သူညမဟုတ်သော အကြွင်း

ဆယ်စုနှစ်တစ်ခုစာ ကြာမြင့်ခဲ့ပေမယ့် အရိပ်တွေက ကျွန်တော့်အတွေးတွေကို လွမ်းမိုးထားဆဲပါပဲလေ..။ ပြင်လို့မရတော့တဲ့ နောင်တတွေတပွေ့တပိုက်နဲ့ ၀ဋ်ကြွေးတစ်ခုကို ဆပ်နေရပြီလား...။

လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလ..။ ခြောက်တန်းကျောင်းသားဘ၀မှာ အလယ်တန်းကျောင်းတစ်ခုကနေ အထက်တန်း ကျောင်းတစ်ခုကို ကျွန်တော်ကျောင်းပြောင်းခဲ့သည်။ ကျောင်းသားသစ်တဖြစ်လဲ ကျွန်တော့မှာ သူငယ်ချင်းများများ စားစားမရှိခဲ့ပါ။ နှစ်ပတ်ခန့်မြောက်သောနေ့မှာ ဆရာမက ကျွန်တော့်ကို ထိပ်ဆုံးခုံမှာနေရာချပေးရာက သူနဲ့ စတွေ့ခဲ့သည်။

သူဆိုသည်က “မိုးဇင်ထွန်း”။ အဖေက စစ်ဗိုလ်.. နေထိုင်သည်က စစ်တပ်ထဲမှာ။ လူက အသားမည်းမည်း ၀ဖိုင့်ဖိုင့်။ စကားပြောသည့်အခါ အာလေးလျှာလေးပြောတတ်သည်။ စာကျက်အင်မတန်ပျင်းသည်။ စာနားလည်ဖို့ အလွန်ခဲယဉ်းသည်။ အဆော့အင်မတန် မက်သည်။ စာကလွဲလျှင် အားလုံးမှာ အတော်ဆုံးဖြစ်သည်။

သူနဲ့ ဆန့်ကျင်စွာ ကျွန်တော်က စာလုပ်ရသည်။ ကျောင်းအပြောင်းမှာ ဆရာတွေ အချင်းချင်းရန်တိုက်မှုကြောင့် ဒီကျောင်းအသစ်က ပထမရနေကျ ကောင်မလေးကို အနိုင်ယူ ဗိုလ်စွဲရေးမှာ ကျွန်တော့တာဝန်ဖြစ်လာသည်။ နဂိုက ကျွန်တော့်ဆရာက အတင်းအကျပ် တာဝန်ပေးမှုကြောင့် တာဝန်ယူခဲ့ရပေမယ့် ကျောင်းအသစ်က ဆရာမရဲ့ အပြောအဆိုတွေက ကျွန်တော့ပုဂ္ဂိုလ်ရေးကို ထိခိုက်လာသည့်အတွက် မခံချင်စိတ်နဲ့ ပထမအစမ်းမှာ သာအောင်လုပ်ပြမည်ဆိုသည့် ခံယူချက်က ရှိနေသည်။

မိုးဇင်ကို အင်မတန်စိတ်ပျက်မိသည်။ စာလာသင်သည့် ဆရာတိုင်းက မေးသည့် မေးခွန်းတွေ သူတခွန်းမှ မဖြေနိုင်။ ဥာဏ်မကောင်းလို့ စာကျက်မည်လားဆိုတော့လည်း မကျက်။ ဒီထိုင်ခုံမှာ ထိုင်နေသည်က သူနှင့် ကျွန်တော်နှစ်ယောက်တည်း သီးသန့်။ နေ့စဉ်နှင့်အမျှ ကျွန်တော့ဘေးမှာ နားရွက်ဆွဲခံထိလိုက်၊ ထိုင်ခုံပေါ်တက် မတ်တပ်ရပ်လိုက်၊ ကြိမ်တုတ်နှင့် အဆော်ခံရလိုက်၊ နားပန်အုပ်ခံလိုက်ရနှင့် အရမ်းစိတ်ရှုပ်ဖို့ ကောင်းလာသည်။ ပိုဆိုးသည်က သူစာမရတိုင်း စာရှင်းပေးရမည့် တာဝန်မှာ ကျွန်တော့တာဝန်ဖြစ်လာသည်။ တခါတရံ ထွက်ပြေးချင်လောက်အောင် စိတ်ညစ်သည်။

ဒီလိုနှင့် တနေ့မှာ နေ့လည်ထမင်းစားချိန်မှာ ဆော့ကြသည်။ အတန်းထဲမှာပဲ စိန်လိုက်ပြေးတမ်းကစားကြသည်။ ၁၂ နာရီမှာ အတန်းဆင်း၍ ထမင်းကို ၅ မိနစ်နှင့် ပြီးအောင်စားကြသည်။ ပြီးတော့ နာရီဝက်လောက် ကစားသည်။ ၁၂ ခွဲတော့ ကျွန်တော် စာပြန်နွေးဖို့ သတိရလိုက်မိသည်။ ဒီလိုနှင့် အားလုံးကို နှုတ်ဆက်ကာ စာကျက်ဖို့ ကြိုးစားနေမိသည်။

ခက်သည်က မိုးဇင်။ ဆော့ဖို့ အတင်းပြန်လာခေါ်သည်။ “ငါမဆော့တော့ဘူး.. ဒီနေ့ ငါနဲ့ ဟိုကောင်မလေးနဲ့ အပြိုင်စာဆိုရမှာ.. မင်းတို့ပဲ ဆော့တော့.. ” လို့ ပြောလည်း မရ။ မရတော့ သူလည်းသွားမဆော့တော့။ ကျွန်တော့ဘေးမှာ ထိုင်ပြီး ကျွန်တော့မျက်နှာကို ဟိုးဘက်ကကြည့် ဒီဘက်ကကြည့်နှင့် ပြောင်စပ်စပ် လာလုပ်နေသည်။ အဟိ အဟိ ဆိုသည့် အသံကပါလာသေးသည်။ စိတ်ထဲက ဆိုနေသည့်စာက အဲဒီပြောင်စပ်စပ်မျက်ခွက်ကို မြင်တော့ မေ့တေ့တေ့ဖြစ်လာသည်။ “ဟေ့ကောင်... ငါစာကျက်နေတယ်လို့ ပြောနေတယ်မလား.. မင်းအဝေးကိုသွားနေချေ” ဟုခပ်ဆတ်ဆတ်ပြောလိုက်လည်း မထူး။ ကြာတော့ စိတ်တအားတိုလာတာနှင့် “ကဲကွာ..ခွပ်”။ ကျွန်တော် ထထိုးလိုက်မိသည်။

အားလုံးငြိမ်ကျသွားသည်။ မျက်လုံးတွေအားလုံးက ကျွန်တော်တို့ နှစ်ယောက်ဆီမှာ။ သူဘာမှ မပြောပဲ ကျွန်တော့်ကို ငေးကြည့်နေသည်။ ပြီးတော့ မျက်ရည် အ၀ဲသားနှင့် အခန်းအပြင်ကို ထွက်သွားသည်။ ခဏနေတော့ အခန်းထဲပြန်ဝင်လာပြီး ထုံးစံအတိုင်း ဆက်ဆော့သည်။ ဒါပေမယ့် ခုံမှာလာထိုင်တော့ မျက်နှာက တည်သွားသည်။ ကျွန်တော့ကို မကြည့်မိအောင် ကြိုးစားနေပုံပေါ်သည်။ အားရင် ကျွန်တော်နဲ့ ဆန့်ကျင်အရပ် ဘက်မျက်နှာမူပြီး အိပ်သည်။ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒီလို ထထိုးလိုက်ဖို့လည်း တကယ်ကို မရည်ရွယ်မိပါဘူး။ ဒါပေမယ့် သက်ပြင်းလေးချရုံ စိတ်မကောင်းဖြစ်ပြီးတော့ သူ့ကို ကျွန်တော် မတောင်းပန်ဖြစ်ခဲ့ ဘူးလေ။

ဒီလိုနှင့် ၇ တန်းရောက်တော့ သူနှင် ကျွန်တော် အခန်းချင်းမတူတော့ပါ။ သက်သောင့် သက်သာစွာ စာသင်နေရင်းနဲ့ တနေ့မှာ သတင်းဆိုးတစ်ခုကို ကျွန်တော်ကြားလိုက်ရသည်။ မနက် ၈ နာရီ ကျောင်းစရောက် ရောက်ချင်း “မိုးဇင် သေသွားပြီ” တဲ့။ “ညက ငှက်ဖျားတက်တာ ၁၀၅ တောင်ရှိတယ်တဲ့။ ငှက်ဖျားပိုး ဦးနှောက် ထဲဝင်ပြီး သေသွားတာ” တဲ့။

မိုးဇင် အလောင်းချတဲ့နေ့က သူ့ကို ကျွန်တော် မမှိတ်မသုန်ကြည့်နေမိသည်။ နွမ်းလျနေသည့် မျက်နှာလေးက ကျွန်တော်နဲ့ ဝေးရာကို အကြည့်ချင်းလွဲသွားဦးမှာလား။ ကြေကွဲစွာ ငိုကြွေးနေတဲ့ သူ့အမေက သားရေ. မင်းသူငယ်ချင်းလေးကို ခေါ်ပါဦး.. အန်တီ့ဆီ ပြန်ခေါ်ပေးပါဦး သားရယ်...။ မိုးဇင်.. သားလေးရေ.. သား အချစ်ဆုံး သူငယ်ချင်းရောက်လာပြီလေ..။ ကျွန်တော် အရမ်းပူထူသွား မိသည်။ အချစ်ဆုံးသူငယ်ချင်းတဲ့လား အန်တီရယ်။ ကျွန်တော့်ကို အဲလို သတ်မှတ်ထားကြတာလားဟင်.... ။

ရက်လည်ဆွမ်းကျွေးတဲ့နေ့ မိုးဇင်အိမ်ကို ရောက်တော့ အန်တီက ဧည့်သည်တွေကို မိတ်ဆက်ပေးသည်။ မိုးဇင် စာမလုပ်တိုင်း သားလေး လပြည့်ကပဲ ရှင်းပြနေတာ။ သားလေးအပေါ် သိပ်ကောင်းတဲ့ သူငယ်ချင်း.. ဘာညာ.. စသဖြင့် မိတ်ဆက်ပေးတော့ ကျွန်တော် ဘယ်နားကို ထွက်ပြေးရမယ်မှန်းမသိတော့ပါ။ မိုးဇင်အပေါ်မှာ အရမ်းကောင်းတဲ့ သူငယ်ချင်းတဲ့လား။ မိုးဇင်ကို စိတ်ပါလက်ပါ စာရှင်းပြနေတယ်တဲ့လား..။ မိုးဇင်အိမ်က ပြန်လာတဲ့လမ်းမှာ ကျွန်တော် မျက်ရည်တွေ တတွေတွေကျနေတာ အရမ်းခံစားရတယ်။ အခုနေ ပြန်စဉ်းစားရင် မျက်ရည်ဝဲနေတုန်းပဲလေ..။

အဲဒီညက အိပ်မပျော်ပါ။ ခြင်ထောင်ထဲမှာ အနံ့တခုခုရနေသလိုလို.. မေမေ့ကို ထပြောတော့ သားသူငယ်ချင်းများလားမသိဘူး လို့နောက်သေးတယ်..။ ညဘက် မိုးဇင်ကျွန်တော့ကို လာတွေ့မလားလို့ ယောင်ယမ်းတွေးတောမိပေမယ့် တပတ်ကျော်ကြတဲ့အထိ စိတ်စွဲလို့တောင် အိပ်မက်မမက်ခဲ့ဘူး။ ၁၀ ရက်လောက်မှာ မိုးဇင်ကို အိပ်မက်ထဲမှာ တွေ့လိုက်မိသည်။ ဒါပေမယ့် ကျွန်တော်သိတဲ့ မိုးဇင်မဟုတ်ခဲ့ဘူး။ မိုးဇင်မျက်နှာ မာကျောနေသည်။ မျက်ထောင့်နီကြီးနဲ့ ကျွန်တော့်ကို လှမ်းကြည့်နေသည်။ ကျွန်တော် စကားပြောနေသည်ကို ဘာမှပြန်မပြော။ မိုးဇင်ရယ်.. အရင်နှစ်ကတည်းက ဖြစ်ခဲ့တာကို မင်းမမေ့သေးဘူးလား ဟင်..။ ငါ့ကိုခွင့်လွတ်ပါ သူငယ်ချင်းရယ်.. ငါ့ကို ခွင့်လွတ်ပါ... ။ မင်းဒီလိုသာ ဖြစ်ခဲ့မယ်မှန်းသိရင် ငါမင်းကို မထိုးခဲ့ပါဘူးကွာ.. ။ ကျွန်တော် ငိုကြွေးရင်းတောင်းပန်နေမိသည်။ ရှိုက်ရှိုက်ငိုနေသည့်အတွက် “သား.. ဘာဖြစ်တာလဲ.. အိပ်မက်ဆိုးလား” မေမေအော်ခေါ်မှ ကျွန်တော် လန့်နိုးလာခဲ့သည်။ မေမေတိုက်သည့် ပရိတ်ရေကို သောက်လိုက်မိပေမယ့် မိုးဇင်ကို ကျွန်တော်မမေ့နိုင်ပါဘူးလေ.. ။

တိုတောင်းလွန်းတဲ့ ဘ၀မှာ ကျွန်တော်တို့တွေ စုံဆည်းခြင်းက တခဏတာလေးပါ။ ဒီအချိန်လေးအတွင်းမှာ ကျွန်တော် အမှားကြီး မှားခဲ့သည်။ မိုးဇင်ကွယ်လွန်ပြီးမှ ရသည့်နောင်တတွေက ၁၀ နှစ်တာကာလ ကျော်လွန်လာခဲ့ပေမယ့် အခုထိ ငြိတွယ်နေဆဲပဲ..။ မိုးဇင်ရယ်.. မင်းစွန့်ခွာသွားတဲ့ လောကမှာ လပြည့်ဆိုတဲ့ မင်းငယ်ငယ်က သူငယ်ချင်းလေး မင်းအတွက် ငိုကြွေးနေဆဲပဲ ဆိုတာ မင်းများသိခဲ့မယ်ဆိုရင်လေ.........


11 ယောက်က မှတ်ချက်ပြုသွားသည်။:

july said...

So good,
My boy

ကောင်းကင်ပြာ said...

အကြောင်းတရား တိုက်ဆိုင်သွားတယ်မှတ်ပါ ပန်ရေ၊ သူလဲ ခုလောက်ဆို ယူ စိတ်ကို သိနေလောက်မှာပါ

ဆောင်းနှင်းရွက် said...

so sad ..>>>

Angel Shaper said...

ဂျပန်လေးရေ.... မျက်ရည်တောင်ဝဲမိတယ်တကယ်။ တို့ မှာလဲ ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ တို့ ကကျတော့ အမြဲတမ်း ရန်ဖြစ်နေရတယ်။ ရင်ထဲကတော့ခင်တယ်ဟာ။ သူအိန္ဒယကျောင်းသွားတက်ပြီး၊ နွေရာသီခဏပြန်လာတယ်။ သူပြန်လာတော့ မျက်နှာချင်းတောင်ဆိုင်လို့ မရတဲ့ တို့ နှစ်ယောက်အရမ်းကို တည့်ကြတယ်သိလား။ ထူးဆန်းလိုက်တာပါဆို၊ သူသွားခါနီး သူပြောမသွားတဲ့စကားတွေ တို့ ကြားခဲ့သလို၊ တို့ပြန်မပြောလိုက်တဲ့စကားတွေ သူကြားသွားလားတို့ မသိဘူး။ သူကျောင်းပြန်အသွား လမ်းမှာ ငှက်ဖျားနဲ့ပါပဲ ဆုံးတယ်လေ။ သူ့အလောင်းကိုသူ့အမေတို့  ကလေးကို ပြန်သယ်လာရတယ်။ သူ့အလောင်းကလေးကိုရောက်လာတဲ့ည ငါ့မှာငိုလိုက်ရတာ။ သူ့ကို ချတဲ့နေ့ ဆို မိုးတွေရွာတယ်။။ မိုးရေထဲမှာ အားရပါးရငိုပစ်ခဲ့တယ်။ မိုးရေတွေနဲ့ ဆိုတော့ ဘယ်သူမှ သိပ် မရိပ်ဘူးပေါ့။သူ့ ကို သွားသတိရလိုက်မိတယ်။ ဒီည အိပ်ဖြစ်တော့မယ်မထင်ဘူးဟယ်။ ငှက်ကလေးဆီစရောက်ကာစလည်းအဲလိုပဲ၊ သူ့ ကို အမှတ်ရစေမယ့် ပိုစ့်လေး နဲ့ပဲ ငှက်ကလေးနဲ့ ခင်ဖြစ်တာပေါ့။ ဘာပဲပြောပြော ဖတ်လို့ အရမ်းကောင်းတယ်သူငယ်ချင်းရေ... တို့ မျက်ရည်ဝဲမိတယ်တကယ်။ တို့ ငယ်သူငယ်ချင်းလေးကိုလဲ သတိရလိုက်တာဟာ။

မိုးကောင်းသူ said...

ဖတ်ပြီး စိတ်မကောင်းဘူး။

မျက်မှန်လေး said...

ဂျပန်လေးရေ...
ရင်ထဲမှာဆို့နစ်နေတာဘဲ။
သနားပါတယ်။ မိုးဇင်က လပြည့်မသိတဲ့အချိန်မှာ သူ့ကိုအခင်ဆုံးသူငယ်ချင်းအဖြစ်သတ်မှတ်ထားတာ။
အင်း..ဘယ်တတ်နိုင်မလဲနော်။
သခါၤရကိုး...

နွေးနွေးသဲမွန် said...

စိတ်မကောင်းဘူး..ဖတ်ရတာ မျက်ရည်ဝဲမိတယ်...

kyalkalay said...

အပေါ်ကဟာဖတ်မျက်ရည်ဝဲ
အောက်ကဟာဖတ်ငို

ဘာပြောရမှန်းကိုမသိ

ရုံလေး said...

စိတ်မကောင်းလိုက်တာ
း(

reenoemann said...

ညီလေး စာဖတ်ရတာ စိတ်ထဲမှာတောင် မကောင်းဘူး။

ဖြစ်တက်ပါတယ် ညီ။

အားပေးနေတယ် ညီ။

ကိုရီနို

နဒီမိုးညို said...

ဖတ်ပြီး..စိတ်မကောင်းလိုက်တာ..
ဝမ်းနည်းစရာဖြစ်အောင်.အရေးအသားကောင်းမွန်တယ်