတာ ဖုတ်လိုက်ဖုတ်လိုက်နဲ့ ရှင်သန်နေရတာပါ။



အခုနေ ကလေးငယ်ငယ်လေးတွေကို မြင်ရင် အရမ်းပျင်းလိုက်တာ။ သူတို့တွေ ဘ၀ကို အတော်အတန် ဖြတ်သန်းရဦးမှာပါလား။ ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့တဲ့ သင်ခန်းစာတွေ အခြေခံပညာတွေကို သူတို့တွေ မမောနိုင် မပန်းနိုင် ဆည်းပူးရဦးမှာပါလား။ မွေးစကတည်းက အူဝဲဆိုတဲ့ဘ၀မှာ အပြစ်ကင်းစင်ခဲ့ကြပေမယ့် ကြီးပြင်းလာတဲ့ မိသားစု၊ ပတ်ဝန်းကျင်ကိုလိုက်ပြီးတော့ ဒီကလေးတွေရဲ့ အရောင်တွေ ကွဲပြားဦးမှာပါလား။



ဒီလိုပဲ အသက် ၆၀ ကျော်လာလို့ ပင်စင်ယူလိုက်ရင်ကော။ ဘာဆက်လုပ်ရမလဲ။ လူ့ဘ၀ဆိုတာ မျှော်လင့်ချက် ကလေးတစ်ခုပါ။ ဒီမျှော်လင့်ချက်လေးကိုပဲ ဖက်တွယ်ပြီး အသက်ရှင်သန်နေရတဲ့ဘ၀မှာ အဲဒီအရွယ်မှာ ဘာကို မျှော်လင့်ကြမှာလဲ။ အလုပ်က အနားယူလိုက်တော့ လုပ်စရာကလည်းမရှိ။ သားတွေ သမီးတွေ မြေးတွေ မြစ်တွေဆီမှာ နေ။ သူတို့ကျွေးတာစား။ သူတို့ ပြောတာခံ။ တနေ့ မိုးလင်းလာတာနဲ့ ဘာလုပ်ရမှာပါလိမ့် ဆိုတဲ့ အတွေးတွေနဲ့ အဲဒီလို အသက်အရွယ်ကို ဘယ်လို ကျော်ဖြတ်ရမယ်ဆိုတာ အခုထိ ကျွန်တော်စဉ်းစားလို့ မရသေးဘူးဗျာ။



ငယ်စဉ်က ကျွန်တော်တို့ ကြီးပြင်းလာတဲ့ အပေါင်းအသင်းသူငယ်ချင်းတွေကြားမှာ တချို့က ချမ်းသာတယ်။ တချို့က မိဘက အရမ်းဂရုစိုက်တယ်။ ကိုယ့်ထက် သာတဲ့သူရော မသာတဲ့သူရော ဒီသူငယ်ချင်းတွေနဲ့ ကြီးပြင်းခဲ့တယ်။ အခုချိန် ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရှာဖွေနေတဲ့အချိန်မှာ ဘ၀ဆိုတာ ပြောင်းပြန်ဖြစ်တတ်ပါလား ဆိုတာ သတိပြုမိတယ်။ အရင်က ချမ်းသာခဲ့တဲ့ သူတွေ၊ ရာထူးအာဏာကြီးမားခဲ့တဲ့ သူတွေ၊ အဖေ ဆိုဒ်ကားသမား အမေ ဈေးရောင်းပြီး အသက်ရှင်ခဲ့ရတဲ့ သူငယ်ချင်းတွေ ဘ၀တွေဟာ အရမ်းကို ကွာခြားလာတာကို တွေ့လိုက်မိတယ်။ လူဆိုတာ ကိုယ့်အရည်အချင်းနဲ့ လုပ်ကိုင်လာမှသာ ကိုယ့်အရည်အသွေး တွေထွက်လာတယ်တဲ့။ ငယ်ငယ်တုန်းက ကားလေးနဲ့ ကျောင်းလာပို့တဲ့ သူငယ်ချင်းတွေကြားမှာ စက်ဘီးစုတ်လေးနဲ့ ကျောင်းတက်ခဲ့ရတဲ့ ဘ၀ကို အရမ်းရှက်ခဲ့တယ်။ သူများတွေနဲ့ တန်းတူ ပိုက်ဆံမသုံးနိုင်တဲ့အတွက်လည်း အမေအဖေကို ခဏခဏ စိတ်ဆိုးခဲ့ဖူးတယ်။ အခုအချိန်မှာ ဒါတွေကို ပြန်တွေးမိတော့ ကျွန်တော် မချိပြုံးလေးပြုံးမိတယ်။ သြော်... လူဆိုတာ ကိုယ့်ဘ၀နဲ့ကိုယ်လာတာပါပဲလေ...။



ဒီလိုနဲ့ ဘ၀ဆိုတဲ့ ရေလျဉ်ကြားမှာ ဆက်မျောသွားရဦးမှာပဲလေ။ အခုလောကမှာ အသက်ရှင်လာတာ ၂၂ နှစ်ကျော်ခဲ့ပြီ။ နောင် ကံပါတဲ့အသက်အထိ အသက်ဆက်ရှင်သန်ရဦးမယ်။ ကျွန်တော့်ဘ၀ရဲ့ လက်တွဲဖော် ဟာ ဘယ်သူဖြစ်လာမလဲ။ သာယာတဲ့ မိသားစုလေးတစ်ခုကို တည်ဆောက်မယ်လို့ ခဏခဏ စိတ်ကူးယဉ်ခဲ့မိပေမယ့် တကယ့်ဘ၀မှာ တကယ်ကော တည်ဆောက်နိုင်မလားလို့ တွေးမိတယ်။ ဒီလိုနဲ့ အသက်တွေကြီးသွားခဲ့ရင်းနဲ့ တချိန်ချိန်မှာ ကျွန်တော်ချစ်တဲ့ မေမေနဲ့လည်း ကွဲရဦးမှာပါလား။ မဟုတ်တာတွေ မတွေးနဲ့လေလို့ ကြိုးစားဖြေသိမ့်ချင်ပေမယ့် ဒါဟာ အမှန်တရားပဲလေ။ လက်ခံနိုင်ရမှာပေါ့ဗျာ။



မကြာခင်မှာ ကျွန်တော့်ဘ၀အတွက် ကျောင်းဆက်တက်ရဦးမယ်။ ဒီကျောင်းတက်နေတဲ့အတောအတွင်းမှာ မေမေ့ကို ကျွန်တော် ငွေပို့နိုင်မှာမဟုတ်ဘူး။ ၅ နှစ်ဆိုတဲ့ကာလအပြီးမှာ မေမေ့ကို ပြန်လုပ်ကျွေးနိုင်ဖို့ မေမေရှင်သန်နေပါစေလို့ ခဏခဏဆုတောင်းမိတယ်။ သက်ကြီးရွယ်အိုတွေကို သားသမီးတွေက စွန့်ပစ်ထားလို့ ကိုယ့်ဘာသာကိုယ် လုပ်ကိုင်စားသောက်နေရတာတွေကို အတွေ့များလာတော့ မေမေ့ကို ပိုပြီး လုပ်ကျွေးချင်မိတယ်။ ဒီလိုနဲ့ပဲ နောင် ငါအသက်ကြီးလာတဲ့အခါမှာ ငါ့သားသမီးတွေက ငါ့ကို ဘယ်လို ဆက်ဆံမလဲဆိုတာကို တွေးရင်းနဲ့လည်း ရင်မောမိတယ်။ ဒီလိုပဲလေ အသက်တွေ တအားကြီးသွားလို့ ကိုယ့်ဘာသာကိုတောင် မသွားနိုင် မလာနိုင်တဲ့ ဘ၀ကိုလည်း ကြောက်တယ်။ သူများတွေ ပြုစုမှ ရှင်သန်နေရတဲ့ ဘ၀ကိုလည်း မလိုချင်ဘူးဗျာ။ ဒါကြောင့် ကျွန်တော့်အသက်အရမ်းမရှည်ပါစေနဲ့လို့ တိတ်တဆိတ် ဆန္ဒပြုမိတယ်ဗျာ..။



ဘာပဲပြောပြောဗျာ... အခုအချိန်မှာတော့ မချိပြုံးလေးရော မျက်ရည်လေးတွေရော ရောထွေးနေရင်းနဲ့ ဒီလိုပဲ ဘ၀ကို ဆက်လက်လှော်ခတ်ရဦးမယ်လေ...။ ဒီဘ၀ ကစားပွဲမှာ ကျွန်တော်မရှုံးနိမ့်ဖို့ အဓိကပဲလေ..။း)

အဓိပ္ပါယ်သတ်မှတ်ချက်

၁) အရပ်မြင့်ရင် ကြိုက်ကြသည်။


၂) ပိန်တာကို နှစ်ခြိုက်သည်။


၃) အသားဖြူတာကို လိုချင်သည်။


၎) အရပ်ပုလျှင် နှိမ်ချင်သည်။


၅) ၀လျှင် စချင်ကြသည်။


၆) အသားမည်းလျှင် နှာခေါင်းရှုံ့ချင်ကြသည်။


၇) ရုပ်ချောရင်ချော၊ ဒါမှ မဟုတ် ပိုက်ဆံရှိရင်ရှိ၊ ဒါမှ မဟုတ် စကားပြောကောင်းလျှင် ရည်းစားထည်လဲတွဲ နိုင်သည်။


၈) အမျိုးသားများသည် မိမိချစ်သူဇနီးကို ၀န်တိုတတ်ပြီး မိမိတို့ကျတော့ ကွယ်ရာတွင် ထင်ရာစိုင်းတတ်သည်။


၉) အမျိုးသမီး ထုကြီးသည် အမျိုးသားများကို ရင်ဘောင်တန်းနိုင်ပြီဟု ကြွေးကြော်နေဆဲတွင် အားနွဲ့သူ မိန်းမသားအဖြစ် ဦးစားပေးခံချင်နေကြသည်။


၁၀) မဟုတ်မခံ ပြောတတ်သူကို စွာသည်ဟု ခေါ်ပြီး အမှန်ပြောတတ်သူကို ဘုကန့်လန့်ဟုခေါ်သည်။


(တခါက စုဗူးတွင် တင်ခဲ့သည်ကို ပြန်လည်တင်ပြခြင်းဖြစ်သည်။)