ဘ၀ဆိုတာ စိန်ခေါ်မှုတွေအပြည့်ရှိတဲ့ ကစားပွဲလေးတစ်ခုပါပဲဗျာ။ ကိုယ်အမှတ်ရဖို့အတွက် အသည်းအသန် ကြိုးစားရတယ်။ အမှတ်တစ်မှတ်ရဖို့အတွက် ချွေးနဲ့သွေးနဲ့ရင်းပြီး ဆော့ကစားရတယ်။ တခါက ဗွီဒီယိုတစ်ကားမှာ ဒီစကားလေးကို ကြားခဲ့ရဖူးတယ်။ ဘ၀ဆိုတာ ကြက်တောင်ပွဲလိုပါပဲတဲ့။ ကိုယ်က တော်လို့ နိုင်ခဲ့ရင်လည်း တစ်မှတ်တက်သလို သူများက မှားသွားခဲ့ရင်လည်း တစ်မှတ်တက်တယ်တဲ့။ ဘ၀ဆိုတဲ့ ယှဉ်ပြိုင်ပွဲကြီးမှာ သူ့ထက်ငါ အလုအယက် ကြိုးစားကစားနေကြရတယ်။ တကယ်တော့ ဘ၀ဆိုတာ ဖုတ်လိုက်ဖုတ်လိုက်နဲ့ ရှင်သန်နေရတာပါ။
အခုနေ ကလေးငယ်ငယ်လေးတွေကို မြင်ရင် အရမ်းပျင်းလိုက်တာ။ သူတို့တွေ ဘ၀ကို အတော်အတန် ဖြတ်သန်းရဦးမှာပါလား။ ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့တဲ့ သင်ခန်းစာတွေ အခြေခံပညာတွေကို သူတို့တွေ မမောနိုင် မပန်းနိုင် ဆည်းပူးရဦးမှာပါလား။ မွေးစကတည်းက အူဝဲဆိုတဲ့ဘ၀မှာ အပြစ်ကင်းစင်ခဲ့ကြပေမယ့် ကြီးပြင်းလာတဲ့ မိသားစု၊ ပတ်ဝန်းကျင်ကိုလိုက်ပြီးတော့ ဒီကလေးတွေရဲ့ အရောင်တွေ ကွဲပြားဦးမှာပါလား။
ဒီလိုပဲ အသက် ၆၀ ကျော်လာလို့ ပင်စင်ယူလိုက်ရင်ကော။ ဘာဆက်လုပ်ရမလဲ။ လူ့ဘ၀ဆိုတာ မျှော်လင့်ချက် ကလေးတစ်ခုပါ။ ဒီမျှော်လင့်ချက်လေးကိုပဲ ဖက်တွယ်ပြီး အသက်ရှင်သန်နေရတဲ့ဘ၀မှာ အဲဒီအရွယ်မှာ ဘာကို မျှော်လင့်ကြမှာလဲ။ အလုပ်က အနားယူလိုက်တော့ လုပ်စရာကလည်းမရှိ။ သားတွေ သမီးတွေ မြေးတွေ မြစ်တွေဆီမှာ နေ။ သူတို့ကျွေးတာစား။ သူတို့ ပြောတာခံ။ တနေ့ မိုးလင်းလာတာနဲ့ ဘာလုပ်ရမှာပါလိမ့် ဆိုတဲ့ အတွေးတွေနဲ့ အဲဒီလို အသက်အရွယ်ကို ဘယ်လို ကျော်ဖြတ်ရမယ်ဆိုတာ အခုထိ ကျွန်တော်စဉ်းစားလို့ မရသေးဘူးဗျာ။
ငယ်စဉ်က ကျွန်တော်တို့ ကြီးပြင်းလာတဲ့ အပေါင်းအသင်းသူငယ်ချင်းတွေကြားမှာ တချို့က ချမ်းသာတယ်။ တချို့က မိဘက အရမ်းဂရုစိုက်တယ်။ ကိုယ့်ထက် သာတဲ့သူရော မသာတဲ့သူရော ဒီသူငယ်ချင်းတွေနဲ့ ကြီးပြင်းခဲ့တယ်။ အခုချိန် ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရှာဖွေနေတဲ့အချိန်မှာ ဘ၀ဆိုတာ ပြောင်းပြန်ဖြစ်တတ်ပါလား ဆိုတာ သတိပြုမိတယ်။ အရင်က ချမ်းသာခဲ့တဲ့ သူတွေ၊ ရာထူးအာဏာကြီးမားခဲ့တဲ့ သူတွေ၊ အဖေ ဆိုဒ်ကားသမား အမေ ဈေးရောင်းပြီး အသက်ရှင်ခဲ့ရတဲ့ သူငယ်ချင်းတွေ ဘ၀တွေဟာ အရမ်းကို ကွာခြားလာတာကို တွေ့လိုက်မိတယ်။ လူဆိုတာ ကိုယ့်အရည်အချင်းနဲ့ လုပ်ကိုင်လာမှသာ ကိုယ့်အရည်အသွေး တွေထွက်လာတယ်တဲ့။ ငယ်ငယ်တုန်းက ကားလေးနဲ့ ကျောင်းလာပို့တဲ့ သူငယ်ချင်းတွေကြားမှာ စက်ဘီးစုတ်လေးနဲ့ ကျောင်းတက်ခဲ့ရတဲ့ ဘ၀ကို အရမ်းရှက်ခဲ့တယ်။ သူများတွေနဲ့ တန်းတူ ပိုက်ဆံမသုံးနိုင်တဲ့အတွက်လည်း အမေအဖေကို ခဏခဏ စိတ်ဆိုးခဲ့ဖူးတယ်။ အခုအချိန်မှာ ဒါတွေကို ပြန်တွေးမိတော့ ကျွန်တော် မချိပြုံးလေးပြုံးမိတယ်။ သြော်... လူဆိုတာ ကိုယ့်ဘ၀နဲ့ကိုယ်လာတာပါပဲလေ...။
ဒီလိုနဲ့ ဘ၀ဆိုတဲ့ ရေလျဉ်ကြားမှာ ဆက်မျောသွားရဦးမှာပဲလေ။ အခုလောကမှာ အသက်ရှင်လာတာ ၂၂ နှစ်ကျော်ခဲ့ပြီ။ နောင် ကံပါတဲ့အသက်အထိ အသက်ဆက်ရှင်သန်ရဦးမယ်။ ကျွန်တော့်ဘ၀ရဲ့ လက်တွဲဖော် ဟာ ဘယ်သူဖြစ်လာမလဲ။ သာယာတဲ့ မိသားစုလေးတစ်ခုကို တည်ဆောက်မယ်လို့ ခဏခဏ စိတ်ကူးယဉ်ခဲ့မိပေမယ့် တကယ့်ဘ၀မှာ တကယ်ကော တည်ဆောက်နိုင်မလားလို့ တွေးမိတယ်။ ဒီလိုနဲ့ အသက်တွေကြီးသွားခဲ့ရင်းနဲ့ တချိန်ချိန်မှာ ကျွန်တော်ချစ်တဲ့ မေမေနဲ့လည်း ကွဲရဦးမှာပါလား။ မဟုတ်တာတွေ မတွေးနဲ့လေလို့ ကြိုးစားဖြေသိမ့်ချင်ပေမယ့် ဒါဟာ အမှန်တရားပဲလေ။ လက်ခံနိုင်ရမှာပေါ့ဗျာ။
မကြာခင်မှာ ကျွန်တော့်ဘ၀အတွက် ကျောင်းဆက်တက်ရဦးမယ်။ ဒီကျောင်းတက်နေတဲ့အတောအတွင်းမှာ မေမေ့ကို ကျွန်တော် ငွေပို့နိုင်မှာမဟုတ်ဘူး။ ၅ နှစ်ဆိုတဲ့ကာလအပြီးမှာ မေမေ့ကို ပြန်လုပ်ကျွေးနိုင်ဖို့ မေမေရှင်သန်နေပါစေလို့ ခဏခဏဆုတောင်းမိတယ်။ သက်ကြီးရွယ်အိုတွေကို သားသမီးတွေက စွန့်ပစ်ထားလို့ ကိုယ့်ဘာသာကိုယ် လုပ်ကိုင်စားသောက်နေရတာတွေကို အတွေ့များလာတော့ မေမေ့ကို ပိုပြီး လုပ်ကျွေးချင်မိတယ်။ ဒီလိုနဲ့ပဲ နောင် ငါအသက်ကြီးလာတဲ့အခါမှာ ငါ့သားသမီးတွေက ငါ့ကို ဘယ်လို ဆက်ဆံမလဲဆိုတာကို တွေးရင်းနဲ့လည်း ရင်မောမိတယ်။ ဒီလိုပဲလေ အသက်တွေ တအားကြီးသွားလို့ ကိုယ့်ဘာသာကိုတောင် မသွားနိုင် မလာနိုင်တဲ့ ဘ၀ကိုလည်း ကြောက်တယ်။ သူများတွေ ပြုစုမှ ရှင်သန်နေရတဲ့ ဘ၀ကိုလည်း မလိုချင်ဘူးဗျာ။ ဒါကြောင့် ကျွန်တော့်အသက်အရမ်းမရှည်ပါစေနဲ့လို့ တိတ်တဆိတ် ဆန္ဒပြုမိတယ်ဗျာ..။
ဘာပဲပြောပြောဗျာ... အခုအချိန်မှာတော့ မချိပြုံးလေးရော မျက်ရည်လေးတွေရော ရောထွေးနေရင်းနဲ့ ဒီလိုပဲ ဘ၀ကို ဆက်လက်လှော်ခတ်ရဦးမယ်လေ...။ ဒီဘ၀ ကစားပွဲမှာ ကျွန်တော်မရှုံးနိမ့်ဖို့ အဓိကပဲလေ..။း)


12 ယောက်က မှတ်ချက်ပြုသွားသည်။:
သိပ်မှန်တာပေါ့ ပန်ရာ....မှန်ကန်တဲ့အတွေးလေးတွေကို လာမျှဝေသွားတယ်...နော်
ငါ့အတွေးနဲ့ တူနေရော
ငါလည်း သိပ်အသက်အရှည်ကြီးမနေချင်ဘူး
ကိုယ့်ကိုယ်အားကိုးနိုင်တုန်း သန်တုန်း မြန်တုန်းလေးထိပဲနေချင်တယ်
လူများတကာရဲ့ ၀န်ထုတ်လည်းမဖြစ်ချင်ဘူး
စဉ်းစားရင်တော့ ရင်မောစရာကြီးပါပဲ
အဆင်ပြေ ပျော်ရွှင်ပါစေ ပန်ပန်ရေး))
မျှော်လင့်ထားသလို ရည်မှန်းထားသလို ဖြစ်လာပါစေနော် ..း)
ညီလေးရေ
မိဘကိုသိတတ်တဲ့သားသမီးဟာအမြဲအောင်မြင်မှာပါညီလေးရေ
အောင်မြင်ပါစေကွယ်
ခင်မင်စွာဖြင့်
သီဟသစ်
မိဘကို အလုပ်အကျွေးပြုချင်တဲ့ သားလေး ဘယ်တော့မှ ရှုံးနိမ့်မှာ မဟုတ်ပါဘူး ပန်ပန် ကြိုးစားပါ
နင်လိုချင်တဲ့ ပန်းတိုင် မရောက်မချင်း ဘ၀ ရဲ့ ကစားပွဲ မှာ
ဘာမှ မဆုံးရှူံးစေဖို့ တကယ်ကို စိတ်ထဲကနေ
ဆုတောင်းပေးပါတယ် ..။
တစ်ခါ တစ်လေ တော့ ဘဝကို စိတ်ပျက်မိပါတယ်ညီရာ
အရှုံးတော့ မပေးလိုက်နဲ့လေ နော်
ကြိုးစားထား
ပန်ပန်ကငယ်သေးတယ်... တက်လမ်းတွေ အများကြီး
အဆင်ပြေ ပါစေလို့ အကိုဆုတောင်းပေးပါတယ်
ချစ်တဲ့
ဖိုးစိန်
ဒီအတွေးအရေးလေးတွေက သားကောင်တစ်ယောက်ရဲ့သိတတ်မှုတွေပြည့်နှက်နေလို့ မိခင်ကတော့ ကျေနပ်နေမှာပါလေ။
သားကောင်းလို့ရေးတာပါနှော်။ ဝတ်ဆံနှလုံးပေါက်ကျန်ခဲ့တာ :)
မေမေအသက်ရှည်ပြီး မောင်လေးမွေးကျေးဇူးဆပ်နိုင်နိုင်ပါစေလို့ 
ဆုတောင်းပေးခဲ့တယ်နော်။
အားလုံးအဆင်ပြေပါစေ ဂျပန်ကောင်လေးရေ
ပျော်ရွှင်ပါစေ..ကိုဂျပန်ကောင်လေးရေ..
အားပေးနေပါတယ်..နော်
မှတ်သားစရာ.တွေ..မှတ်သားသွားပါတယ်
သားကောင်းသမီးကောင်းဆိုတာ..ဘယ်တော့မှ..
မရူံးနှိမ့်ပါဖူး..ရှင်
very good thinking. at least we must make plan how to live whole life and contribute to people with good soul before we die.
Post a Comment