ကျွန်တော်သည် နတ်များကို ယုံကြည်သူ တစ်ယောက်ပါ။ သို့သော် ကိုးကွယ်သူ မဟုတ်ပါ။ နတ်ဆိုသည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာတရားတော်များအရ ၃၁ ဘုံလောကထဲမှ လောကသားတစ်ခုပင်ဖြစ်သည်။ လူများမှာကဲ့သို့ နတ်ကောင်းရှိသည်။ နတ်ဆိုးရှိသည်။ လူများသည်ပင် လူစိတ်ရှိသူများက လူကောင်းကို နှစ်ခြိုက် ချီးကျူးလေ့ရှိပြီး အကူအညီများ ပေးတတ်လေ့ရှိသလို လူဆိုးများသည် ဆိုးသွမ်းသောလူများကိုသာ နှစ်ခြိုက်တတ်ကြလေ့ရှိသည်။ ထို့အတူ နတ်ကောင်းများသည် လူကောင်းများကို ကြည့်ရှုစောင့်ရှောက် တတ်သလို နတ်ဆိုးများသည်လည်း လူဆိုးများကိုသာ ခင်တွယ်နေပေမည်။
နတ်ကိုးကွယ်သူများကို ကျွန်တော်အပြစ်မတင်ပါ။ နတ်ကိုးကွယ်သည့် အလေ့အထကိုလည်း ကျွန်တော် အပြစ်မတင်ပါ။ ကျွန်တော်သည် ထိုအလေ့အထများကို ဝေဖန်နိုင်လောက်သည့် အရည်အချင်းမရှိ၍ ဖြစ်ပါသည်။ ဒါပေမယ့် နတ်များအကြောင်းကို ထိုက်သင့်သလောက် လေ့လာတတ်ပါသည်။ စိတ်လည်း ၀င်စားပါသည်။ အခု ကျွန်တော်တင်ပြမည့် နတ်သမီးတစ်ယောက်အကြောင်းသည် ကြားဖူးမည့်သူများရှိနိုင်သော်လည်း အလွန်နည်းပါးလိမ့်မည်ဟု ထင်ပါသည်။ ဘာကြောင့်လဲဆိုတော့ ဒီနတ်သမီးကို မြန်မာကျမ်းဂန်များတွင် မတွေ့ခဲ့ရပဲ တရုတ်ကျမ်းဂန်မှာ တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။
ကျွန်တော်စင်္ကပူမှာ နေတုန်းက စင်္ကပူမိတ်ဆွေတစ်ယောက်နှင့် စကားပြောဖြစ်ခဲ့ပါသည်။ ကျွန်တော့် လက်ထဲတွင် ကိုင်ထားသည့် ပရိတ်ကြီး ၁၁ သုတ် စာအုပ်ကို တွေ့တော့ မြန်မာစာလားဟု မေးရာမှ စကားဝိုင်းမှာ ပိုမို ကောင်းမွန်ခဲ့သည်။ မြန်မာစာနှင့် ပါဠိစာကို သူကွဲပြားသွားအောင် အတော်ပင် ရှင်းပြလိုက်ရသည်။ ထို့ထက်တိုး၍ ပရိတ်များ၏ အဓိပ္ပါယ်ကိုပါ ရှင်းပြခိုင်းရာ အကြမ်းဖျဉ်း ရှင်းပြလိုက်ရသည်။ သူတကယ်ပဲ စိတ်ဝင်တစားနားထောင်ရင်း မြန်မာနှင့်ပတ်သက်သည့် နတ်တစ်ပါး အကြောင်းကို သူပြောပြရာ ကျွန်တော်တကယ်ပဲ အံ့အားသင့်ခဲ့ရပါသည်။
ထိုနတ်သမီးသည် မလေးရှားနိုင်ငံ ပီနန်မြို့တွင် နာမည်ကြီးပါသည်။ မလေးရှားတွင် နေထိုင်သူများ သိလိမ့်မည်ဟု ထင်ပါသည်။ ပီနန်မြို့တွင် နတ်ကွန်းတစ်ခုရှိသည်။ တရုတ်နတ်ကွန်းပါ။ ထိုနတ်ကွန်းမှာ မြန်မာနတ်ဟူ၍ ရှိပါသည်။ အစွမ်းလည်း အင်မတန်ထက်သည်ဟု ဆိုပါသည်။ ရောဂါဘယများသာမက လာဘ်လာဘအတွက်ဖြင့် ထိုနတ်ကို ကိုးကွယ်သူတို့ အင်မတန်များကြသည်။
ထိုနတ်သည် မြန်မာ့သမိုင်းတွင် ပုဂံမတိုင်မီက စခဲ့သည်ဟု ယူဆရသည်။ ထိုအချိန်က မြန်မာပြည်နေရာတွင် တိုင်းငယ်ပြည်ငယ်များ ရှိနေခဲ့သည်။ တိုင်းပြည်တစ်ပြည်တွင် မင်းသမီး တစ်ပါးရှိခဲ့ပြီး ထိုမင်းသမီးသည် အလွန်ချောလှသည်ဟု ဆိုသည်။ ထိုနှင့် တပြိုင်တည်း တရုတ်ပြည်တွင်လည်း တရုတ်မင်းသားတစ်ပါးသည် အလွန်ချောမောသည်ဟု ဆိုပါသည်။ တိုင်းပြည် အချင်းချင်း စစ်ခင်းသည့် အခါမို့ တနေ့တွင် ထိုနိုင်ငံငယ်တို့ စစ်ဖြစ်ရန် အကြောင်းဖန်လာခဲ့သည်။
မြန်မာပြည်ဘက်က ထိုမင်းသမီးဦးဆောင်သော စစ်တပ်နှင့် တရုတ်ပြည်ဘက်မှ မင်းသား ဦးဆောင်သော စစ်တပ်တို့ စစ်ချီတိုက်ခိုက်ကြသည်။ မြန်မာပြည်ဘက်ကပဲ နိုင်ခဲ့သည်။ ထိုမင်းသားမှာ အလျှော့မပေးပဲ ၃ ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်သည်။ ၃ ကြိမ်လုံးပဲ ရှုံးနှိမ့်ခဲ့ရသည်။ ရလဒ်ကတော့ မင်းသမီးလေးကို သူတကယ်ပဲ စွဲလမ်းသွားခဲ့သည်။ နောက်ဆုံးမှာ သူတို့ နှစ်ဦး ရည်ငံခဲ့ပြီး မင်းသမီးလေးမှာ တရုတ်ပြည်သို့ လိုက်ပါသွားခဲ့သည်။
ဒီဖြစ်စဉ်တို့သည် တရုတ်ကျမ်းဂန်တွင် အခိုင်အမာရှိသည်ဟု ထိုမိတ်ဆွေက ဆိုသည်။ မင်းသမီးမှာ တရုတ်ပြည်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်။ ဗမာစကားသာမက တရုတ်စကားကိုပါ ကျွမ်းကျင်စွာ ပြောတတ်ခဲ့သည်။ တိုတိုပြောပါက ထိုမင်းသမီးသည် ယခုဆိုသည့် နတ်သမီးပင်ဖြစ်ပေသည်။ နတ်ဝင်သည်တို့ထံ နတ်မေးသည့်အခါ ထိုမင်းသမီးသည် တရုတ်လို ရည်ရည်လည်လည်ပင် ပြောတတ်သည်ဟု ဆိုသည်။ တစ်ခါက မြန်မာအလုပ်သမားတစ်ဦး လုပ်ငန်းခွင်တွင် ဒဏ်ရာရခဲ့သည့်အခါ သူ့အလုပ်၇ှင်က ထိုနတ်ကွန်းသို့ ခေါ်သွားခဲ့သည်။ ထိုနတ်သမီး ၀င်လာသည့်အခါ မြန်မာလိုပဲ အမေးအဖြေ ပြုလုပ်ခဲ့သည်။ သူပြောသည့် မြန်မာစကားမှာ ယခုခောတ်နှင့် သိပ်မတူတော့သော်လည်း နားလည်သည်ဟု ဆိုသည်။ သို့နှင့် ကျွန်တော်က နတ်ဟူသည်မှာ စကားတိုင်းကို နားလည်သည်ဟု ပြောသော် ထိုမိတ်ဆွေက ငြင်းသည်။ ထိုနတ်သမီးသည် တရုတ်စကားနှင့် မြန်မာစကားကိုသာ နားလည်သည်ဟု ဆိုပါသည်။ မလေးစကားနှင့် ပြောပါက နားမလည်ကြောင်း ဆိုသည်။
မြန်မာပြည်၏ ဒေသတွင် တိုင်းပြည်ကို အုပ်စိုးသည့် မင်းသမီးဆိုသည်မှာ ပုဂံခောတ်မှ စတင်သော မြန်မာသမိုင်းတွင် မတွေ့ဖူးပါ။ ဒါကြောင့် နိုင်ငံသေးသေးလေးများရှိသည့် ပျူခေတ်ဟု မှတ်ထင်ပါသည်။ ထိုခောတ်တွင် ဘုရင်မများရှိတတ်သဖြင့် ဖြစ်လောက်သည်ဟု အောက်မေ့မိသည်။ ကျွန်တော်သိရသလောက် ပျူစကားနှင့် မြန်မာစကား မတူပါ။ ဒီနတ်သမီးပြောသော စကားတို့က ယခုခေတ် မြန်မာတို့ နားလည်လောက်သည့် မြန်မာစကားဆိုတော့ ပျူခောတ်က ဟုတ်မဟုတ် မသေချာပြန်။ နောက်တစ်ချက် ထိုနတ်သမီးသည် မြန်မာလူမျိုးဖြစ်ခဲ့သည်မှန်က မြန်မာပြည်သို့ အလည်လာတတ်ရမည်။ ဆိုလိုတာက မြန်မာနတ်လောကမှာ ကျက်စားတတ်သော နတ်ဖြစ်ရမည်။
တခါက နတ်များကို မြင်တတ်သည့် သူငယ်တစ်ယောက်ပြောပြချက်အရ ထိုနတ်သည် ကိုယ်လုံး အတော်ကြီးသည်ဟုဆိုသည်။ ဒါက ဖြစ်နိုင်ပါသည်။ ထိုခောတ်က လူများသည် ယခုခောတ်ထက် ကြီးမားကြသည်။ ဆံပင်မှာ အရှည်ကြီးဟုဆိုသည်။ မျက်လုံးကြီးများမှာ အလွန်လှပသည်။ ၀တ်ထားသည့် အ၀တ်အစားတို့မှာ ရိုးရှင်းသည့် မြန်မာအ၀တ်အစားများဖြစ်သည်ဟု ဆိုသည်။ ထိုနတ်သည် ပီနန်မြို့တွင် အလွန်နာမည်ကြီးနေသည်ဟုလည်း အတည်ပြုသွားပြန်ပါသည်။
ဘာပဲပြောပြော ကျွန်တော်တော့ စိတ်ဝင်စားပါသည်။ မြန်မာပြည်တွင် နာမည်မကြီးသော တရုတ်၊မြန်မာ နတ်က မလေးရှားက မြို့တစ်မြို့မှာ နာမည်လာကြီးနေသည်။ ကိုးကွယ်သူတို့က မြန်မာများမဟုတ်ပဲ တရုတ်များဖြစ်နေသည်။ ထို့အပြင် တရုတ်ကျမ်းဂန်များတွင် အတည်ပြုရေးသားထားသည်ဟု ဆိုပြန်ရာ တကယ်ပဲ စိတ်ဝင်စားမိပါသည်။ တချိန်ချိန်မှာ ဒီအကြောင်းကို ကျွန်တော်ဆက်လေ့လာနိုင်မယ်လို့လည်း မျှော်လင့်ပါသည်။ တကယ်လို့ တစ်စုံတစ်ယောက်က ဒီအကြောင်းတွေကို သိနေခဲ့မယ်ဆိုရင် ပြောပြခဲ့ပါလို့ တောင်းဆိုပါသည်။


16 ယောက်က မှတ်ချက်ပြုသွားသည်။:
အေး
စိတ်ဝင်စားစရာပဲနော်
နင်နောက်ထပ်သိရင်လည်း တင်ပေးဦးး)
ဖတ်ရတာ စိတ်ဝင်စားစရာလေး..။ အစ်မတော့ အခုမှကြားဖူးတယ်.. နောက်ထပ်လေ့လာလို့ သိတဲ့အခါ ထပ်တင်ပါဦး...
ဒါနဲ့ “နတ်များအကြောင်းကို ထိုင်သင့်သလောက် လေ့လာတတ်ပါသည်။”ဆိုတော့ ဘယ်လို ထိုင်လေ့လာတာပါလိမ့်နော်လို့ တွေးတောသွားတယ်.. :))
(သက်သက်နောက်တာပါ)
စိတ်ဝင်စားစရာကောင်းလိုက်တာ.. မြန်မာမလေးက တရုတ်လေး နောက်လိုက်သွားတာ နောက် ဘာဖြစ်လို့ နတ်ဖြစ်လဲ သိချင်လိုက်တာ..စုံစမ်းလို့ရရင် ပြောပါဦးနော်
လာဖတ်သွားပါတယ် ...
အထူးအဆန်း လေး တစ်ခုပါပဲ .. >>>
ညီလေးရေ....
နတ်တွေနဲ့ ပတ်သတ်လာရင် အစ်ကိုကတော့ ယုံကြည်ကိုးကွယ်မှုနဲ့ အစွဲအလမ်းမရှိတတ်ပါဘူး၊ ဒါပေမယ့် စော်လည်း...မစော်ကားဘူးလေ...။ သူလည်း..သူ့ဟာသူနေ...ကိုယ်လည်း...ကိုယ့်ဘာသာနေပေါ့...။ ဒါပေမယ့် “ဂျေဒိုးနတ်” ကမုန့်တွေ တော့ ကြိုက်လို့ အရင်တုန်းက သွားစားတတ်တယ်...:D
(လိပ်စာပြောင်းသွားတာလားညီလေး... အစ်ကို့အိမ်လေးမှာ ချိတ်ထားတဲ့နေရာက လာလို့မရတော့လို့... မြတ်မွန်ရဲ့ အိမ်လေးကနေ လာခဲ့ရတာ.။ ထပ်ယူသွားတယ် လင့်ခ်အသစ်လေးကို...)
ခင်မင်တဲ့
ဏီလင်းညို
ဖတ်သွားတယ် ဂျပန်ကြီးး) နတ်အကြောင်းတော့ သိဘူး ငါတို့မြို့မှာတော့ ကိုးမြို့ရှင်တို့ ဘာတို့ ကြားဖူးတာပဲလေ စွမ်းမစွမ်းလဲ သေချာသိဘူး ပြောမဆို ကြုံဖူးမှသိ ပေါ့
လေးစားလျက်
တောင်ပေါ်သား
စိတ်ဝင်စားပါတယ် ပန်ပန်လေး၊ နောက်ထပ် သိရရင် လဲ ရေးပါဦးနော်..
ဟင်..ခုမှကြားဖူးတယ်တော့..စိတ်ဝင်စားစရာပါပဲ..
ဟေ. အဲလိုလဲ ရှိတယ်လား။ အခုမှကြားဘူးတယ် ကျေးဇူးဟေ့။ ငါတို့ မြို့က ပုပ္ပါးနဲ့နီးတော့ နတ်တော့ ရိုသေလေးစားပါတယ်။ ကိုးကွယ် တာတော့ မဟုတ်ပါဘူး။ ကိုးကွယ်သူတွေလည်း ရှိပါတယ်။
နောက်သိရင်လည်း တင်ပေးပါဦး.။ စိတ်ဝင်းစားစရာပဲ။
ခင်မင်လျှက်
ညီညီ(အနာဂါတ်သံစဉ်)
အင်း...
ကျွန်တော်လည်း စိတ်ဝင်စားတယ်ဗျ.. ဒါမျိုးတွေက မယုံကြည် လို့လည်းမဟုတ်ပါဘူး ယုံကြည်တယ်လို့လည်း မဟုတ်ပါဘူး.. သူ့နေရာနဲ့ သူပေါ့ဗျာ..
တော်ထဲမှာ တစ်ခါကြုံဖူးတယ်.. နွားလှည်းနဲ့ပေါ့ ကုန်းသေးသေးလေးကို နွားက မတက်နိုင်ဘူး ပြီါ်တော့ နွားကလည်း တရှူးရှူးနဲ့ နှာမှုတ်နေတာ.. ဘာဖြစ်လို့ဖြစ်မှန်းလည်း မသိဘူး..
နောက်တော့မှ တောထဲက လူတစ်ယောက် ထွက်လာပြီး.. မရဘူးမရဘူး. ဒီနေရာက ကျန်းတယ်ဆိုပြီး ကြက်တစ်ကောင် ပေးလိုက်မှ.. ခနကဖြစ်ခဲ့တာတွေ မဟုတ်သလိုပဲဗျာ.. နွားကလည်း လျောကနဲ့ဆို တက်သွားတာဗျာ.. အရမ်းကို ထူးဆန်းတယ်.. ကိုယ်တွေ့ဗျာ..
ဒါနဲ့ စကားမစပ်.. အဲဒီနတ်နာမည်လည်း မပါပါလားဗျ..
နာမည်ကို သိချင်တာ ကိုအာဂျီနိုမိုတိုရေ..
ဟုတ်တယ်ဗျ.. မန်းက ကြက်လေ.. ခိခိခိ
အဲဒါကြောင့် ကျွန်တော်လို့ ရေးလိုက်တာ..။
လင့်က ဖွင့်မရတော့လို့ ကိုဂျပန်ရေ.. ခုမှပဲ ပြန်လာရတာ.. ချိန်းထားတာ မသိလိုက်ဘူးလေ..
ပျော်ရွှင်ပါစေ
စည်သူ။
ဟုတ်လား စိတ်ဝင်စားစရာပဲ ကိုဂျပန်ကောင်လေးရေ (ပို့စ်က ဖျက်လိုက်တာ ကာယကံရှင်က သိပ်သဘောမတွေ့လို့ပါ) အဲဒါကြောင့် သူကတော့ဖျက်ခိုင်းတာမဟုတ်ပါဘူး ကျွန်မသဘောနဲ့ ဖျက်လိုက်တာပါ..
ပန်ပန်က လိုင်းပြောင်းသွားပြီလား...
နတ်အကြောင်းတွေလေ့လာနေပြီ...
စိတ်ဝင်စားဖို့တော့ကောင်းသား..
သေသေချာချာသိရင် ပြောပြအုန်းညီ...
ခင်မင်လေးစားလျက်
ညရဲ့ကောင်းကင်
Interesting story. Thanks for sharing.
စိတ်ဝင်စားစရာပဲ
ညီလေးပန်ပန်ရေ အလှူလာဖိတ်ပါတယ်ဗျာ။
စိတ်ဝင်းစားဖို့ ကောင်းတယ် ဗျာ ကျွန်တော်သိတာလည်း
အတွင်း ၃၇ မင်း အပြင် ၃၇ မင်း သိတယ် သူတို့ ရာဇ၀င်
တွေတော့ ငယ်ငယ်က ကောင်းကောင်းဖတ်ဘူးတယ်
ဒီနတ်သမီးအကြောင်းတော့ ခုမှကြားဖူးတယ် ထူးထူးဆန်း
ဆန်းပါဘဲဗျာ တကယ်လို့  ဒီထက်ပိုသိခဲ့ တယ်ဆိုရင်
ဆက်လက်ရေးပေးပါအုံးဗျာ . . .
Post a Comment