မြက်ခင်းပါးပါးလေးပေါ်မှာ လှဲချလိုက်ရင်းနဲ့ ကောင်ကင်ပြင်ကြီးကို မော့ကြည့်မိသည်။ မည်းနက်နေသော ပိတ်ကားနောက်ခံပေါ်မှာ လင်းလက်နေတဲ့ ကြယ်လေးများ..။ ကြယ်လေးတစ်လုံးချင်းစီကို ရေတွက်ကြည့်မိရင်း ဟက်ကနဲ ရယ်လိုက်မိသည်။ ဒီလောက်များပြားလွန်းတဲ့ ကြယ်တွေကို သူဘယ်လို ရေမှာလဲ..။
မိုးကုတ်စက်ဝိုင်းကနေ ပြူးထွက်လာတဲ့ လမင်းကတော့ ကွေးကွေးကောက်ကောက် တောက်ပနေသည်။ သူ့မှာတော့ အပူအပင်မရှိ။ လူသားတွေကို အေးမြစေတဲ့ လမင်းလေးလို ဖြစ်ချင်လိုက်တာ..။ ဒီလို အစွမ်းတွေသာ ရခဲ့ရင် ရင်ထဲက အပူမီးတွေကို သူချက်ချင်း ငြိမ်းပစ်လိုက်မှာပဲ..။ သြော်.. လမင်းလေးရယ်.. တတ်နိုင်ရင် မင်းဆီကို တခေါက်လောက် ဆောင်ကြဉ်းပေးလှည့်ပါလားကွယ်...။
ဆို့နှစ်လာတဲ့ စိတ်ကို ဖျောက်ပစ်ချင်ဇောနဲ့ အကြည့်လွဲလိုက်ခါမှ မြင်လိုက်ရတာက ခွန်ဆန်လောနဲ့ နန်းဦးပင်။ နီးလျက်နဲ့ ဝေးနေတဲ့ဘ၀လေလား..။ ဘယ်အညှိုးတွေနဲ့များ မင်းတို့ အလယ်မှာ အကာအဆီးတွေ ရှိနေတာလဲကွယ်..။ ချစ်လျက်နဲ့ ဝေးနေရတဲ့ဘ၀..။ နာကျည်းစွာနဲ့များ လူသားတွေကို သရုပ်ပြနေကြသလားကွာ...။
ကြယ်လေးတွေတောင်မှာ လင်းလက်ခွင့်တွေရှိသေးတယ်နော်..။ ကျွန်တော့်ဘ၀မှာ ဒီလိုမျိုး လင်းလက်ခွင့်လေးမှ ရပါဦးမလား..။ မြက်ခင်းပေါ်မှ ထထိုင်လိုက်ပြီးတော့ မလှမ်းမကမ်းက သစ်ပင်လေးဆီကို လေးပင်စွာ လျှောက်လှမ်းခဲ့မိသည်။ မြေသားမို့မို့လေး ဘေးနားမှာ ထိုင်ချလိုက်မိသည်။ မတိုင်ပင်ပါပဲနဲ့ မျက်ရည်တွေ ပြိုက်ကနဲ ကျလာသည်။ ထိန်းဖို့ ကြိုးစားသည်။ မရ..။ ပို၍ ပို၍ ခံစားလာမိပြီးတော့ ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိသည်။
ဒီမြေမို့မို့လေးထဲမှာ လှဲလျောင်းနေတာက ကျွန်တော့် ချစ်သူ...။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက တွဲခဲ့တဲ့ ချစ်သူ။ ဘ၀ကို ရုန်းရင်းကန်ရင်းနဲ့လည်း တွဲခဲ့တဲ့ ချစ်သူ။ မိဘဆွေမျိုးဆိုတာ ဘယ်သွားရှာရမှန်းမသိတဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘ၀မှာ သူဟာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော အဖော်ဖြစ်သလို မရှိမဖြစ်သော အဖော်တစ်ဦးလည်း ဖြစ်ခဲ့သည်။ နေ့စဉ်နေ့တိုင်း မခွဲမခွာ သွားလာလှုပ်ရှားရင်းနဲ့ပဲ သံယောဇဉ်တွေပို အချစ်တွေ ပိုခဲ့ရသည်။ အခုတော့ အရာရာတိုင်းဟာ ဆိတ်သုဉ်းသွားခဲ့ပြီပါလား..။ ခွန်ဆန်လောနဲ့ နန်းဦးပင်လိုပဲလေ..။ အခုတော့ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ မြေကြီးလေးပဲ ကာဆီထားသည်။ ဒါပေမယ့် ပေါင်းစည်းလို့မှ မရတော့ပဲလေ...။
ချစ်သူ...။ နင်မရှိတော့တဲ့ ဘ၀ကို ငါတစ်ယောက်တည်းရုန်းကန်ရဖို့ ငါအတော်ကြိုးစားရဦးမယ်.. သိလား..။ ဒီနေရာ.. ဒီဒေသ ဒီပတ်ဝန်းကျင်... ။ နေရာအားလုံးမှာ ငါတို့ခြေရာတွေ ထပ်နေခဲ့တယ်....။ ဘယ်ကိုပဲ သွားသွား ငါနင့်ကို မြင်ယောင်နေမိမှာပဲလေ..။ နင်မရှိတဲ့အခါမှာ.. ငါတစ်ယောက်တည်း ကြေကွဲမှုတွေရင်မှာပိုက်ပြီးတော့ပဲ တသက်လုံး အသက်ရှင်သွားရတော့မယ်..။ ရက်စက်လွန်းတဲ့ ကံကြမ္မာနဲ့ ခါးသီးလွန်းတဲ့ ဘ၀တွေကြားမှာ ငါမောလှပြီ..။
မနက်ဖြန်မိုးလင်းတာနဲ့ ငါဒီအရပ်ကို စွန့်ခွာတော့မယ်။ နှစ်ယောက်သွားခဲ့ဖူးတဲ့ လမ်းတွေမှာ တစ်ယောက်တည်း ဆက်လျှောက်ဖို့ ငါအင်အားမရှိဘူးဟာ...။ ဒီနေရာလေးမှာပဲ.. ငါတို့တိုင်တည်ကြမယ်...။ ဘယ်ဘ၀ကိုပဲ ရောက်ရောက်.. မိဘဘိုးဘွား ဆွေမျိုးမရှိ..၊ နေစရာအိုးမရှိ..အိမ်မရှိ..၊ လမ်းဘေး အမှိုက်ပုံမှာ ကိုယ့်ဟာကိုယ်ရှာစားတာတောင် လူတွေကိုကြောက်လန့်နေရတဲ့ဘ၀...၊ ဘယ်အချိန် ဘယ်သူက ရိုက်မလဲ..၊ အထိတ်ထိတ်အလန့်လန့်နေရတဲ့ဘ၀..။ ဒီဘ၀တွေကို ငါတို့ ပြန်မရပါစေနဲ့တော့ ..။ ပြုခဲ့သမျှ ၀ဋ်ကြွေးတွေအားလုံး ဒီမှာပဲ ကြေပါစေတော့...။ နင်လည်း... မသေမချင်း အရိုက်သတ်ခံခဲ့ရတဲ့ဘ၀.. .... ... ဘယ်တော့မှ ပြန်မရပါစေနဲ့တော့ဟာ....။ ကောင်းရာသုဂတိ လားပါစေကွာ....။
ငါကတော့ ဒီလောကကြီးထဲမှာ ခွေးဝဲစားဆိုတဲ့ လူတကာ ရွံရှာတဲ့ဘ၀နဲ့ပဲ မသေမချင်း ကြဉ်လည်ရဦးမယ်လေ......

14 မှတ်ချက်..။:
ဟာ ပန်ပန်ကတော့ လုပ်ပြီ...
အပေါ်ကဖတ်လာတာ ဇာတ်ရှိန်တက်မှ အောက်မှာ ခွေးဝဲစားဖြစ်သွားရတယ်လို့...း)
ဘာအဓိပ္ပါယ်နဲ့ ရေးမှန်းမသိပေမယ့် ရေးထားတာ ကောင်းတယ်...စွဲဆောင်မှုရှိတယ်....
အောက်ဆုံး ၂ပိုဒ်ကို မဖတ်ပဲ ပြောရရင် ချစ်သူကို လွမ်းပြီး ကြယ်လေးတွေနဲ့ လမင်းကို တိုင်တည်နေသူတစ်ယောက်ကို သွားတွေ့တယ်။
ဖတ်လို့ကောင်းတယ်.....
နင်ပြောတော့
နူးနူးညံ့ညံ့ လေး ဆို ...>>>
ရေးလာတာကတော့
အပီအပြင် ပဲ ...
ဒါပေမယ့် ..
ဘယ်လို .. ဘယ်လို .. ဖြစ်ပြီး
အောက်ပိုင်းရောက်မှ
ဇာတ်က ကြမ်းသွားရတာဒုန်းးးးးး .... ...
လူဇိုးးးးအကောင်းမှတ်နေတာ...လူတင်လွမ်းတာ မဟုတ် ခွေးအတွက် ပါ လွမ်းးးးးးး
အင်းလေ..ဟုတ်ပါ့တော်တော်ဆိုးအကောင်းမှတ်လို့ ...နောက်မှခွေးဖြစ်နေတယ်...ခွေးလည်းလွမ်းတတ်သည်ပေါ့...:p
ဂျပန်လေးရေ...
ခွေးကလေးတစ်ကောင်ရဲ့ ခံစားချက်လေးကိုဖတ်ရင်း...ဘ၀တွေရဲ့ဖြစ်တည်မှုဆင်းရဲဒုက္ခလေးတွေကို..အတွေးရောက်သွားတယ်...။
ခင်မင်တဲ့
ဏီလင်းညို
ဝေးးးးးးးးးးးးးနေကောင်းလား
း)))))))))
ဟဟဟ ပန်ပန်...... ခွေးကလေးက မြက်ခင်းပြင်ပေါ်လှဲပြီး ကောင်းကင်ကို မော့ကြည့်ရင်တော့ သူ့လည်ပင်းက စောင်းငန်းစောင်းငန်းနေမှာနော်။း)
လူတယောက်နေရာကသာ ဆက်ရေးရင် အင်မတန် ကောင်းမှာပဲ။ စကာပြေအရေးအသားလေး ကောင်းလို့ပါ
တိရိစ္ဆာန်တွေမှာလည်း သံယောဇဉ်ဆိုတာ ရှိတာပါပဲ အမြဲအတူတူ သွားလာနေတာကို ခွဲခွါ ခံရရင် သူတို့လည်း စိတ်နာကျင်မှာပါပဲ။
စာအရေးအသား ကောင်းတယ်။
လက်စသတ်တော့ ခွေးဇာတ်ကိုး...းD
ဖြစ်လေရာဘဝဆက်တိုင်း ခွေးဖြစ်ရင်လည်း ခွေးချမ်းသာ လူဖြစ်ရင်လည်း သစ္စာရှိတဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ...
းဝ)
အမ် အောက်လည်းကျရော ... ဖြစ်ကရော :P
သြော် ခွေးလေး မှာလဲ နှလုံးသားနဲ့ပါ..။
ခွေးလေးရဲ့ ခံစားချက်ကို ခံစားတင်ပြ သွားတာ ကောင်းတယ်နော်..။
ခင်တဲ့
မြတ်မွန်..။
ဖတ်လာလိုက်တာ နောက်ဆုံးကျမှ ခွေးဝဲစားဆိုလို့ :) သွားတယ်။ ဘာပြောပြော ခွန်ဆန်လောနဲ့ နန်းဦးပြင်လလို အချစ်မျိုး ခွေးဝဲစားဆိုပေမဲ့ ခံစားတတ်ပါတယ်။
နောက်ဆုံးရောက်မှ အော ခွေးလေးပါလားလို့သိလိုက်ရတယ်... ပိုသဘောကျသွားတယ်.. ဟိဟိ
မသေမချင်းသတ်တာ တော်တော်ဆိုးတာပဲနော်...
ဒါပေမယ့် သူ့ကိုမြှုပ်ပေးမယ့် လူရှိသေးလို့ တော်သေးတာပေါ့...မချက်စားကြဘူးနော်...
အရက်သမားတွေ လက်ထဲရောက်ပြီး ချက်စားခံရတဲ့ ခွေးလေးတစ်ကောင်တွေ့ဖူးတယ်...
ခွေးရူးကိုက်လို့ ပိုင်ရှင်က ပိုက်ဆံအကုန်မခံနိုင်လို့ စွန့်ပစ်ခံရတဲ့ ခွေးလေးတစ်ကောင်လဲ တွေ့ဖူးတယ်...
Post a Comment