ဒီအခန်းကျဉ်းလေးထဲမှာ တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်နေမိသည်။ မီးမလင်းတဲ့ ဒီအခန်းလေးထဲမှာ လရောင်လေးက ဖြာဆင်းနေလို့ ဝေရီစွာ တစ်ယောက်တည်း ငေးနေမိသည်။ ကျွန်တော့်ခုတင်ဘေးမှာ စာကြည့်စားပွဲလေး။ ကုတင်ခြေထောက်မှာ စန္ဒယားခုံလေး။ ကုတင်အောက်မှာတော့ ပြည့်နှက်နေသည့် စာအုပ်အိတ်တွေ။ အခန်းနံရံပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ ချိတ်ဆွဲထားသော ဓါတ်ပုံများ....။ အားလုံးကို အကြည့်လွဲရင်း မျက်လုံးကို မှိတ်လိုက်မိသည်။ သက်ပြင်းတိုးတိုးလေးကြားမှာ အတိတ်က အရိပ်တွေဟာ တဖွားဖွားပဲ......
ပထမဆုံးပုံရိပ်လေးကတော့ တရှုံ့ရှုံ့ငိုနေသော ၆ နှစ်အရွယ်ကလေးလေးတစ်ယောက်။ ည ၈နာရီထိုးတော့ အရမ်းကို အိပ်ချင်နေသည်။ ကျက်ထားသော စာများမှာလည်း အထစ်အထစ်..။ ဘေးနားမှာ တုတ်တချောင်းကိုင် ကာ မျက်နှာထားတင်းတင်းနှင့် ထိုင်နေသော မမကြီး။ တဖြန်းဖြန်းနှင့် ခြိမ်းခြောက်နေသော အသံများကြားမှာ ငိုရင်းရှိုက်ရင်း စာကျက်ခဲ့ရသည်။ စာမေးပွဲမှာ ပထမရကို ရရမယ် ဆိုသည့် စကားလုံးတွေက နုနယ်နေသည့် ကလေးလေးရဲ့ ဦးနှောက်ထဲကို ရိုက်နက်သွားစေသလားမသိ..။ ၅ တန်းအထိ ပထမဆိုသည့် နေရာမှ မဆင်းရအောင် ခပ်ကုတ်ကုတ်ကြိုးစားခဲ့သည့် ကလေးလေးက တချိန်က ကိုယ်လေလား.....။
၆ တန်းနှစ်မှာ ကျောင်းပြောင်းခဲ့တော့ ကျွန်တော့ကျူရှင်ဆရာနှင့် ၆ တန်းအတန်းပိုင်ဆရာမတို့ ပြိုင်ကြသည်။ အထက (၁)မှ ပထမရနေကျကောင်မလေးနှင့် ကျွန်တော် ပထမအစမ်းမှာ ဘယ်သူသာမလဲတဲ့....။ ဘယ်သူ ဘာပြောပြော ပြိုင်ဖို့ စိတ်ကူးကိုမရှိသည့်အတွက် ကိုယ်ရသင့်သည့်အမှတ်ရအောင်သာ ဖြေခဲ့သည်။ ပထမဆုံး သောစာမေးပွဲမှာ ၅ မှတ်ဆိုသော ပမာဏနှင့် ဒုတိယပဲ ကျွန်တော်ရခဲ့သည်။ ဒါကို ဘယ်လိုမှ ၀မ်းမနည်းခဲ့ပေမယ့် လက်ခနဲ လှောင်ပြုံးနေသော ဆရာမမျက်နှာ၊ နောက်ကွယ်တွင် အပြောခံရသော “အထင်ကြီးစရာ မရှိပါကွယ်” ဆိုသည့် စကားတို့ကတော့ ကျွန်တော့်သိက္ခာကို အလွန်စော်ကားလိုက်ခြင်းပင်။ ဘယ်ဘ၀က ထည့်ပေးလိုက်သည့် မာနတရားများလဲ.. နာကျည်းသော အကြည့်တို့နှင့် ဆုံးဖြတ်ချက်ချလိုက်မိသည်။ ဒီကောင်မလေးနှင့် အတန်းတူနေသမျှ ငါ့ကို သူမကျော်စေရ ဆိုသော ဆုံးဖြတ်ချက်တို့က ကျွန်တော့်ကို စာကြမ်းပိုးအဖြစ်သို့ တွန်းပို့ခဲ့ပြန်သည်။
ဓါတ်ပုံအယ်လ်ဘမ်များထဲမှ ဆုဓါတ်ပုံတို့ကို ထုတ်ယူကာ ကြည့်နေမိသည်။ ပြုံးပျော်နေခဲ့သော ထိုစဉ်က အမှတ်တရလေးများကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေမိသည်။ ၀မ်းမသာနေသလို ဂုဏ်လည်းမယူနေပါ။ လုပ်သင့်သည့် အလုပ်ကိုလုပ်ခဲ့ခြင်းလို့သာ စိတ်ထဲတွင် ထင်နေမိသည်။ တကယ်တမ်း ထိုဆုများစွာတို့က ကျွန်တော့်အသည်းနှလုံးကို စူးပေါင်းများစွာ ရိုက်သွင်းခဲ့တယ်ဆိုတာ ဘယ်သူများ သိနေမလဲလေ...။
ပထမဆုံးသောအရာက ဆရာဆရာမတွေကို အပြည့်အ၀မလေးစားတတ်တော့တာပါပဲ။ တန်းတူသော အချစ်တို့ဖြင့် တပည့်တို့အပေါ်မှာ ဆက်ဆံရမည်ဆိုသော ယုံကြည်ချက်ပေတံနှင့် လိုက်တိုင်းတော့ ကျွန်တော် တကယ်ယုံကြည်လေးစားရသော ဆရာဆရာမတို့က အတော့်ကို နည်းခဲ့ပါသည်။ နောက် ကျွန်တော်ဆုံးရှုံးခဲ့ရသော အချက်က သူငယ်ချင်းများပင်။ စာတကုတ်ကုတ်လုပ်နေသော ငယ်ဘ၀မှာ သူငယ်ချင်း အင်မတန်နည်းခဲ့ပါသည်။ တချို့သော သူငယ်ချင်းများသည် စာတော်လို့သာပေါင်းသည်။ စိတ်ထဲ နှစ်၍မပေါင်းရဲကြပါ။ တချို့သော သူငယ်ချင်းများမှာ ရှိန်းတိန်းတိန်းနှင့် မပေါင်းဖြစ်ခဲ့..။ ဒီအချက်တွေကို မကြာလှသော ကာလမှာမှ ချတ်တင်ထိုင်ရင်း သိခဲ့ရသည်။ ၁၀ နှစ်တာကာလာ ထိန်ချန်ဖြစ်ခဲ့သော ဒီအကြောင်းတွေကို သူငယ်ချင်းအချင်းချင်း ဖွင့်ဟ၀န်ခံရင်း သိခဲ့ရသည်။ ၀မ်းနည်းခဲ့ကြရသည်။ အချင်းချင်း တောင်းပန်ဖြစ်ခဲ့ကြသည်။ ဒီသူငယ်ချင်းတွေကို ၁၀ နှစ်လုံးလုံး စာဆိုသည့် အမှောင်ထုအောက်မှာ ဖုံးအုပ်ထားခဲ့လေသည်ကော...။
စာဆိုသည့် ခေါင်းစဉ်က လူသားတစ်ယောက်ကို တကယ်ပဲ အတ္တကြီးစေပါသည်။ စာတော်သည့် ကျောင်းသားတော်တော်များများကိုကြည့်ပါ။ တကယ်ပဲ အတ္တကြီးပါသည်။ သူများတွေ ကိုယ့်ထက်သာမှာ ကြောက်သည်။ ကိုယ်ရှာဖွေသိမိသည့် အချက်တွေကို သူငယ်ချင်းတွေ သိမှာစိုးသည်။ လျှို့ဝှက်သည်။ အရှင်းဆုံး ၀န်ခံရလျှင် ၁၀ နှစ်တာကာလလုံး ကျွန်တော်သည် ထိုသို့သော ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးပါသည်။ ထိုကဲ့သို့သော အောက်တန်းကျသည့် စိတ်ဓါတ်များကို ပိုင်ဆိုင်ခဲ့ဖူးသည်ကို ပြန်တွေးမိတိုင်း အရမ်းကို ရှက်မိသည်။ စာဆိုသော အရာကြောင့် ကျွန်တော့်နှလုံးသားမှာ ဆူးတွေအများကြီး စူးဝင်နေခဲ့သည်။
မေမေသင်ကြားပေးသည့် ၀ိပဿနာတရားတွေကို နာယူရင်း ဆူးတွေ ကို တချောင်းပြီး တချောင်း ဆွဲနှုတ်နေမိသည်။ အလုပ်က သင်ကြားပေးသော သင်ခန်းစာတို့က မျှဝေတတ်လာသည်။ Flexible ဖြစ်လာသည်။ နောင်ကာလမှာ ကျွန်တော့်သားတွေ သမီးတွေကို ပြောပြရဦးမည်။ ဆုတွေဟာ ဆူးတွေ အသွင်ပြောင်းမသွားစေဖို့ ဖခင်တစ်ယောက်ရဲ့ တာဝန်တွေ အပြည့်အ၀ယူရမည်။ လောကကြီးမှာ မျှတသော အတွေးအခေါ်ဖြင့်ရှင်သန်တတ်သည့် မျိုးဆက်သစ်တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည့် တာဝန်က ကျွန်တော့်တာဝန်ပဲမလား..။.။ ကျွန်တော်ပြုံးမိသည်။ တကယ်ကိုပဲ လှိုက်လှိုက်လှဲလှဲ ပြုံးမိသည်။ ကျွန်တော့် နှလုံးသားမှာ ဆူးတစ်ချောင်းမှမရှိတော့သည့် အနာတရကင်းစင်တဲ့ နှလုံးသားလေးဖြစ်နေပြီလေ။ အမာရွတ်တွေ ကျန်နေသေးပေမယ့် တချိန်ချိန်မှာ ပျောက်ကင်းသွားမယ်လို့ ယုံကြည်မိသည်။
အပြင်မှာ သာနေတဲ့လလေးက ကျွန်တော့ကို ဂုဏ်ပြုနေသည့် ဆုလဒ်တစ်ခုလေလား..။ ဒီဆုလဒ်ကတော့ ဘယ်တော့သောအခါမှ ဆူးတစ်ခုအဖြစ် ပြောင်းသွားနိုင်မှာမဟုတ်ဘူးဆိုတာ တပ်အပ်သိနေမိတယ်ဗျာ...။

13 ယောက်က မှတ်ချက်ပြုသွားသည်။:
ဖတ်လို့ကောင်းလိုက်တာပန်ပန်လေးရယ်
ပန်ပန်လေးက အတွေးရော အရေးပါကောင်းတယ်
ဆုတွေဟာ ဆူးတွေ အသွင်ပြောင်းမသွားစေဖို့ ဖခင်တစ်ယောက်ရဲ့ တာဝန်တွေ အပြည့်အ၀ယူရမည်။ လောကကြီးမှာ မျှတသော အတွေးအခေါ်ဖြင့်ရှင်သန်တတ်သည့် မျိုးဆက်သစ်တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည့် တာဝန်က ကျွန်တော့်တာဝန်ပဲမလား..။.။
ဒီစကားစုလေးကြိုက်တယ်...
ချစ်တဲ့
ဖိုးစိန်
ညီလေးရေ
အိပ်တော့မယ်ဆိုပြီး စီဘုံးကိုကြည့်လိုက်တာ
ညီလေးက အကြွေးဆပ်ထားတယ် လာခဲ့ဆိုလို့
ရောက်လာတယ်ညီ။
တတိယမြောက် အကြွေးဆပ်ခံရပါတယ်ညီရေ။
ခုပဲ ဖိုးစိန် ဆီမှာ မန့်ပြီး ပြန်လာတာ။
ကျေးဇူးညီ။
အကိုရဲ့ တက်ခ်ပိုစ့်လေးကို ခုလို အရေးတယူ
ရေးပေတဲ့အတွက်ကျေးဇူးတင်တယ်နော်ညီ။
ညီလေးရဲ့ ကျောင်းသားဘဝက အကိုသူငယ်ချင်းမလေး တစ်ယောက်နဲ့ တူတယ်။
စာမှ စာပဲ။
အိပ်တော့မယ် ညီ။ မနက် အလုပ်ရှိသေးတယ်။
ချစ်တဲ့ အကို
ရီနိုမာန်
ဂျပန်ရေ... အိပ်သေးဘူးဆိုလို့ ပြန်လာတာ။ ဆုနဲ့ ဆူးကို ဖတ်လိုက်ရတယ်။ အသက်ငယ်ပေမယ့် အတွေးအခေါ်မငယ်တာကို မြင်လိုက်ရတော့ လေးစား အားကျစွာနဲ့ ပိုမို ခင်မင်မိပါတယ်။ ရင်ထဲမှာအနာတရတွေ ကင်းစင်နိုင်တာ အအေးချမ်းဆုံးပါပဲ။ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့  တွန်းအားပေးတဲ့ ဆုလေးတွေက ဆူးတွေမဟုတ်ပါဘူးကွယ်။ ဆန္ဒလေးပြည့်စုံပါစေနော်။
၁၁နာရီကျော်နေပြီ ထင်တယ်နော်။
ကဲကဲကဲ.....
အိပ်ရေးလေးလဲဝပါစေကွယ်။
မျိုးဆက်သစ်တွေကို မျှတတဲ့ အတွေးအခေါ်တွေနဲ့ ရှင်သန်အောင် ပြည့်ဝစွာ တာဝန်သူ တယောက်ဖြစ်ပါစေလို့ အမ ဆုတောင်းပေးနေမယ် ပန်ပန်
ရေးထားတာ၊ တွေးထားတာ ကောင်းတယ် ပန်ပန်ရေ... ဆုကနေ စူးမဖြစ်ဖို့ အရေးကြီးတယ်။
တော်လိုက်တာ...
မောင်လေးရဲ့ အတွေးအခေါ်လေးကို တကယ်လေးစားမိပါတယ်။
တကယ်ကောင်းတဲ့ အရေးအသားလေးပဲ....ဘာလို့ ဒီအိမ်လေးကို ခုမှရောက်လာမိတာလဲ မသိဘူး...။
မေမေသင်ကြားပေးသည့် ၀ိပဿနာတရားတွေကို နာယူရင်း ဆူးတွေ ကို တချောင်းပြီး တချောင်း ဆွဲနှုတ်နေမိသည်။
အဲ့လို သင်ပေးတတ်တဲ့ မိခင်မျိုး ရှိတဲ့အတွက် ဂျပန်ကောင်လေး အစား ဂုဏ်ယူမိပါတယ်..။
ဂျပန်း လေးရေ.....
ဆူးချက်ကြောင့် ရတဲ့ အနာရွတ်လေးတေါ အရာမထင် ပပျောက်ဖို့ အကို လှိုက်လှိုက်လှဲလှဲ ဆုတောင်း ပေးပါတယ်ဗျာ။
မေတ္တာတရား ဆိုတာ ဆူးဒဏ်ရာတွေကို အကောင်းဆုံး ဖြေဖျောက်ပေးနိုင်တဲ့ ဆေးကောင်းတစ်ခွက်ပေါ့။
အဲဒိဆေးလေး မှီဝဲရင်း ၀ိပဿနာ သင်တန်းကျောင်းမှာ ဥာဏ်စဉ်တွေ တစ်တန်းပြီး တစ်တန်း တက်ရင်း ဂုဉ်ထူးမှတ်များနှင့် အောင်မြင်ပါစေ လို့ ဆန္ဒပြုလျက်
မေတ္တာဖြင့်
ဒဏ်ရာအနာတရ ကင်းစင်တဲ့ နှလုံးသားလေးပဲ ဖြစ်လာမှာပါကွာ...။ဆူးခဲ့တဲ့အမာရွတ်တွေက မပျောက်သေးရင်တောင် ဒါဟာတချိန်က ဖြတ်သန်းခဲ့တဲ့
ဘ၀ပုံရိပ်တွေလို့ အမှတ်ရနေစေမှာပဲလေ...။
အတွေးကောင်းသလို အရေးလည်းကောင်းပါပေတယ်။
သူရင်းရေ . . !
အားပေးသွားတယ် ။
တကယ် ကောင်းတဲ့ ပို့စ်လေး တစ်ပုဒ်ပါပဲ ။
အခုတော့
တော်တော်ရင့်ကျက်လာပြီဆိုတဲ့ သဘောပေါ့ ..။
ညီလေးဂျပန်ရေ
ဒီစာလေးကိုတော့ အတွေးရော အရေးရော ကြိုက်တယ်ကွာ။
ဆုတွေက ဆူးတွေအဖြစ်ကိုယ်လဲ ပြောင်းခဲ့ရဖူးတယ်
ခင်မင်စွာဖြင့်
သီဟသစ်
Hi Nyi,
Nice post.I am glad to what your real attitude in your heart. Keep on try hard to come true what you believe.
Post a Comment