စုစည်းမှတ်ရာ ထိုထိုစာ

ကျွန်တော်တို့ စာပေတွေဖတ်ရှုတဲ့အခါ မှတ်သားလွယ်တဲ့အရာမှန်သမျှ ခေါင်းထဲဝင်ပါတယ်။ ဒါပေမယ့် အသုံးမပြုတာ ကြာတဲ့အခါ၊ ဆက်စပ်ပြောဆိုမှု နည်းတဲ့အခါမှာ မေ့လျော့သွားတတ်ပြန်ပါတယ်။ တချို့ အကျင့်ကောင်းတဲ့သူတွေမှာကျတော့ မှတ်စုစာအုပ်လေးတွေနဲ့ ရေးရေးပြီး မှတ်ထားတတ်တာမို့ အရေးကြုံရင် ပြန်လှန်ကြည့်ရုံနဲ့ လိုရာကို အသုံးချနိုင်ပါတယ်။ တချို့တွေကျ ဥာဏ်ကောင်းတာမို့ ဖတ်ပြီး စိတ်ထဲမှတ်ထားလိုက်တာနဲ့ မှတ်မိနေတတ်ပါတယ်။ ကျွန်တော့်မှာ အဲလို မှတ်ဥာဏ်ကလည်း မကောင်း၊ မှတ်စုနဲ့ မှတ်တဲ့အလေ့ကလည်း မရှိတာနဲ့ ဖတ်ပြီးသားစာတွေဟာ အချက်အလက်နဲ့ပြောပါဆိုရင် တစ်ခုမှ မမှတ်မိတော့ဘူး။ အင်တာနက်ကောင်းမှုကြောင့် ဒီဘက်ခေတ်မှာ လိုချင်တာကို ဂူဂဲလ်ကနေ ရှာယူနိုင်ပေမယ့် ရုတ်တရက် သုံးရမယ့်နေရာမျိုး၊ ပြောဆိုရမယ့်နေရာမျိုးမှာ ဒီလိုပြန်ပြန်ရှာနေဖို့လည်း မလွယ်ပါဘူး။ တချို့ ဆရာကြီးတွေ၊ ပညာရှင်ကြီးတွေမှာ စကားပြောရင်းကနေ ဟိုဟာလေး ဆွဲထည့်ပြော၊ ဒီဟာလေး ဥပမာပြောနဲ့ စကားပြောကို ချောနေတာမို့ အဲဒါတွေကိုကြည့်ရင်း သိပ်သဘောကျမိတာ..။ ဒီတော့ ကိုယ့်ဘာသာကိုယ် ပြန်တွေးမိတယ်.. ကိုယ့်စိတ်ထဲကို အကြောင်းအရာတွေ ထပ်ခါထပ်ခါ သွင်းပေးနိုင်ရင် မှတ်မိနိုင်ပါတယ်လို့စဉ်းစားမိတယ်..။

အခု ဒီစာလေးမှာတော့ ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အကြောင်းလေးတွေကို စုပြီး မှတ်ထားတဲ့ သဘောပါပဲ။ တခါတလေ ဟိုးငယ်ငယ်ကတည်းက နားထဲကို တိုက်ရိုက်ကျွမ်းဝင်ပေမယ့် စိတ်မ၀င်စားမိတာရော၊ အလေးမထားမိတာရောကြောင့် အဓိပ္ပါယ်တွေ သေသေချာချာ မသိခဲ့ပါဘူး။ ဒီလို အကြောင်းလေးတွေကို စုပြီး မှတ်စုထုတ်ရေးသားချင်ပါတယ်။

နာယကဂုဏ်ခြောက်ပါး

ငယ်ငယ်ကတည်းက ကျောင်းတွေမှာ ဆရာကန်တော့ပွဲပဲဖြစ်ဖြစ်၊ အခမ်းအနားတစ်ခုလုပ်ပြီဆိုရင် နာယကဂုဏ်နဲ့ ပြည့်စုံတဲ့ ဆရာကြီး၊ ဆရာမကြီးများဆိုတာ အမြဲပါလေ့ရှိပါတယ်..။ ဆရာကန်တော့ပွဲမှာ ရှေ့က တိုင်စာဆိုဖို့ ရေးထားတဲ့ ကန်တော့ချိုးတွေမှာလည်း ဒါမျိုးလေးက ပါတတ်တယ်..။ နာယကဂုဏ်ဆိုတာ ထပ်ခါထပ်ခါ ကြားဖူးနေပေမယ့် ဘာရယ်ဆိုတာတော့ မသိခဲ့ပါဘူး။ မသိတော့ သိချင်လားဆိုတော့လည်း မသိချင်ခဲ့ပါဘူး။ ဒီတော့လည်း မရှာဖွေခဲ့ဘူးပေါ့။ ဒါပေမယ့် အကြောင်းရယ်အကျိုးရယ် တိုက်ဆိုင်လာတော့ ခွေးအကြီး လှည်းနင်းထားသလို အထစ်အထစ်နဲ့ ဘာမှ မပြောတတ်တော့ဘူး။ ဒီတော့ အကြီးအကဲတွေမှာ ရှိအပ်တဲ့ နာယကဂုဏ်ခြောက်ပါးဆိုတာ အောက်ပါအတိုင်းဖြစ်တယ်လို့ လောကနီတိ ဂါထာပုဒ်ရေ ၁၁၉ ကဆိုပါတယ်။

(၁) သည်းခံခြင်း
(၂) နိုးကြားခြင်း
(၃) ထကြွလုံ့လရှိခြင်း
(၄) သနားခြင်း
(၅) ဝေဖန်ပိုင်းခြားခြင်း
(၆) မြော်မြင်စဉ်းစားခြင်း

အဌာရသ ၁၈ ရပ်

ငယ်ငယ်တုန်းက ပုံပြင်တွေဖတ်ပြီဆိုရင် မင်းသားလေးက အရွယ်ရောက်လာတဲ့အခါမှာ ဒိသာပါမောက္ခကြီးဆီ သွားပြီး မင်းသားတို့ တတ်အပ်တဲ့ အဌာရသ ပညာရပ်တွေကို သင်ကြားရသတဲ့။ ဒီလို တတ်ကျွမ်းပြီးလို့ သေချာပြီလို့ ဆရာကြီးက ယူဆတဲ့အခါမှ တိုင်းပြည်ကို ပြန်ရသတဲ့။ ကျွန်တော်အသက် ၂၀ ကျော်ပါပြီ။ အဲလိုပုံပြင်တွေကို ၁၁ နှစ်လောက်ကတည်းက ဖတ်လာတာပါ။ တစ်ခါမှ အဌာရသပညာရပ် ဆိုတာ ဘာတွေပါလိမ့်လို့ မစဉ်းစားခဲ့ဖူးဘူး...။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ စူးစမ်းလေ့လာတတ်တဲ့ အလေ့ကိုယ့်မှာမရှိတာမို့ ကိုယ်ဟာညံ့လေခြင်းလို့ပဲ တွေးမိတယ်။ အဲဒီတော့ အဌာရသ ၁၈ ရပ်တွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) အကြားအမြင်အတတ် (ဗေဒင်အတတ်)
(၂) ဓမ္မသတ် အတတ်
(၃) ဂဏန်းသင်္ချာအတတ်
(၄) တံစဉ်း စူး ဆောက် အတတ်
(၅) နီတိကျမ်း အတတ်
(၆) ယာယီ ယတြာ စသော ဗျာကရိုဏ်းအတတ်
(၇) စောင်း ညှင်း (ငြင်း) စသော အတီးအမှုတ်အတတ်
(၈) လက်သစ်အတတ် (လက်ဆစ်ချိုးရေတွက်ခြင်းအတတ်)
(၉) လေးအတတ်
(၁၀) ရှေးစကားအတတ်
(၁၁) ဆေး အတတ်
(၁၂) ရယ်ရွှင်မှု အတတ်
(၁၃) ဗေဒင် အတတ်
(၁၄) လှည့်ပတ်တတ်သော အတတ်
(၁၅) ဆန်းကျမ်း အတတ် (ဝိစိတိ ဇဂဏီစသော ဆန်းတို့ကိုပြဆိုသော ပိင်္ဂလ စသောကျမ်းအတတ်)
(၁၆) သံတမန် အတတ်
(၁၇) မန္တန်အတတ်
(၁၈) သဒ္ဒါကျမ်း အတတ်

တို့ပဲဖြစ်ပါတယ်။

ဖိုးသုည ခုနှစ်ယောက်

လောကနီတိမှာ ဖော်ပြထားတာနဲ့ပတ်သက်လို့ သဘောကျမိတဲ့ အချက်တချို့ကိုလည်း ဖော်ပြချင်ပါသေးတယ်။ အဲဒါကတော့ ဖိုးသုည ခုနှစ်ယောက်ပါ။

(၁) အအိပ်ကြီးသူ
(၂) မေ့လျော့တတ်သူ
(၃) သက်သောင့်သက်သာ ဇိမ်ခံနေတတ်သူ
(၄) ရောဂါရနေသောသူ
(၅) ပျင်းရိသူ
(၆) အလိုကြီးသူ
(၇) အသေးအဖွဲ အလုပ်တွေနှင့် အချိန်ကုန်နေသူ

တဲ့။ ပစ္စုပ္ပန်အလုပ်တွေမှာ အပေါ်က အချက်တစ်ချက်ချက်နဲ့ ညှိနေရင်တော့ အရင်ဆုံး အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးရမှာပါပဲ..။



အထက်က အကြောင်းအရာတွေက လောကနီတိကို ညွှန်းပြီး မှတ်ထားတာပါ။ `နီတိ` ဆိုတာ ရှေ့ဆောင်၊ လမ်းပြဆိုတဲ့ သဘောပါ။ `လောကနီတိ` ဆိုတော့ လူ့ဘောင်လောက၏ ရှေ့ဆောင်လမ်းပြ ဆိုတဲ့ သဘောပေါ့။ မြန်မာ့ပညာရေးစနစ်မှာ ပြဌာန်းခဲ့ဖူးတဲ့ `ပြည်သူ့နီတိ` ဆိုတာကတော့ တိုင်းသူပြည်သား တစ်ယောက် နိုင်ငံသားကောင်းပီသအောင် ကျင့်ကြံနေထိုင်အပ်သော ရှေ့ဆောင်၊ လမ်းပြဆိုတဲ့ သဘောမို့ ကျွန်တော်တို့ လူငယ်တွေ မမေ့သင့်ပါဘူး။

ဆက်ပြီးမှတ်ရရင်တော့ ခဏခဏလည်း မှတ်တယ်။ ခဏခဏလည်း မေ့တယ်။ အမြဲလည်း သုံးတဲ့ အရာတွေပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုးတဲ့ သြကာသ ကန်တော့ချိုးပါ။ ငယ်စဉ်ကတည်းက ကျောင်းမှာ၊ အိမ်မှာ မိဘဆရာတွေက တိုင်ပေးလို့တတ်လာခဲ့တယ်။ `သြကာသ၊ သြကာသ၊ သြကာသ ကာယကံ ၀စီကံ.. မနောကံ` စသဖြင့်ပေါ့..။ အမြဲဆိုဖြစ်တယ်။ ဘုရားရှိခိုးတိုင်း ရွတ်တယ်။ သိချင်တော့ မှတ်တယ်။ မှတ်ရင်းကနေ မေ့တယ်.။ ၀ဲလည်ချာလည်လိုက်နေတာ အခုထိပါပဲ။ အဲဒါလေးကိုလည်း ဒီမှာ မျှဝေရင်းနဲ့ ထပ်ပြီး မှတ်သားချင်ပါသေးတယ်။

သြကာသ

`သြကာသ` ဆိုတာ `ရှိခိုးပါရစေ၊ ခွင့်ပြုပါ` ဆိုတဲ့ သဘောပါ။ တချို့တွေက သုံးကြိမ်ရွတ်ဆိုတယ်။ တချို့ ဒေသတွေမှာ နှစ်ကြိမ်ရွတ်ဆိုပါတယ်။

ကံသုံးပါး

ကာယကံ - ကိုယ်ဖြင့်ပြုအပ်သော အလုပ်
ဝစီကံ - နှုတ်ဖြင့်ပြုအပ်သော အလုပ်
မနောကံ - စိတ်ဖြင့် ပြုအပ်သော အလုပ်

`သြကာသ` အချိုးပြီးလို့ နောက်တစ်ပိုဒ်မှာ ရွတ်ဆိုတဲ့ `အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ၀ိပတ္တိတရားလေးပါ၊ ဗျသနတရားငါးပါး` တို့မှ ကင်းလွှတ်ဖို့ ဆုတောင်းတာလေးရှိတယ်။ အဲဒါလေးတွေကို ထုတ်နုတ်မှတ်သားရရင်ဖြင့်

အပါယ်လေးပါး

အပါယ်ဟူသည်မှာ `အပါယ` ဟူသော ပါဠိစကားမှ ဆင်းသက်လာသည်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ အပါယ်ဘုံလေးဘုံကို ဆိုလိုပါတယ်။ ၃၁ ဘုံမှာ ဒုက္ခတိဘုံလေးဘုံ ဖြစ်ပါတယ်။

ကပ်သုံးပါး

(၁) သတ္တန္တရကပ် - တုတ်၊ ဓား၊ သေနတ်စသော လက်နက်အားဖြင့် ပျက်စီးရသော ခေတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခေတ်။
(၃) ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခေတ်။

ရပ်ပြစ်ရှစ်ပါး

(၁-၂-၃) ဘုရားပွင့်တော်မူနေစဉ် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။
(၄) ဘုရားရှင်ပွင့်တော်မူစဉ် အသက်ရှည်သော အသညသတ်ဘုံနှင့် အရူပဘုံ၌ ဖြစ်နေရခြင်း (အသညသတ်ဗြဟ္မာများသည် ရုပ်ခန္ဓာသာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများသည် စိတ်ဝိညာဉ်သာရှိ၍ ရုပ်မရှိ၊ ထို့ကြောင့် သူတို့သည် ဘုရားကိုလည်း မဖူးနိုင် တရားကိုလည်း မနာနိုင်ကြပေ)
(၅) ပစ္စန္တရစ်ခေါ်သော ပြည်နယ်စွန်းများနှင့် လူရိုင်းများ၏ အရပ်ဒေသ၌ ဖြစ်နေရခြင်း။
(၆) ဘုရားရှင်ပွင့်တော်မူနေစဉ် မိစ္ဆာဒိဌိဖြစ်နေရခြင်း။
(၇) ဘုရားရှင်ပွင့်တော်မူနေစဉ် တရားကို သိနိုင်လောက်သည့် ဥာဏ်မရှိဘဲ ထူထူ အအ ဖြစ်နေရခြင်း။
(၈) မဇ္ဈိမဒေသ၀ယ် တတ်သိနားလည်သည့် ဥာဏ်ရှိသူဖြစ်သော်လည်း ဘုရားမပွင့်သောအခါ၌ လူဖြစ်ရခြင်း။

ရန်သူမျိုးငါးပါး

(၁) ရေ
(၂) မီး
(၃) မင်းဆိုး
(၄) သူခိုး
(၅) အမွေခံ သားဆိုး၊ သမီးဆိုး တို့ဖြစ်ပါတယ်။

လောကနီတိ အဆုံးအမအရတော့ ရန်သူမျိုး ခြောက်ပါးရှိပါတယ်။ အဲဒါတွေက

(၁) မီး
(၂) ရေ
(၃) မိန်းမ
(၄) လူမိုက်
(၅) မြွေဆိုး
(၆) မင်းမျိုးမင်းနွယ် တို့ပဲ ဖြစ်ပါတယ်။

ဝိပတ္တိတရား လေးပါး

(၁) ကာလ၀ိပတ္တိ - မင်းဆိုး မင်းယုတ် အုပ်ချုပ်သော ကာလ။
(၂) ဂတိဝိပတ္တိ - အပါယ်လေးပါး၌ လားရောက်ရခြင်း။
(၃) ဥပဓိဝိပတ္တိ - ရုပ်ဆင်းအင်္ဂါ ဟူသော ဥပဓိ ချို့တဲ့ခြင်း။
(၄) ပယောဂ၀ိပတ္တိ - (ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုကို ပယောဂ ဟုခေါ်သည်) ယင်းပယောဂ၏ ချို့တဲ့ခြင်း။

ဗျသနတရား ငါးပါး

(၁) ဥာတိဗျသန - ဆွေစုမျိုးစု ပျက်စီးခြင်း။
(၂) ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
(၃) ရောဂဗျသန - အနာရောဂါဟူသော ပျက်စီးခြင်း။
(၄) သီလဗျသန - ကိုယ်ကျင့်သီလ ပျက်စီးခြင်း။
(၅) ဒိဌိဗျသန - အယူပျက်စီးခြင်း

မဂ်ဥာဏ်

(၁) သောတာပတ္တိမဂ်
(၂) သကဒါဂါမိမဂ်
(၃) အနာဂါမိမဂ်
(၄) အရဟတ္တမဂ်

ဖိုလ်ဥာဏ်

(၁) သောတာပတ္တိဖိုလ်
(၂) သကဒါဂါမိဖိုလ်
(၃) အနာဂါမိဖိုလ်
(၄) အရဟတ္တဖိုလ်

နိဗ္ဗာန်ဟူသည်မှာ ရုပ်၊ နာမ်တို့၏ ဖြစ်မှုပျက်မှုအားလုံး ချုပ်ပျက်ဆိတ်သုဉ်း ကင်းငြိမ်းခြင်း ပင်ဖြစ်သည်။

အဲဒီအထိက သြကာသ ကန်တော့ချိုး ဒုတိယအပိုဒ်က ဆုတောင်းတွေပါ။ ဒါတွေ ဘာလို့ လေးလေးနက်နက် သိသင့်သလဲဆိုတဲ့ အချက်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဆုတောင်းခြင်းဟာ ဘုရားဆီက ဒါပေးပါလို့ တောင်းဆိုတာမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ တစ်ခုခုကို ဆုတောင်းလိုက်ပြီဆိုရင် ဒါကို ရအောင်လုပ်မယ်လို့ သန္နိဌာန်ချလိုက်သလိုပါပဲ။ `မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် မြတ်နိဗ္ဗာန်ကို အမြန်ဆုံး ရနိုင်ပါစေ` လို့ တစ်ခါဆုတောင်းလိုက်ရင် နိဗ္ဗာန်ရောက်အောင် ကျင့်ကြံအားထုတ်နိုင်ဖို့ ကိုယ့်ကိုယ်ကို တစ်ခါ သတိပေးတာပါပဲ။

နေ့တိုင်းဘုရားရှိခိုးတဲ့သူဟာ နေ့တိုင်းသတိပေးနေသလို ဖြစ်နေတဲ့အတွက် ကျင့်ကြံအားထုတ်မိလာပါတယ်။ တကယ်လို့ ဒီဘ၀မှာ ခန္ဓာမချုပ်လို့ နောင်ဘ၀ဆက်ဖြစ်လာခဲ့မယ်ဆိုရင် နိဗ္ဗာန်လမ်းကို ပိတ်ပင်တားဆီးနိုင်မယ့် အပေါ်က `အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ၀ိပတ္တိတရားလေးပါ၊ ဗျသနတရားငါးပါး` တွေနဲ့ ကင်းဖို့လိုပါတယ်။ ဒီအရာတွေကနေ ကင်းမှ၊ တရားကိုလည်း နာနိုင်မယ်၊ ယုံကြည်နိုင်မယ်၊ ကျင့်ကြံနိုင်မယ်၊ မဂ်လမ်းကို တက်နိုင်မယ်။ ဒီ့အတွက် ဒီအရာတွေကနေ ကင်းလွှတ်ဖို့ ဆုတောင်းတယ်။ ဒီအရာတွေက လွှတ်ချင်လို့ဆုတောင်းတဲ့အခါ ဒီအရာတွေဟာ ဘာတွေလဲ ဆိုတာ စိတ်က ရှင်းရှင်းလေး သိနေဖို့လိုပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေကို စုစည်းမှတ်သားချင်မိတာပါ။

နောက် ခင်ပွန်းကြီး (၁၀) ပါးကို မပြစ်မှားမိဖို့ ဆုံးမထားတာတွေ ရှိပါတယ်။ အဲဒီ ခင်ပွန်းကြီးဆယ်ပါးဟာ ဘာတွေလဲဆိုတော့

ခင်ပွန်းကြီး (၁၀) ပါး

(၁) သမ္မာသမ္ဗုဒ္ဓဘုရားရှင်
(၂) ပစ္စေကဗုဒ္ဓ
(၃) အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်
(၄) ရဟန္တာအရှင်မြတ်အပေါင်း
(၅) မိခင်
(၆) ဖခင်
(၇) လိမ္မာစေရန် ကျိုးကြောင်းပြ ဆုံးမတတ်သော ဆရာ
(၈) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိသော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်
(၉) တရားဓမ္မတို့ကို ဟောပြောပေးတတ်သော ဆရာ
(၁၀) ထမင်းတစ်လုတ်၊ ရေတစ်မှုတ်ဖြင့် ကျေးဇူးပြုဖူးသော ကျေးဇူးရှင်

တို့ပင်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် လောကနီတိပါ ဆုံးမစကားများထဲမှာ ကိုယ်နဲ့ အကိုက်ဆုံး ဂါထာပုဒ်လေးကို ရေးပြချင်ပါတယ်။

---- လူသိရှင်ကြားမပြောရာ -----

- စီးပွားပျက်စီးသွားခြင်း
- စိတ်နှလုံး ပူပန်ခြင်း
- မယားဖြစ်သူ ဖောက်ပြန်ခြင်း
- အလှည့်စားခံရခြင်း
- မထီမဲ့မြင် အပြုခံရခြင်း

ပညာရှိတို့သည် ဤငါးချက်ကို လူသိရှင်ကြားမပြောဆိုရာ။

ဆိုတာလေးပါ။ တစ်ခုခုဖြစ်တိုင်း ထစ်ကနဲ ဘလော့ခ်ပေါ်တက်ရေးချင်နေတဲ့ ကိုယ့်အကျင့်ကို မြင်ယောင်မိပြီး ပြုံးမိပါတယ်။ လိုက်နာကျင့်သုံးနိုင်အောင်လည်း ကြိုးစားပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ....

ခင်မင်လျက်
နေ၀သန်

ခင်ပွန်းကြီး ဆယ်ပါးကို ဤနေရာမှ မှတ်သားမိပါသည်။
သြကာသ ကန်တော့ချိုးရှင်းလင်းချက်ကို မောင်အေးချမ်းဆီမှ ယူပါသည်။